Shazam ကို Apple ဝယ်ယူလိုက်ပြီဖြစ်ကြောင်း သတင်းထွက်ရှိ

date_range 11 December 2017

Shazam ကို Apple ဝယ်ယူလိုက်ပြီဖြစ်ကြောင်း သတင်းထွက်ရှိ

visibility 800 Views

                သီချင်းတွေကို တီးလုံး၊သံစဉ်နဲ့တင် ရှာခိုင်းနိုင်တဲ့ ‘Shazam’ App ကို ဂီတဝါသနာရှင်တွေ တော်တော်များများ သုံးဖူးကြမယ်ထင်ပါတယ်။ အခုအခါ Apple ကုမ္ပဏီဟာ Shazam ကို ဝယ်ယူဖို့ အပြီးသတ်စာချုပ်ချုပ်ဆိုနေပြီဖြစ်ကြောင်း TechCrunch သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တခြား နာမည်ကြီး Technology Media တစ်ခုဖြစ်တဲ့ Recode ကလည်း ယခုသတင်းကို အတည်ပြုထားတာ တွေ့ရပြီး၊ Apple ဟာ Shazam ကို အမေရိကန်ဒေါ်လာ သန်း (၄၀၀) နဲ့ ဝယ်ယူမှာဖြစ်ကြောင်း အတွင်းလူတွေဆီကနေ သတင်းရထားတယ်လို့  ဆိုပါတယ်။


                Apple ဘက်ကတော့ ထုံးစံအတိုင်း ဒီသတင်းနဲ့ ပတ်သတ်ပြီး ဘာမှ အတည်ပြုတာမျိုး မရှိသေးသလို၊ Shazam ဘက်ကလည်း အတည်ပြုပေးထားတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် Shazam ကိုသာ Apple ဝယ်လိုက်နိုင်မယ်ဆိုရင် Shazam ရဲ့ Sound and Music Recognition Technologies (သံစဉ်မှတ်သားရှာဖွေမှုနည်းပညာ) တွေကိုပါ အသုံးချနိုင်ခွင့် ရလာမှာဖြစ်ပါတယ်။ လောလောဆည်မှာ Digital Assistants တွေဖြစ်တဲ့ Google Assistant တို့ Apple Siri တို့မှာလည်း Shazam လိုမျိုး သံစဉ်နဲ့ သီချင်းနာမည်ရှာခိုင်းနိုင်ပေမယ့်၊ Shazam လောက် မြန်ဆန်တိကျမှုမရှိသေးပါဘူး။ Shazam ကို ဝယ်လိုက်နိုင်ရင် Apple အတွက် နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ Shazam ကနေ iTunes Store ကို သီချင်းဝယ်ဖို့ ရောက်လာရင် Shazam ကို ပြန်ပေးရတဲ့ ကော်မရှင်ခတွေကနေ သက်သာသွားမှာ ဖြစ်ပါတယ်။ Shazam ရဲ့ အဓိကဝင်ငွေအများစုကလည်း iTunes Store, Google Play Music, Spotify တို့ကို ပြန်ညွှန်း (Refer) လုပ်ပေးရာကနေ ရရှိတာ ဖြစ်ပါတယ်။

                တကယ်လို့ Shazam ကို လုံးဝပိတ်ပစ်လိုက်မယ်ဆိုရင် တစ်နေ့ကို Shazam ဆီကနေ Clicks အကြိမ်အရေအတွက် တစ်သန်းလောက်ရနေတဲ့ ပြိုင်ဘက် Music Streaming Services တွေဖြစ်တဲ့ Spotify တို့ Google Play Music တို့ အထိနာသွားမှာ ဖြစ်ပါတယ်။ ပြောရရင် Shazam ကို ဝယ်တာဟာ Apple အတွက် ကောင်းကျိုးတွေချည်းပါပဲ။ ပြီးတော့ ဒေါ်လာ သန်း (၄၀၀) ဆိုတဲ့ စျေးသာ တကယ်ဖြစ်မယ်ဆိုရင် Apple အတွက် တကယ့်ကို တန်တယ်လို့ ဆိုရမှာပါ။ ဘာလို့လည်းဆိုတော့ Shazam ဟာ ၂၀၁၅ ခုနှစ်မှာတင် ကုမ္ပဏီတန်ကြေး ဒေါ်လာ ၁.၀၂ ဘီလီယံရှိတာကြောင့် Apple အနေနဲ့ ထက်ဝက်စျေးလောက်ပဲ ပေးရမှာဖြစ်ပါတယ်။

                Shazam ဟာ ယခုနှစ်အစောပိုင်းတုန်းကလည်း Augmented Reality နည်းပညာသုံးထားတဲ့ Feature တစ်ခုကို App ထဲမှာ ပေါင်းထည့်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီတော့ AR ပိုင်းကို အားထည့်လာတဲ့ Apple အတွက်လည်း Shazam ရဲ့ နည်းပညာတွေက တစ်နေရာရာမှာ အသုံးဝင်မှာပါ။

                Snapchat နဲ့ Shazam တို့ ကြားထဲမှာလည်း သဘောတူညီမှုတွေ ရှိပြီး၊ Apple ရဲ့ ဝယ်ယူမှုက Snapchat အပါအဝင် Shazam ရဲ့ တခြားရင်းနှီးမြှပ်နှံသူကုမ္ပဏီတွေကို ဘယ်လိုအကျိုးဆက်ရှိစေမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

References
The Verge Tech Crunch Recode
About Author
Assinged Tags
iTunes Google Play Music Apple Music Music Music Recognition App Shazam iTunes Store Apple Music Recognition
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed