ပြင်သစ်နိုင်ငံမှာ AI လေ့လာရေးစင်တာတစ်ခု ဖွင့်လှစ်သွားမယ့် Google

date_range 23 January 2018

ပြင်သစ်နိုင်ငံမှာ AI လေ့လာရေးစင်တာတစ်ခု ဖွင့်လှစ်သွားမယ့် Google

visibility 280 Views

                Google CEO Sundar Pichai နဲ့ ပြင်သစ်နိုင်ငံ သမ္မတ Emmanuel Macron တို့ သီးသန့်တွေ့ဆုံ ဆွေးနွေးပွဲအပြီးမှာတော့ Google အနေနဲ့ AI (Artificial Intelligence) နည်းပညာကို ဦးစားပေး လေ့လာသွားမယ့် စင်တာတစ်ခုကို ပြင်သစ်နိုင်ငံမှာ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ Google က တရားဝင် ကြေငြာခဲ့တာ ဖြစ်ပါတယ်။

                AI လေ့လာရေးစင်တာအပြင် ပြင်သစ်နိုင်ငံမှာ အခြေစိုက်ဖွင့်လှစ်ထားတဲ့ Google ရဲ့ ရုံးခန်းကိုလည်း ၆၄,၅၀၀ စတုရန်းပေအထိ တိုးချဲ့သွားမှာဖြစ်တာကြောင့် Google ရဲ့ ပြင်သစ်ရုံးခန်းမှာ တာဝန်ထမ်းဆောင်နေသူတွေ အယောက် ၇၀၀ ကနေ အယောက် ၁,၀၀၀ အထိ ဖြစ်သွားမှာပါ။

                Google အနေနဲ့ AI နည်းပညာ တိုးတက်မှုအတွက် ပြင်သစ်နိုင်ငံကို ရွေးချယ်ခဲ့ရတာကလည်း အကြောင်းရှိပါတယ်။ ပြင်သစ်နိုင်ငံမှာက ကမ္ဘာ့အဆင့်မှီ တက္ကသိုလ်ကြီးတွေ၊ စာသင်ကျောင်းတွေရှိပြီး သိပ္ပံပညာ၊ သတင်းအချက်အလက် နည်းပညာ၊ Engineering နဲ့ သင်္ချာပညာရပ်တွေမှာ သူမတူတောင် ထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း နှစ်စဉ်၊ နှစ်တိုင်း မွေးထုတ်ပေးနေတာကြောင့်ပါ။

                Google က Facebook ထက်တောင် ခြေတစ်လှမ်းနောက်ကျနေတယ်လို့ ပြောရမှာပါပဲ။ Google အရင် Facebook က ၂၀၁၅ ခုနှစ်ကတည်းက AI လေ့လာရေးစင်တာကို ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်သလို Google က ပြင်သစ်မှာ AI လေ့လာရေးစင်တာ ဖွင့်လှစ်တော့မယ်လို့ ကြေငြာလိုက်တဲ့အချိန်မှာပဲ Facebook ကလည်း ပြင်သစ်နိုင်ငံမှာ တာဝန်ထမ်းဆောင်သူဦးရေကို တိုးမြှင့်သွားမှာဖြစ်တဲ့အတွက် ယူရို ၁၀ မီလီယံ ရင်းနှီးမြုပ်နှံသွားမယ်လို့ ကြေငြာခဲ့ပါတယ်။

                ဒါကြောင့် Google ကလည်း အားကျမခံ ပြင်သစ်နိုင်ငံမှာ AI နည်းပညာတိုးတက်လာဖို့အတွက် ယူရို ၁၀ မီလီယံ မြုပ်နှံသွားမယ်လို့ ထပ်မံကြေငြာခဲ့ပါတယ်။ ဖွင့်လှစ်သွားဖို့ အစီအစဉ်ချထားတဲ့ AI လေ့လာရေးစင်တာနဲ့ ပက်သက်ပြီးတော့ Google က ဘာအချက်အလက်မှ တိတိကျကျ ပြောမသွားပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ပြင်သစ်နိုင်ငံဟာ AI နည်းပညာရဲ့ အဓိကသော့ချက် တစ်ခုဖြစ်လာတော့မယ်ဆိုတဲ့ အချက်ပါပဲ။

References
GadgetsNDTV TechCrunch
About Author
Assinged Tags
Google Artificial Intelligence Research Facebook AI Research Research And Development France AI Research Center
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed