Mavic Pro လောက်နီးပါး Performance ပေးနိုင်ပြီး ဈေးနှုန်းလည်းသင့်တဲ့ Mavic Air Drone အသစ်ကို DJI မိတ်ဆက်

date_range 24 January 2018

Mavic Pro လောက်နီးပါး Performance ပေးနိုင်ပြီး ဈေးနှုန်းလည်းသင့်တဲ့ Mavic Air Drone အသစ်ကို DJI မိတ်ဆက်

visibility 700 Views


                ဒီနေ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Event တစ်ခုမှာ DJI အနေနဲ့ Drone ဈေးကွက်ကို ထိုးဖောက်မယ့် Mavic Air ဆိုတဲ့ Drone မော်ဒယ်လ်သစ်ကို မိတ်ဆက်လိုက်ပါတယ်။ Mavic Air ရဲ့ Performance ဟာ DJI ရဲ့ ဈေးအသက်သာဆုံး Drone လို့ ပြောလို့ရမယ် ကန်ဒေါ်လာ ၃၉၉ ဒေါ်လာရှိ Spark နဲ့ Professional အဆင့်ရှိပြီး ကန်ဒေါ်လာ ၉၉၉ ဒေါ်လာ ကျသင့်မယ့် Mavic Pro နဲ့ ကြားထဲမှာ ရှိတယ်လို့ ပြောလို့ရပါတယ်။


                ဈေးနှုန်းကလည်း ကြားထဲက ဈေးနှုန်းပါပဲ။ Mavic Air ဟာ ကန်ဒေါ်လာ ၇၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ Performance ပိုင်းတင်မဟုတ်ပါဘူး။ Design ပိုင်းကလည်း Spark နဲ့ Mavic Pro ကို ပေါင်းစပ်ထားတဲ့ Design ပါပဲ။ Mavic Air ကို အပေါ်စီးကနေ ကြည့်မယ်ဆိုရင် Mavic Pro နဲ့ ဆင်တူပြီး ရှေ့တည့်တည့်ကနေ ကြည့်မယ်ဆိုရင်တော့ Spark နဲ့ ဆင်တူပါတယ်။


                Mavic Pro လိုပဲ Mavic Air ကလည်း ခေါက်သိမ်းပြီး သယ်ဆောင်သွားလို့ ရနိုင်မှာဖြစ်ပါတယ်။ Mavic Air ကို ခေါက်သိမ်းထားမယ်ဆိုရင် Spark ထက် အရွယ်အစား သေးငယ်ပြီး Mavic Pro ထက်လည်း ၄၁% ပေါ့ပါးမှာ ဖြစ်ပါတယ်။ ပေါ့ပါးတယ်ဆိုလို့ လေတိုက်ရင် လွင့်သွားမယ်တော့ မထင်လိုက်ပါနဲ့။ Mavic Air ဟာ တစ်နာရီကို ၂၂ မိုင်နှုန်းနဲ့ တိုက်နေတဲ့ လေအရှိန်ကိုတောင် ခံနိုင်စွမ်းရှိမယ်လို့ သိရပါတယ်။


                Specs တွေကလည်း Mavic Pro နဲ့ အနည်းငယ် ဆင်တူပြီး Professional Drone Filming နဲ့ Photography သမားတွေအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ Mavic Air ဟာ တစ်နာရီကို ၄၂.၅ မိုင်နှုန်းနဲ့ ပျံသန်းနိုင်ပြီး 4K Video တွေကို 24fps ဒါမှမဟုတ် 30fps နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Wide-Angle 24mm f/2.8 Lens ကို တပ်ဆင်ပေးထားပြီး 3-axis Gimbal Casing ပါဝင်တဲ့အတွက် Video တွေကို တုန်ခါမှုမရှိပဲ ရိုက်ကူးနိုင်မှာပါ။

                Seven-Camera Obstacle Avoidance စနစ်ပါဝင်တဲ့အတွက် ပျံသန်းတဲ့ နေရာမှာလည်း အတားအဆီးတွေကို လွယ်လွယ်ကူကူ ရှောင်ရှားပျံသန်းနိုင်မှာပါ။ ဒီစနစ်သစ်ကြောင့် Mavic Air ဟာ အတားအဆီးတွေနဲ့ တွေ့ပြီဆိုရင်လည်း ရပ်တန့်သွားမှာ မဟုတ်ပဲ ရှောင်ကွင်းပြီး ပျံသန်းသွားနိုင်တယ်လို့ DJI က ဆိုပါတယ်။


                ဒါပေမယ့် ပျံသန်းချိန်ကတော့ ၂၁ မိနစ်ပဲ ရရှိနိုင်မှာပါ။ ဒီကြာမြင့်ချိန်မှာ Spark ထက် ၅ မိနစ် ပိုများတာဖြစ်ပြီး Mavic Pro ထက် ၆ မိနစ် လျော့နေတာဖြစ်ပါတယ်။ ပျံသန်းချိန် နည်းလို့ Battery လဲပြီး ခဏ၊ ခဏ ပျံသန်းမယ်ဆိုရင်လည်း Drone ကြီး ပူလာမှာကို စိုးရိမ်စရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ Mavic Air မှာ Cooling System သစ် ပါဝင်လို့ပဲ ဖြစ်ပါတယ်။


                Mavic Air ရဲ့ ခြေထောက်တွေထဲမှာ မြုပ်နှံထားတဲ့ Antenna ဒီဇိုင်းသစ်ကြောင့်လည်း နှစ်မိုင်ခွဲ အကွာအဝေးထိ ထိန်းချုပ်ပျံသန်းနိုင်မယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်းပဲ ကန်ဒေါ်လာ ၇၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး Remote အသစ်လည်း ပါဝင်ပြီးသား ဈေးနှုန်းဖြစ်ပါတယ်။


References
The Verge
About Author
Assinged Tags
Drone Mavic Pro DJI Spark Drone Mavic Air
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed