ပေါက်ကွဲမှုဒဏ် ခံနိုင်သလို Battery လည်း ၁၇ နာရီကျော် အသုံးခံမယ့် Panasonic ရဲ့ Toughbook CF-20 Mark 2

date_range 08 February 2018

ပေါက်ကွဲမှုဒဏ် ခံနိုင်သလို Battery လည်း ၁၇ နာရီကျော် အသုံးခံမယ့် Panasonic ရဲ့ Toughbook CF-20 Mark 2

visibility 680 Views

                Toughbook ဆိုတာကတော့ Panasonic အနေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ၊ ရှေ့တန်း စစ်မျက်နှာပြင်တွေ၊ ပေါက်ကွဲလွယ်တဲ့ လုပ်ငန်းခွင်တွေမှာ အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ အကြမ်းခံ Laptops, Tablets, 2-In-1, Smartphone Series တွေပဲ ဖြစ်ပါတယ်။ အခုအခါမှာတော့ Panasonic အနေနဲ့ Toughbook အဖွဲ့ဝင် ၁၀.၁ လက်မ အရွယ်အစားရှိ CF-20 ကို အဆင့်မြှင့်တင်ထားတဲ့ CF-20 Mark 2 ကို ထပ်မံ မိတ်ဆက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။


                အရင်တုန်းက ထွက်ရှိထားတဲ့ CF-20 မှာလိုပဲ CF 20 Mark 2 မှာ ၁၀.၁ လက်မ အရွယ်အစားရှိတဲ့ Display ကို ဆက်လက် အသုံးပြုထားပါတယ်။ CF 20 Mark 2 မှာ Feature အသစ်အနေနဲ့ Visual နဲ့ IR Sensor ပါဝင်ပြီး Windows Hello အသုံးပြုနိုင်တဲ့ Front Camera ပါဝင်လာပါတယ်။ CF-20 တုန်းက Keyboard ထက် ၈ ရာခိုင်နှုန်း ပိုမိုကြီးမားတဲ့ Keyboard Keys တွေကို အသုံးပြုထားတဲ့ အတွက်ကြောင့် Keyboard အသုံးပြုတဲ့ အခါမှာလည်း ပိုမို လွယ်ကူစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


                CF-20 Mark 2 ဟာ  2-In-1 Laptop တစ်လုံးဖြစ်တဲ့ အပြင် Tablet အထဲမှာ Battery တစ်လုံး၊ Keyboard အောက်မှာ Battery တစ်လုံး ပါဝင်တာ ဖြစ်တာကြောင့် Battery ၁၇ နာရီကျော် အသုံးခံတယ်လို့ သိရပါတယ်။ CF-20 Mark 2 မှာ Intel Core i5-7Y57 vPro Processor ကို အသုံးပြုထားပြီး RAM 8GB နဲ့ 256GB SSD ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ၁၀.၁ လက်မ အရွယ်အစားရှိ Screen ကို အသုံးပြုထားပေမယ့် Resolution အနေနဲ့ကတော့ (1920 x 1200 Pixels) Resolution သာ ရရှိမှာ ဖြစ်ပါတယ်။


                CF-20 Mark 2 ဟာ 2-In-1 Laptop တစ်လုံး ဖြစ်တဲ့အတွက် Tablet လိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပြီး အခြား 2-In-1 Laptop တွေနဲ့ မတူတာကတော့ CF-20 Mark 2 ကို လက်အိပ် ဝတ်ထားတဲ့ အချိန်မှာတောင် Touchscreen ကို အဆင်ပြေပြေ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် Toughbook တွေကို ရဲတွေ၊ မီးသတ်သမားတွေ၊ ဆောက်လုပ်ရေးဝန်ထမ်းတွေ၊ စစ်သားတွေ အသုံးပြုဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်တာကြောင့် အရေးပေါ် အခြေအနေမှာ ဆက်သွယ်နိုင်ဖို့အတွက် 4G LTE Support လည်း ပါဝင်မှာ ဖြစ်ပါတယ်။


                Panasonic ရဲ့ အခြား Toughbook မော်ဒယ်တွေလိုပဲ CF-20 Mark 2 ဟာ စစ်တပ် အသိအမှတ်ပြု MIL-STD-810G ရရှိထားပါတယ်။ MIL-STD-810G အသိအမှတ်ပြု ဆိုတဲ့အတိုင်း CF-20 Mark 2 မော်ဒယ်ဟာ အမြင့်ကနေ ပြုတ်ကျတဲ့ဒဏ် ခံနိုင်မယ်၊ တုန်ခါမှုဒဏ် ခံနိုင်မယ်၊ မိုးစို ခံနိုင်မယ်၊ သဲတွေ၊ ဖုန်တွေ ဝင်ရောက်မှုဒဏ် ခံနိုင်မယ်၊ အအေးဒဏ်ခံနိုင်မယ်၊ အပူချိန် ရုတ်တရက် မြင့်တက်သွားခြင်း၊ နိမ့်ကျသွားခြင်း စတဲ့ ရာသီဥတု ဖောက်လွှဲဖောက်ပြန်ဖြစ်တဲ့ အခြေအနေမျိုးမှာ အသုံးပြုနိုင်မယ်၊ ခရမ်းလွန်ရောင်ခြည် ဒဏ်ခံနိုင်မယ်၊ စိုထိုင်းမှုဒဏ်တွေ ခံနိုင်မှာ ဖြစ်တဲ့အပြင် ပေါက်ကွဲမှုဒဏ်ပါ ခံနိုင်မှာ ဖြစ်ပါတယ်။


                ဒါပေမယ့် Toughbook တွေရဲ့ ထုံးစံအတိုင်း CF-20 Mark 2 ကို အခြား Laptop တွေ၊ Notebook တွေလို ကြိုက်တဲ့ဆိုင်မှာ သွားရောက် ဝယ်ယူနိုင်မှာတော့ မဟုတ်ပါဘူး။ Panasonic အသိအမှတ်ပြု ဆိုင်တွေမှာပဲ CF-20 Mark 2 ကို စျေးနှုန်း ကန်ဒေါ်လာ ၃,၀၉၉ ဒေါ်လာ (မြန်မာငွေ ၄၁ သိန်း ဝန်းကျင်) နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။


This Article is contributed by Phyo Kyaw Swar.
References
The Verge
About Author
Assinged Tags
Hybrid Laptop Panasonic Panasonic Toughbook Series Toughbook CF-20 Toughbook CF-20 Mark 2
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed