Nokia 3310 4G ကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်ပေးလိုက်တဲ့ Nokia

date_range 01 February 2018

Nokia 3310 4G ကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်ပေးလိုက်တဲ့ Nokia

visibility 540 Views

                Nokia Smartphone တွေကို ထုတ်လုပ်ပေးနေတဲ့ HMD Global အနေနဲ့ တချိန်က အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ Nokia 3310 ကို 4G ကွန်ယက်စနစ် ထောက်ပံ့ပေးနိုင်တဲ့ ဖုန်းတစ်လုံးအဖြစ် ပြန်လည် အသက်သွင်းပြီး တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီ့အရင် Nokia 3310 2G ကို ၂၀၁၇ ခုနှစ် မေလက အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး Nokia 3310 3G ကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ထပ်မံ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

                Nokia 3310 4G ဟာ Nokia 3310 2G နဲ့ Nokia 3310 3G တို့နဲ့ ယှဉ်မယ်ဆိုရင် ကွန်ယက်ထောက်ပံ့မှု စနစ် ပိုမိုအဆင့်မြင့်လာတဲ့အပြင် Operating System ပိုင်းလည်း ပြောင်းလဲထားတာကို တွေ့ရပါတယ်။ Nokia 3310 2G မှာ Nokia Series 30+ OS ကို အသုံးပြုခဲ့တာ ဖြစ်ပြီး Nokia 3310 3G မှာ Java-based Feature OS ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အခု ထွက်ရှိလာတဲ့ Nokia 3310 4G မှာတော့ Android Open Source Project (AOSP) ကို အခြေခံထားတဲ့ YunOS ကို ပြောင်းလဲ အသုံးပြုထားပြီး ဒီ OS ကိုတော့ Alibaba Group က တီထွင် ဖန်တီးထားပေးထားတာ  ဖြစ်ပါတယ်။


                Nokia 3310 4G ရဲ့ Screen Size က ၂.၄ လက်မအကျယ်ရှိပြီး QVGA Color Display ကို အသုံးပြုထားပါတယ်။ Resolution ကတော့ 240 x 320 Pixels ရှိမှာပါ။ Nokia 3310 2G မှာတုန်းက Internal Storage 16MB သာ ပါဝင်ခဲ့တာ ဖြစ်ပြီး 4G မော်ဒယ်မှာတော့ 512MB ထိ ပါဝင်တယ်လို့ သိရပါတယ်။ Storage မလောက်ဘူးဆိုရင်လည်း microSD Card ကို64GB ထိ ထပ်စိုက်နိုင်မှာ ဖြစ်ပြီး RAM အနေနဲ့ 256MB ပါဝင်မှာ ဖြစ်ပါတယ်။

                ကျောဘက်မှာ 2 Megapixel Camera နဲ့အတူ LED Flash တို့ကို တပ်ဆင်ထားမှာဖြစ်ပြီး Selfie Camera တော့ ပါဝင်မှာ မဟုတ်ပါဘူး။ ဘက်ထရီ ပမာဏ 1200 mAh ပါဝင်မှာ ဖြစ်ပြီး 4G VoLTE Network ကို အသုံးပြုပြီး ဖုန်းခေါ်ဆိုမယ်ဆိုရင် ၅ နာရီကျော်၊ Music Playback Time ၁၆ နာရီနဲ့ ၁၂ ရက်အကြာထိ Standby ထားနိုင်မယ်လို့ သိရပါတယ်။ Connectivity အပိုင်းမှာတော့ 4G VoLTE, Wifi 802.11 b/g/n, Bluetooth 4.0, Micro-USB, 3.5mm Headphone Jack နဲ့ Micro SIM Single Card တို့ ပါဝင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၈၈.၁ ဂရမ် ရှိပါမယ်။


                Nokia 3310 4G ကို အရောင်တွေ အနေနဲ့ Fresh Blue နဲ့ Deep Black ဆိုပြီး ၂ မျိူး ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပြီး စျေးနှုန်းနဲ့ ဖြန့်ချီသွားမယ့် နိုင်ငံတွေကိုတော့ ဒီလ ၂၆ ရက်နေ့မှာ ကျင်းပမယ့် MWC 2018 ပွဲကျမှပဲ ကြေငြာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

This Article is contributed by Thaw Zin.
References
Gadgets NDTV
About Author
Assinged Tags
Nokia Nokia 3310 4G 4G Nokia 3310 2G Nokia 3310 3G Nokia 3310 4G
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed