Office 365 ကို အခမဲ့ Built-In ထည့်ပေးထားတဲ့ ကန်ဒေါ်လာ ၃၀၀ အောက် တန်ဖိုးနည်း Laptop မော်ဒယ် ၄ မျိုးကို Microsoft မိတ်ဆက်

date_range 24 January 2018

Office 365 ကို အခမဲ့ Built-In ထည့်ပေးထားတဲ့ ကန်ဒေါ်လာ ၃၀၀ အောက် တန်ဖိုးနည်း Laptop မော်ဒယ် ၄ မျိုးကို Microsoft မိတ်ဆက်

visibility 480 Views

                Microsoft အနေနဲ့ တန်ဖိုးမြင့် Surface Laptop တွေကိုပဲ ဦးစားပေးပြီး ထုတ်လုပ်ရောင်းချနေတာ မဟုတ်ပါဘူး။ ဒီနေ့မှာတော့ ငွေများများစားစား အသုံးမပြုနိုင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ တန်ဖိုးနည်း Laptop မော်ဒယ်သစ် ၄ မျိုးကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

                အခုမိတ်ဆက်ပေးလိုက်တဲ့ တန်ဖိုးနည်း Laptop သစ်တွေအပြင် Microsoft အနေနဲ့ အရင်တုန်းကလည်း HD Display, RAM 4GB , Internal Storage 64GB (eMMC) အသုံးပြုထားတဲ့ HP Stream 11 Pro G4 EE လို တန်ဖိုးနည်း Laptop တွေကိုလည်း ထုတ်လုပ်ရောင်းချ ပေးခဲ့ဖူးပါတယ်။Microsoft အနေနဲ့ အခုမိတ်ဆက်လိုက်တဲ့ တန်ဖိုးသင့် Laptop အမျိုးအစား ၄ မျိုးကို Lenovo၊ JP စတဲ့ နည်းပညာ ကုမ္ပဏီနှစ်ခုနဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီ Laptop တွေကို အမေရိကန်ဒေါ်လာ ၃၀၀ အောက် နဲ့ အမေရိကန်နိုင်ငံမှာပဲ စတင် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

                အသစ်ထွက်ရှိလာမယ့် တန်ဖိုးနည်း Laptop လေးမျိုးလုံးမှာ Windows 10 OS ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် ကန်ဒေါ်လာ ၁၅၀ နီးပါး တန်ဖိုးရှိတဲ့ Office 365 ကိုလည်း Built-In အနေနဲ့ ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ Windows 10 OS နဲ့ Office 365 နဲ့တင် ကန်ဒေါ်လာ ၂၀၀ နီးပါး တန်ဖိုးရှိနေပြီဆိုတော့ အခုမိတ်ဆက်လိုက်တဲ့ တန်ဖိုးနည်း Laptop တွေဟာ တော်တော်ကြီးကို တန်တယ်လို့ ပြောလို့ရပါတယ်။


                ပထမဆုံး မိတ်ဆက်ပေးလိုက်တဲ့ တန်ဖိုးသင့် Laptop ကတော့ Lenovo နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Lenovo 100e ပဲ ဖြစ်ပါတယ်။ Lenovo 100e ဟာ အခု မိတ်ဆက်ပေးလိုက်တဲ့ တန်ဖိုးသင့် Laptop အမျိုးအစား ၄ မျိုးထဲမှာ စျေးအသက်သာဆုံး ဖြစ်ပါတယ်။ Lenovo 100e မှာ CPU အနေနဲ့ Intel ရဲ့ Celeron Apollo Lake CPU ကို အသုံးပြုထားပါတယ်။ စျေးနှုန်း ကန်ဒေါ်လာ ၁၉၀ (မြန်မာငွေ ၂ သိန်းခွဲ ဝန်းကျင်) နဲ့ အမေရိကန်မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။


                ဒုတိယ မိတ်ဆက်ပေးလိုက်တဲ့ တန်ဖိုးသင့် Laptop ကတော့ Lenovo 300e ပဲ ဖြစ်ပါတယ်။ Lenovo 300e မှာ Touchscreen ကို အသုံးပြုထားတဲ့ အပြင် Screen ပေါ်မှာ စာရေးဖို့၊ ပုံဆွဲဖို့အတွက် Stylus Support လည်း ပါဝင်တယ်လို့ သိရပါတယ်။


                တတိယ မိတ်ဆက်ပေးလိုက်တဲ့ Laptop ကတော့ JP က ထုတ်လုပ်ထားတဲ့ Classmate Leap T303 ပဲ ဖြစ်ပါတယ်။ T303 Laptop မှာ Security ပိုင်းအတွက် Windows Hello ကို Support ပေးသွားမှာ ဖြစ်ပြီး ကန်ဒေါ်လာ ၂၀၀ (မြန်မာငွေ ၂သိန်း ၇သောင်း ဝန်းကျင်) နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။


                နောက်ဆုံး အနေနဲ့ မိတ်ဆက်ပေးလိုက်တဲ့ Laptop ကတော့ Trigono V401 ပဲ ဖြစ်ပါတယ်။ Trigono V401 မှာ Touch Screen ပါဝင်မှာဖြစ်ပြီး၊ Pen Input ကိုလည်း Lenovo 300e မှာလိုပဲ Support လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ Trigono V401 ဟာ အသစ်မိတ်ဆက်ပေးလိုက်တဲ့ မော်ဒယ် ၄ မျိုးထဲမှာတော့ စျေးအကြီးဆုံး ဖြစ်ပြီး ကန်ဒေါ်လာ ၃၀၀ (မြန်မာငွေ ၄ သိန်း ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
GizChina
About Author
Assinged Tags
Microsoft Lenovo Budget Laptops Office 365 Lenovo 100e Lenovo 300e Classmate Leap T303 Trigono V401 Affordable Laptops
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed