မီးလောင်ပေါက်ကွဲမှု အန္တရာယ် ရှိနိုင်တဲ့အတွက် 5th Gen ThinkPad X1 Carbon Laptop တွေကို ပြန်လည်သိမ်းဆည်းနေရတဲ့ Lenovo

date_range 08 February 2018

မီးလောင်ပေါက်ကွဲမှု အန္တရာယ် ရှိနိုင်တဲ့အတွက် 5th Gen ThinkPad X1 Carbon Laptop တွေကို ပြန်လည်သိမ်းဆည်းနေရတဲ့ Lenovo

visibility 360 Views

                နည်းပညာ ကုမ္ပဏီကြီးတွေ အနေနဲ့ ပစ္စည်းတွေထုတ်လုပ်တဲ့ နေရာမှာ သတ်သတ်မှတ်မှတ် ကြီးကြပ်စစ်ဆေးဖို့ အရမ်း အရေးကြီးပါတယ်။ ဒီလိုမျိုး သတ်သတ်မှတ်မှတ် မကြီးကြပ်၊ မစစ်ဆေးခဲ့တဲ့ အကျိုးဆက်ကြောင့် အသုံးပြုတွေ အတွက် အန္တရာယ်တွေ ရှိနိုင်သလို၊ ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းသွားနိုင်ပါတယ်။

                Lenovo ရဲ့ 5th Gen ThinkPad X1 Carbon Laptop တွေ ထုတ်လုပ်ခဲ့ချိန်တုန်းက ဝက်အူတွေကို သေချာမကျပ်ခဲ့မိတာကြောင့် Battery ကို ထိခိုက်နိုင်ပြီး မီးလောင်ပေါက်ကွဲမှု အန္တရာယ် ရှိနိုင်တဲ့အတွက် ပြန်လည်သိမ်းဆည်းရတော့မှာ ဖြစ်ပါတယ်။ Lenovo ရဲ့ ပြောကြားချက်အရ အခုအချိန်မှာ မီးလောင်ပေါက်ကွဲမှု အန္တရာယ် ရှိနိုင်တဲ့ 5th Gen ThinkPad X1 Carbon Laptop အရေအတွက် အလုံးရေ ၈၃,၅၀၀ ခန့် ရှိမယ်လို့ သိရပါတယ်။

                ဒီဇင်ဘာ ၂၀၁၆ ကနေ အောက်တိုဘာ ၂၀၁၇ ကြားထဲမှာ ထုတ်လုပ်ရောင်းချခဲ့တဲ့ 5th Gen ThinkPad X1 Carbon Laptop တွေမှာသာ မီးလောင်ပေါက်ကွဲမှု အန္တရာယ် ရှိနိုင်ပြီး ၂၀၁၇ နိုဝင်ဘာလ ၁ ရက်နေ့နဲ့ ၁ ရက်နေ့နောက်ပိုင်း ထုတ်လုပ်ရောင်းချခဲ့တဲ့ 5th Gen ThinkPad X1 Carbon Laptop တွေမှာတော့ ဘာပြဿနာမှ မရှိဘူးလို့ Lenovo က ပြောထားပါတယ်။

                အကယ်လို့ မိမိရဲ့ 5th Gen ThinkPad X1 Carbon Laptop မှာ မီးလောင်ပေါက်ကွဲမှု အန္တရာယ် ရှိနိုင်လား ဆိုတာကို သိချင်ရင်တော့ Lenovo Support Website မှာ Machine Type နံပါတ်နဲ့ Serial နံပါတ်ကို ရိုက်ထည့်ပြီး  စစ်ဆေးနိုင်ပါတယ်။ Machine Type နံပါတ်ကို မရှာတတ်တဲ့သူတွေ အတွက်လည်း အောက်ကပုံတွေမှာ ပြထားတဲ့အတိုင်းပဲ Lenovo က နမူနာပုံတွေလည်း လုပ်ပေးထားပါတယ်။

                Lenovo အဆိုအရ Machine Type နံပါတ် 20HQ, 20HR, 20K3, 20K4 တို့မှာပဲ မီးလောင်ပေါက်ကွဲမှု အန္တရာယ် ရှိနိုင်တယ်လို့ သိရပါသေးတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး Lenovo ကတော့

                “နိုင်ငံတကာက အသုံးပြုနေသူတွေ ဆီကနေ အပူချိန်လွန်ကဲမှု ပြဿနာရှိနေတယ်ဆိုတဲ့ Report တွေကို Lenovo မှ ရရှိခဲ့ပြီး စစ်ဆေးကြည့်တဲ့အခါမှာတော့ ထုတ်လုပ်ခဲ့တုန်းက ဝက်အူတွေကို သေချာမကျပ်ခဲ့မိတာကြောင့် ဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။ ဒါပေမယ့် အခုအချိန်ထိအောင်တော့ ထိခိုက်မှုတွေ၊ ပျက်စီးမှုတွေနဲ့ ပက်သက်တဲ့ Report တွေကိုတော့ မရရှိသေးပါဘူး”

လို့ ပြောကြားထားပါတယ်။

                ပြန်လည် သိမ်းဆည်းရေးလုပ်ငန်းတွေကို Lenovo အနေနဲ့ အမေရိကန်နိုင်ငံရဲ့ Cosumer Product Safety Commission (CPSC) နဲ့အတူ ကနေဒါနိုင်ငံက အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ CPSC Website မှာ ရေးသားထားချက်များအရ အခုလောလောဆယ်မှာ မီးလောင်ပေါက်ကွဲမှု အန္တရာယ် ရှိနိုင်တဲ့ 5th Gen ThinkPad X1 Carbon Laptop အရေအတွက် အမေရိကန်နိုင်ငံမှာ အလုံးရေ ၇၈,၀၀၀ ခန့်ရှိနေပြီး ကနေဒါနိုင်ငံမှာတော့ အလုံးရေ ၅,၅၀၀ ခန့် ရှိနေတယ်လို့ သိရပါတယ်။

References
Gadgets NDTV NotebookReviews
About Author
Assinged Tags
Lenovo Battery Lithium-Ion Battery Battery Issue Battery Explosion Battery Explodes Lenovo ThinkPad Hardware Issue
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed