(၁၀) နှစ်သားတစ်ဦးက အမေဖြစ်သူရဲ့ iPhone X ကို Face ID သုံးပြီး ဖွင့်နိုင်ခဲ့

date_range 16 November 2017

(၁၀) နှစ်သားတစ်ဦးက အမေဖြစ်သူရဲ့ iPhone X ကို Face ID သုံးပြီး ဖွင့်နိုင်ခဲ့

visibility 21020 Views

                ဘယ်စနစ်မှ အပြည့်အဝလုံခြုံမှုမရှိဘူးဆိုတဲ့အတိုင်းပဲ Apple ရဲ့ Face ID ဟာလည်း ပြီးပြည့်စုံတဲ့ Biometrics Authentication စနစ်တစ်ခု မဟုတ်ပါဘူး။ မကြာသေးခင်က ဗီယက်နမ်အခြေစိုက် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Bkav ဟာ iPhone X ရဲ့ Face ID ကို မျက်နှာဖုံးတစ်ခုနဲ့ အရူးလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့နည်းလမ်းက သိပ်တော့ လက်တွေ့မဆန်ဘူးလို့ ဆိုရမှာပါ။ ဘာလို့လည်းဆိုတော့ Bkav ရဲ့ နည်းလမ်းဟာ Face ID Setup လုပ်ထားသူရဲ့ မျက်နှာ 2D ဓာတ်ပုံအပြင်၊ 3D Print ထုတ်ထားတဲ့ ပလတ်စတစ်မျက်နှာဖုံးတစ်ခု၊ နှာခေါင်းအတွက် ဆီလီကွန်တို့အပြင်၊ မိတ်ကပ်တွေကော ကျွမ်းကျင်မှုကော လိုပါတယ်။ 

                ဒါပေမယ့် အခုတော့ ဒီလို ရှုပ်ယှက်ခတ်တဲ့နည်းစနစ်တွေ မလိုဘဲ၊ ကိုယ်နဲ့ ရုပ်ဆင်တဲ့ မိသားစုဝင်တစ်ဦးကတောင် iPhone X ရဲ့ Face ID ကို အခြေအနေတစ်ခုမှာ Unlock လုပ်နိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

                Attaullah Malik နဲ့ Sana Sherwani တို့ ဇနီးမောင်နှံရဲ့ သားဖြစ်သူ အသက် (၁၀) နှစ်အရွယ် Ammar Malik ဟာ မိခင်ဖြစ်သူရဲ့ iPhone X ကို ပထမဆုံးကောက်ကိုင်လိုက်တဲ့အချိန်မှာတင် Unlock လုပ်နိုင်ခဲ့ကြောင်း ခင်ပွန်းဖြစ်သူ Attaullah Malik က Wired သတင်းဌာနကို ပြန်လည်ပြောပြခဲ့ပါတယ်။

                ဒီအဖြစ်ကြောင့် လင်မယားနှစ်ယောက်လုံး အံ့အားသင့်သွားခဲ့ပြီး၊ ဇနီးဖြစ်သူအနေနဲ့လည်း နောက်ပိုင်းမှာ သူ့သား မမြင်စေချင်တဲ့ မက်ဆေ့မျိုးဆိုရင် အမြဲဖျက်ပစ်နေခဲ့ရတယ်လို့ ဆိုပါတယ်။ Malik ဟာ ယခုအဖြစ်အပျက်ကို ဗီဒီယိုရိုက်ကာ YouTube မှာ တင်ခဲ့ပြီး၊ LinkedIn မှာလည်း ပို့စ်တစ်ခု တင်ခဲ့တယ်လို့ သိရပါတယ်။ ပထမဆုံးတင်ထားတဲ့ ဗီဒီယိုကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။




                ဗီဒီယိုအရဆိုရင် အမေဖြစ်သူရဲ့ မျက်နှာနဲ့ Face ID Setup လုပ်ထားတဲ့ iPhone X ကို သားဖြစ်သူကလည်း ဖွင့်နိုင်တာကို တွေ့ရမှာပါ။ Face ID ဟာ လက်ရှိမှာ မျက်နှာတစ်ခုပဲ Register လုပ်လို့ရတာဖြစ်တာကြောင့်၊ နှစ်ယောက်လုံး Register လုပ်ထားဖို့က လုံးဝမဖြစ်နိုင်ပါဘူး။ Malik ကလည်း သူ့သားရဲ့ မျက်နှာဟာ သူ့ဇနီးရဲ့ မျက်နှာထက် တော်တော်လေးသေးသလို၊ တစ်ချို့မျက်နှာအစိတ်အပိုင်းတွေ မတူဘဲ၊ ကလေးက အဖေတူလို့တောင် ပိုပြောကြပေမယ့် ဘာလို့ Face ID Unlock ဖြစ်နေလဲဆိုတာကို စဉ်းစားရခက်နေတယ်လို့ ဆိုပါတယ်။

                Wired ရဲ့ အကြံပေးချက်အရ Malik ရဲ့ ဇနီး ‘Sherwani’ ဟာ သူ့ဖုန်းရဲ့ Face ID ကို ပြန် Register လုပ်ပြီး စမ်းကြည့်ရာမှာတော့ သားဖြစ်သူ Ammar တစ်ယောက် ဝင်မရတော့ဘူးလို့ သိရပါတယ်။ ဒါပေမယ့် သေချာအောင် ထပ်မံစမ်းသပ်ဖို့အတွက် Sherwani တစ်ယောက် ပထမဆုံးအကြိမ် Face ID Setup လုပ်တိုင်းက ညဘက်အလင်းရောင်ပုံစံမျိုးနဲ့ အခန်းတွင်းမှာ နောက်တစ်ကြိမ် Face ID Setup ထပ်လုပ်ခဲ့ကြည့်ရာမှာတော့ Ammar ဟာ သူ့အမေဖုန်းကို Unlock ပြန်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ချက်ချင်းတော့ Unlock မဖြစ်တော့ဘဲ သုံးကြိမ်လောက် Try ကြည့်ပြီးမှ Unlock ဖြစ်ခဲ့ပြီး၊ ထပ်စမ်းကြည့်ပြန်ရာမှာတော့ ခြောက်ကြိမ်မြောက်လောက်မှ ရတော့တယ်လို့ သိရပါတယ်။

                Apple ကို ယခုကိစ္စနဲ့ပတ်သတ်ပြီး၊ Wired သတင်းဌာနက ဆက်သွယ်ထားပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

                Apple အနေနဲ့လည်း iPhone X ကို မိတ်ဆက်တုန်းက Touch ID အစား ပါဝင်လာတဲ့ Face ID ဟာ မှားဖွင့်မိတဲ့အခါမျိုးလေးတွေ ရှိနိုင်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ ပိုင်ရှင်မဟုတ်တဲ့ တခြားလူတစ်ယောက်ဖွင့်ရင် ပွင့်ဖို့အတွက် ဖြစ်နိုင်ချေ တစ်သန်းပုံတစ်ပုံလောက် ရှိကြောင်း ပြောကြားခဲ့သလို၊ ရုပ်တူတဲ့ မိသားစုဝင်အချင်းချင်းဆိုရင် ဒီဖြစ်နိုင်ချေရာခိုင်နှုန်းက ပိုလို့တောင် နည်းဦးမှာလို့ ဆိုခဲ့ပါတယ်။

                ဒါပေမယ့် ဒီပုံစံအတိုင်းဆို Apple ပြောတဲ့ ဖြစ်နိုင်ချေရာခိုင်နှုန်းတွေကို ယုံစားရဲကြတော့မှာမဟုတ်ဘဲ၊ မိသားစုဝင်တစ်ယောက်ယောက်က ကိုယ်နဲ့အသက်တော်တော်ကွာတယ်ဆိုရင်တောင် ရုပ်ဆင်နေရင် ဘယ်သူမှ ကိုယ့်ဖုန်းကို စိတ်ချလက်ချပစ်ထားရဲကြမှာ မဟုတ်ပါဘူး။

References
Wired
About Author
Assinged Tags
Facial Recognition Technology Security Privacy Biometrics Authentication 3D Facial Recognition Face Unlock Apple iPhone X Face ID Fails
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed