ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ တိုက်ခိုက်ခဲ့တဲ့ Virus ကို တွေ့ရှိပြီဖြစ်ကြောင်း Cyber Security အဖွဲ့အစည်းများ အတည်ပြု

date_range 13 February 2018

ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ တိုက်ခိုက်ခဲ့တဲ့ Virus ကို တွေ့ရှိပြီဖြစ်ကြောင်း Cyber Security အဖွဲ့အစည်းများ အတည်ပြု

visibility 700 Views

                အမေရိကန် အခြေစိုက် Cyber Security အဖွဲ့အစည်းတွေ အနေနဲ့ ပြီးခဲ့တဲ့အပတ် သောကြာနေ့က ကျင်းပခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ တိုက်ခိုက်ခဲ့တဲ့ “Olympic Destroyer” လို့ အမည်ပေးထားတဲ့ Computer Virus တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း တနင်္လာနေ့က အတည်ပြု ပေးခဲ့ပါတယ်။ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ တာဝန်ရှိသူတွေ အနေနဲ့လည်း တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို တိုက်ခိုက်ခံခဲ့ရတာကြောင့် အင်တာနက်လိုင်းနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုပိုင်းမှာ နှောင့်နှေးခဲ့ပေမယ့် သိသိသာသာ ထိခိုက်နစ်နာမှုမျိုးတော့ မရှိခဲ့ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

                    အခု တိုက်ခိုက်မှုရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေနဲ့ ပက်သတ်ပြီး အသေးစိတ် ပြောကြားခဲ့ခြင်း မရှိသလို “Olympic Destroyer” နဲ့ ပက်သတ်ပြီး အသေးစိတ် ထုတ်ပြန်ကြေငြာခဲ့ခြင်းလည်း မရှိပါဘူး။ ဒါပေမယ့် တိုက်ခိုက်ခံရမှုကြောင့် ဖြစ်ပွားခဲ့တဲ့ ပြဿနာ အားလုံးကို စနေနေ့ထဲက ဖြေရှင်းပြီးသွားပြီဖြစ်ကြောင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့ပါတယ်။ Cyber Security အဖွဲ့အစည်းတွေဖြစ်တဲ့ Cisco Systems၊ CrowdStrike၊ FireEye စတဲ့ အဖွဲ့အစည်း တွေက လေ့လာစမ်းသပ်သူတွေကတော့ သူတို့ရဲ့ Blog တွေမှာ သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ Code တွေကို အသေးစိတ် လေ့လာစမ်းသပ်ပြီးပြီ ဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

                    Cyber Security ကုမ္ပဏီ သုံးခုလုံးမှ ပြောကြားချက်များအရ "Olympic Destroyer" ကို Computer တွေ Offline ဖြစ်သွားစေဖို့နဲ့ Computer ထဲမှာရှိတဲ့ အရေးကြီး System Files တွေကို ဖျက်ပစ်နိုင်ဖို့အတွက် ဒီဇိုင်းဆွဲထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကုမ္ပဏီ သုံးခုလုံး အနေနဲ့ အခုတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ပါဝင်နေတယ်ဆိုတာကို မသိပါဘူးလို့ ငြင်းဆိုသွားခဲ့ပါတယ်။

                    တိုက်ခိုက်ခံရမှုကြောင့် Olympic Website လည်း Offline ဖြစ်သွားခဲ့ပြီး အိုလံပစ်ပြိုင်ပွဲကို လာရောက်ကြည့်ရှုမယ့် ပရိသတ်အချို့ အနေနဲ့ လက်မှတ်ထုတ်ယူလို့ မရခဲ့သလို ပြိုင်ပွဲတစ်လျောက် သတင်းရယူရန်အတွက် သတင်းထောက်တွေကို အသုံးပြုခွင့် ပေးထားတဲ့ Wi-Fi System လည်း အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ အသုံးပြုနိုင်ခဲ့ခြင်း မရှိဘူးလို့ Cisco ရဲ့ ပြောကြားချက်များအရ သိရပါတယ်။

                အခုလို တိုက်ခိုက်ခံရမှုကြောင့် ဖွင့်ပွဲအခမ်းအနားမှာ ပြသသွားမယ့် Drone ပြပွဲကို ထိခိုက်ခဲ့ခြင်း မရှိပေမယ့်လည်း အိုလံပစ်ပြိုင်ပွဲ တာဝန်ရှိသူတွေက ပြသသွားခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ Drone ပြပွဲ ကျင်းပမယ့် နေရာမှာ ပရိသတ်တွေ များပြားလွန်းနေတာကြောင့် အစီအစဥ်ကို ဖျက်သိမ်းခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

References
Gadgets NDTV
About Author
Assinged Tags
Virus Malwares Cyber Security Cyber Attack Winter Olympics Olympics Destroyer
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed