Webcam ကနေ ဗီဒီယိုတွေ ခိုးယူရိုက်ကူးမှာကို ကြောက်သူတွေအတွက် Webcam Cover ပါဝင်တဲ့ HP ရဲ့ 5th Gen EliteBook

date_range 09 February 2018

Webcam ကနေ ဗီဒီယိုတွေ ခိုးယူရိုက်ကူးမှာကို ကြောက်သူတွေအတွက် Webcam Cover ပါဝင်တဲ့ HP ရဲ့ 5th Gen EliteBook

visibility 600 Views

                HP (Hewlett-Packard) အနေနဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့တုန်းက မော်နီတာ အသစ်တွေ၊ Laptop အသစ်တွေကို မိတ်ဆက် ပေးသွားခဲ့ပါတယ်။ အသစ် မိတ်ဆက်ပေးသွားခဲ့တဲ့ Laptop တွေ၊ မော်နီတာတွေထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ Laptop မော်ဒယ်တွေကတော့ အသုံးမလိုတဲ့ အချိန်မှာ Webcam ကို ကာထားပေးမယ့် သတ္တုနဲ့ပြုလုပ်ထားတဲ့ Webcam Cover (Webcam အဖုံး) တွေ ပါဝင်လာတဲ့ 5th Gen EliteBook 830, 840, 850 တို့ပဲ ဖြစ်ပါတယ်။


                ဒီလိုမျိုး Webcam Cover ကို ထည့်သွင်းပေးရတဲ့ ရည်ရွယ်ချက်ကတော့ နည်းပညာတွေ အဆင့်ဆင့် တိုးတက်ပြောင်းလဲ လာတာနဲ့အမျှ Hacker တွေအနေနဲ့ Laptop တွေ၊ Desktop တွေ၊ စမတ်ဖုန်းတွေ ကို ပိတ်ထားတဲ့ အချိန်မှာတောင် Webcam တွေ၊ Camera တွေကို အလိုအလျှောက် Access ရယူနိုင်ပြီး ဗီဒီယိုတွေကို တိတ်တဆိတ် ရိုက်ကူးနိုင်တာကြောင့် မလိုလားအပ်တဲ့ အန္တရာယ်တွေနဲ့ မကြုံတွေ့ရလေအောင် 5th Gen EliteBooks မော်ဒယ် ၃ မျိုးစလုံးမှာ Webcam Cover တွေကို Built-In ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

                ဆိုတော့ Mark Zuckerberg လို Webcam ကို တိပ်နဲ့ကပ်ထားစရာ မလိုတော့ပါဘူး။ အသုံးမလိုတဲ့ အချိန်ကျရင် Webcam Cover လေးနဲ့ အဆင်သင့် ပိတ်လိုက်ရုံပါပဲ။ ဒါပေမယ့် ဒီလိုမျိုး Webcam Cover တွေ ထည့်သွင်းပေးတာ HP တစ်ခုတည်း မဟုတ်ပါဘူး။ Lenovo ကလည်း ThinkPad Laptop မော်ဒယ်အချို့မှာ Webcam Cover ကို Built-In အနေနဲ့ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။


                ဒါပေမယ့် 5th Gen EliteBook Touchscreen မော်ဒယ်တွေမှာတော့ Bezel တွေ နည်းသွားတာ ဖြစ်တဲ့အတွက် Webcam Cover အတွက် နေရာမလောက်တာကြောင့် ထည့်သွင်းပေးလို့ မရဘူးလို့ HP က ပြောထားပါတယ်။ ဒါကြောင့် 5th Gen EliteBook Touchscreen မော်ဒယ်တွေမှာတော့ Webcam Cover ပါဝင်မှာ မဟုတ်ပါဘူး။


                5th Gen EliteBook တွေဟာ အရင်တုန်းက ထွက်ရှိထားတဲ့ 4th Gen EliteBook တွေထက် Bezel တွေ ပိုနည်းသွားမှာ ဖြစ်ပြီး ၁၅ လက်မ အရွယ်အစားရှိ 4th Gen Elitebook 850မှာ အသုံးပြုခဲ့တဲ့ AMD ရဲ့ Radeon RX 540 Graphic Card လည်း ၁၄ လက်မ အရွယ်အစားရှိ 5th Gen EliteBook 840 မှာ Built-In အနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၃ လက်မ အရွယ်အစားရှိ 5th Gen EliteBook 830 မှာတော့ Integrated Intel GPU သာ ပါဝင်ဦးမှာ ဖြစ်ပါတယ်။


                4th Gen EliteBook တွေကို အဆင့်မြှင့်တင်ထားတယ် ဆိုတဲ့အတိုင်း 5th Gen EliteBook 830, 840, 850 တို့မှာ Intel ရဲ့ 8th Generation CPU တွေကို အစားထိုး အသုံးပြုထားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Display ပိုင်းမှာလည်း 4th Gen EliteBook တွေတုန်းက Display ထက် ပိုမို ကောင်းမွန်တဲ့ Display ကို အစားထိုး အသုံးပြုထားတာ ဖြစ်တယ်လို့ သိရပါတယ်။ Resolution ပိုင်းမှာတော့ 830 မှာ Full HD Resolution ကို ရရှိမှာဖြစ်ပြီး 840 နဲ့ 850 တို့မှာတော့ 4K Resolution အထိ Support ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

                အခု အသစ်မိတ်ဆက်ပေးခဲ့တဲ့ 5th Gen EliteBook တွေကို HP အနေနဲ့ နည်းပညာ ကုမ္ပဏီတွေကို အဓိကထား ရောင်းချနိုင်ဖို့အတွက် ရည်ရွယ်ပြီး မိတ်ဆက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သာမန် အသုံးပြုသူတွေ အနေနဲ့ ဝယ်ယူချင်တယ် ဆိုရင်လည်း HP ရဲ့ Webstore ကနေ တစ်ဆင့် ဝယ်ယူနိုင်မှာပါ။ 5th Gen EliteBook မော်ဒယ် ၃ မျိုးလုံးကို ယခုလထဲမှာ ကန်ဒေါ်လာ ၁,၀၂၉ ကနေ စတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
The Verge
About Author
Assinged Tags
HP HP Laptops Webcam
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed