နိုင်ငံအတွင်း Cryptocurrency ရောင်းဝယ်ဖောက်ကားမှု အားလုံးကို ပိတ်ဆို့ပစ်တော့မယ့် တရုတ်အစိုးအရ

date_range 06 February 2018

နိုင်ငံအတွင်း Cryptocurrency ရောင်းဝယ်ဖောက်ကားမှု အားလုံးကို ပိတ်ဆို့ပစ်တော့မယ့် တရုတ်အစိုးအရ

visibility 620 Views

                တရုတ်အစိုးရ အနေနဲ့ နိုင်ငံအတွင်း Cryptocurrency ရောင်းဝယ် ဖောက်ကားမှု အားလုံးကို ပိတ်ဆို့ပစ်ရန် အတွက် အခုအချိန်ကစပြီး ပြည်ပက Cryptocurrency Trading Website အားလုံးကို တရုတ်နိုင်ငံအတွင်းကနေ အသုံးပြုခွင့်မရအောင် ပိတ်ဆို့သွားတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Cryptocurrency Trading Apps တွေကိုလည်း သက်ဆိုင်ရာ တရုတ်နိုင်ငံ App Stores တွေကနေ ဖယ်ရှားပစ်တော့မှာ ဖြစ်ပါတယ်။

                Financial News ရဲ့ ဖေါ်ပြချက်များအရ ယခုကိစ္စကို တရုတ်ပြည်သူ့ဘဏ်မှ ကိုင်တွယ်သွားမှာ ဖြစ်ပြီး ပြည်သူ့ဘဏ်ကိုယ်တိုင် ကိုင်တွယ်ရတဲ့ ရည်ရွယ်ချက်ကလည်း Cryptocurrency ကျဆုံးခန်းမှာ တရုတ်ပြည်သူ၊ ပြည်သားတွေလည်း ဆုံးရှုံးနစ်နာမှု မရှိစေဖို့နဲ့ တရုတ်နိုင်ငံအတွင်း Digital Coins တွေ ခေတ်စားလာမှုကို အမြစ်ပြတ် ချေမှုန်းပစ်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

                ဒါ့အပြင် တရုတ်နိုင်ငံ ပြင်ပက Cryptocurrency Trading Platform တွေမှာ Digital Coin တွေ ရောင်းဝယ်ဖောက်ကားနေတဲ့ တရုတ်နိုင်ငံသူ၊ နိုင်ငံသား အားလုံးကိုလည်း အစိုးရကိုယ်တိုင်က ပြင်းထန်စွာ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က စတင်ပြီး တရုတ်အာဏာပိုင်တွေအနေနဲ့ နိုင်ငံတွင်းမှာ Cryptocurrency ရောင်းဝယ်ဖောက်ကားနေကြတဲ့ ကုမ္ပဏီတော်တော်များများကို ဖျက်သိမ်းပစ်ခဲ့တာကြောင့် တရုတ်နိုင်ငံရဲ့ Cryptocurrency ရှယ်ယာ ရာခိုင်နှုန်းဟာ ၉၀ ရာခိုင်နှုန်းကနေ ၁ ရာခိုင်နှုန်းအောက်အထိ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

                အခုလိုမျိုး Cryptocurrency ရောင်းဝယ်ဖောက်ကားမှုနဲ့ ပက်သတ်ပြီး ပြင်းထန်တဲ့ ဥပဒေတွေ ပြဌာန်း လိုက်တာကြောင့် တရုတ်နိုင်ငံက Cryptocurrency Trader တွေ အနေနဲ့ ဟောင်ကောင်၊ ဂျပန် စတဲ့ ပြည်ပနိုင်ငံတွေမှာ Cryptocurrency Trading ကို ဆက်လက် လုပ်ဆောင်နေကြရတယ်လို့ သိရပါတယ်။ အခုလို နိုင်ငံခြား Cryptocurrency Trading Website တွေနဲ့ Apps တွေကို ဖယ်ရှားပစ်ခဲ့တဲ့ အဓိက ရည်ရွယ်ချက်ကလည်း နိုင်ငံတွင်းမှာတင် မဟုတ်ပဲ နိုင်ငံပြင်ပက Cryptocurrency Trading လုပ်ဆောင်နေတဲ့ သူတွေကိုပါ ဖမ်းဆီး အရေးယူနိုင်ရန် အတွက်ဖြစ်တယ်လို့လည်း သိရပါတယ်။

                တရုတ်အာဏာပိုင် အဖွဲ့အစည်းတွေ အနေနဲ့ တရုတ်နိုင်ငံတွင်းက Telecommunications ကုမ္ပဏီတွေနဲ့ လက်တွဲပြီး တရားမဝင် Digital Coins ရောင်းဝယ်ဖောက်ကားနေတဲ့ Websites တွေ၊ Mobile Apps တွေကို ဖယ်ရှားသွားမှာ ဖြစ်ပြီး နိုင်ငံခြား Cryptocurrency Trading Platforms တွေ Website တွေကိုလည်း အရေးယူသွားမှာ ဖြစ်ပါတယ်။

                တရုတ်ပြည်သူ့ဘဏ် အနေနဲ့ Online ငွေပေးချေမှု ဝန်ဆောင်မှုတွေ ပေးနေတဲ့ ကုမ္ပဏီတွေကိုလည်း Cryptocurrency Trading အတွက် ငွေပေးချေမှုတွေ တိတ်တဆိတ် မပြုလုပ်စေရန်အတွက် သက်ဆိုင်ရာ ဌာနတွေကို ဂရုတစိုက် စောင့်ကြည့်ဖို့အတွက် အမိန့်ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် တရုတ်ပြည်တွင်း ဘဏ်တွေအနေနဲ့ Cryptocurrency Trading မှာ ပါဝင် ပက်သတ်ခဲ့မယ် ဆိုရင် မကြာသေးခင် အချိန်က Cryptocurrency Trading နဲ့ ပတ်သတ်ပြီး အသစ်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ငြိစွန်းမှာ ဖြစ်တယ်လို့ သတိပေးခဲ့ပါသေးတယ်။

                လက်ရှိအချိန်မှာတော့ Cryptocurrency အမျိုးအစားတွေထဲမှာ လူသုံးအများဆုံးဖြစ်တဲ့ Bitcoin အနေနဲ့ 1 Bitcoin ကို ကန်ဒေါ်လာ ၆,၀၉၄.၅၄ အထိ ကျဆင်းလာပြီ ဖြစ်တဲ့အပြင် တရုတ်နိုင်ငံ၊ တောင်ကိုးရီးယားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေမှာ Cryptocurrency နဲ့ ပက်သတ်တဲ့ စည်းမျဥ်းစည်းကမ်း အသစ်တွေကို စတင် ပြဌာန်းလာကြပြီ ဖြစ်တာကြောင့်  Cryptocurrency တွေဟာ တဖြည်းဖြည်းနဲ့ ကွယ်ပျောက်သွားနိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV amazonaws
About Author
Assinged Tags
BitCoin Cryptocurrency Cryptocurrency Exchange Cryptocurrency Mining
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed