လူသုံးအများဆုံး Android Version ဖြစ်လာတဲ့ Android Nougat

date_range 06 February 2018

လူသုံးအများဆုံး Android Version ဖြစ်လာတဲ့ Android Nougat

visibility 560 Views

                Android Nougat ဟာ စတင် ထုတ်လုပ်ခဲ့တဲ့ အချိန်ကနေ ၁၈ လ ဆိုတဲ့ အချိန်ကာလ ကြာမြင့်တဲ့ အခါမှာတော့ လက်ရှိအချိန်ရဲ့ လူသုံးအများဆုံး Android Version ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ အတွက် ထုတ်ဝေပေးခဲ့တဲ့ Android Distribution Chart အရ Nougat ဟာ ဇန်နဝါရီလတုန်းက လူသုံးအများဆုံး Android Version ဖြစ်ခဲ့တဲ့ Marshmallow ဆီကနေ သရဖူကို လွှဲပြောင်း ရယူနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

                Google က ဖေဖေါ်ဝါရီလအတွက် ထုတ်ဝေပေးခဲ့တဲ့ Android Distribution Chart မှာ ဖေါ်ပြထားချက်များအရ Nougat က လက်ရှိအချိန်မှာ Android စျေးကွက်တစ်ခုလုံးရဲ့ ၂၈.၅ ရာခိုင်နှုန်းကို ရယူထားပြီး Marshmallow ကတော့ ၂၈.၁ ရာခိုင်နှုန်း ရယူထားတယ်လို့ သိရပါတယ်။ တတိယနေရာမှာတော့ Lollipop က ၂၄.၆ ရာခိုင်နှုန်းနဲ့ ရပ်တည်နေပါတယ်။


                Android 7.0 Nougat မှာ Version နှစ်မျိုးရှိတဲ့ အထဲကမှ ယခင်လတုန်းက ၂၁.၁ ရာခိုင်နှုန်းသာ ရှိခဲ့တဲ့ Nougat 7.0 က ၂၂.၃ ရာခိုင်နှုန်း၊ ၅.၂ ရာခိုင်နှုန်းသာ ရှိခဲ့တဲ့ Nougat 7.1 က ၆.၂ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ Nougat ဟာ Android စျေးကွက်ထဲမှာ အသုံးများတဲ့ Android Version အဖြစ် တဖြည်းဖြည်းနဲ့ မြင့်တက် လာခဲ့တာ ဖြစ်ပါတယ်။ 

                ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက Android 7.0 နဲ့ Android 7.1 နှစ်ခုပေါင်း ရာခိုင်နှုန်း ၂၀.၆ ရာခိုင်နှုန်းသာ ရှိခဲ့တာဖြစ်ပြီး ဒီဇင်ဘာလမှာ ၂၃.၃ ရာခိုင်နှုန်း၊ ဇန်နဝါရီလမှာ ၂၆.၃ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ရာကနေ ယခု ဖေဖေါ်ဝါရီလမှာတော့ ၂၈.၅ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

                စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ ၂၀၁၃ ခုနှစ်မှာ စတင်မိတ်ဆက်ပေးခဲ့တဲ့ Android 4.4 KitKat အနေနဲ့ ငါးနှစ်အကြာ ၂၀၁၈ ခုနှစ်အထိ ၁၂.၈ ရာခိုင်နှုန်းနဲ့ နံပါတ်လေး နေရာမှာ ရပ်တည် နေနိုင်သေးတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ၇ နှစ် သက်တမ်းရှိပြီ ဖြစ်တဲ့ Gingerbread ကလည်း အသုံးပြုသူ ၀.၃ ရာခိုင်နှုန်း ရှိနေတုန်းပဲ ဖြစ်ပါတယ်။

                Google အနေနဲ့ Android Distribution Chart ကို Google Play App အသုံးပြုတဲ့ Device တွေ အပေါ် အခြေခံပြီး ထုတ်ဝေပေးခဲ့တာ ဖြစ်ပါတယ်။ Google Play App ကို အသုံးပြုချင်တယ် ဆိုရင်တော့ Android 2.2 နဲ့ အထက် လိုအပ်မှာ ဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ Oreo ကတော့ စတင်ထွက်ရှိခဲ့တဲ့ ၂၀၁၇ သြဂုတ်လ ကနေစပြီး လက်ရှိအချိန်ထိ၊ အသုံးပြုသူဦးရေ သိသိသာသာ မြင့်တက်သွားခြင်း မရှိသေးပါဘူး။ Oreo ကို လက်ရှိအချိန်မှာ အသုံးပြုသူ ၁.၁ ရာခိုင်နှုန်းသာ ရှိပါတယ်။

                ဇန်နဝါလနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ အသုံးပြုသူ ၀.၄ ရာခိုင်နှုန်းခန့် မြင့်တက်လာတယ်လို့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက Oreo အသုံးပြုသူ ၀.၂ ရာခိုင်နှုန်းသာ ရှိခဲ့တာကြောင့် တော်တော်ကြီးကို တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။ အသစ်ထွက်ရှိလာမယ့် စမတ်ဖုန်း တော်တော်များများကို Oreo နဲ့ပဲ ပွဲထုတ်ကြမှာ ဖြစ်တာကြောင့် တဖြည်းဖြည်းနဲ့တော့ အသုံးပြုသူ ရာခိုင်နှုန်း မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

                ပြိုင်ဘက် iOS မှာတော့ Apple ရဲ့ ထုတ်ပြန် ကြေငြာချက်များအရ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက နောက်ဆုံးထွက်ရှိထားတဲ့ iOS 11 ကို အသုံးပြုနေတဲ့ iPhone, iPad, iPod Touch Devices ရာခိုင်နှုန်း ၆၅ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ iOS 10 ကို အသုံးပြုထားတဲ့ Device ကတော့ ၂၈ ရာခိုင်နှုန်းပဲ ရှိတယ်လို့ သိရပါတယ်။

References
Gadgets NDTV
About Author
Assinged Tags
Android Android Nougat Android Lollipop Android Marshmallow Android Market Android Oreo Android Distribution Chart
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed