လန်ဒန်မြို့ Apple Store မှ iPhone, iPad နှင့် Apple Watch များ ညသန်းခေါင်ကျော် ဓားပြတိုက် လုယူခံရ

date_range 15 November 2017

လန်ဒန်မြို့ Apple Store မှ iPhone, iPad နှင့် Apple Watch များ ညသန်းခေါင်ကျော် ဓားပြတိုက် လုယူခံရ

visibility 800 Views

                Apple ကတော့ နောက်တစ်ကြိမ် ခံရပြန်ပါပြီ။ iPhone X တွေ စတင် ရောင်းချတဲ့ ဒီလ (၃) ရက်နေ့တုန်းက ဆန်ဖရန်စစ္စကို Apple Store ရှေ့မှာ iPhone X တွေ Truck ကားလိုက်အခိုးခံခဲ့ရ တာတောင် သိပ်မကြာသေးပါဘူး။ လန်ဒန်မြို့၊ Regent Street က Apple Store မှာ ညသန်းခေါင်ကျော် ဓားပြတိုက် လုယက်မှုတစ်ခု၊ (၁၃) ရက်နေ့က ဖြစ်ပွားခဲ့ပြန်ပါတယ်။

                လုယက်သူ (၁၀) ဦး ပါရှိတဲ့ အဖွဲ့ဟာ မော်တာတပ် စက်ဘီးတွေနဲ့ ရောက်လာခဲ့တာ ဖြစ်ပြီး၊ Apple Store ရဲ့ လုံခြုံရေးဝန်ထမ်းကို ‘တူ’ တစ်လက် နဲ့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဆိုင်ထဲဝင်ပြီး သိပ်မကြာခင်မှာပဲ iPhone, iPad နဲ့ Apple Watch တွေကို လုယူ ထွက်ပြေးသွားခဲ့ပါတယ်။ လုယက်သူတွေဟာ ဆိုင်တံခါးကို ဖွင့်နိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ရတယ်လို့ မျက်မြင် သက်သေ တစ်ယောက်က ပြောပါတယ်။ အဲ့ဒီ့ အချိန် လမ်းမှာ ဖြတ်သွားတဲ့ ကားတွေဟာ ခိုးယူမှု ကျူးလွန်နေတာကို တွေ့တာကြောင့် ဟွန်းတွေ အဆက်မပြတ် တီးနေခဲ့တယ် လို့ သိရပါတယ်။

                လုယက်မှု ဖြစ်ပြီး မိနစ်အနည်းငယ် အကြာ၊ ည (၁) နာရီ လောက်မှာ ရဲတွေကို ဖုန်းဆက် တိုင်ကြားခဲ့ပြီး၊ ရဲတွေ လိုက်လံ ရှာဖွေတဲ့အခါ ခိုးယူသွားတဲ့ iPhone X နှစ်လုံးကို အနီးနားက King’s Cross မြေအောက် ဘူတာရုံ မှာ ပြန်လည် တွေ့ရှိခဲ့ပေမယ့် လုယက်သူတွေကတော့ ထွက်ပြေး လွတ်မြောက် သွားခဲ့ပါတယ်။ လုယက်မှု ဖြစ်ပွားခဲ့ပေမယ့် အဲ့ဒီ့နေ့ မနက်မှာ Apple Store က ပုံမှန် အတိုင်း ဖွင့်ထားခဲ့ပါတယ်။ ဆိုင်ထဲမှာလည်း ထိခိုက် ပျက်စီးမှုတွေ မရှိဘူးလို့ သိရပါတယ်။ Apple ကတော့ ဒီ ဖြစ်ရပ်နဲ့ ပက်သက်လို့ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

                Apple Product တွေကို ပြန်လည် ရောင်းချရင် ဈေးကောင်း ရတာကြောင့် Apple Store တွေဟာ ခိုးယူ လုယက်သူတွေ မျက်စိကျစရာ ဖြစ်နေပါတယ်။ (၂၀၁၁) ခုနှစ် တုန်းက လန်ဒန်မြို့၊ Covent Garden က Apple Store ကို (၁၄) ယောက် ပါတဲ့ သူခိုး အုပ်စုက ဝင်ရောက် ခိုးယူခဲ့ပါသေးတယ်။ အမေရိကန်နိုင်ငံ၊ Palo Alto က Apple Store ရဲ့ မှန်တံခါးကို SUV ကားတစ်စီးနဲ့ ဝင်တိုက်ပြီး iPhone တွေ၊ Mac တွေ ခိုးယူသွားခဲ့တဲ့ ဖြစ်ရပ်လည်း (၂၀၁၆) နှစ်ကုန်ပိုင်းလောက်က ဖြစ်ပွားခဲ့ပါတယ်။

                အောက်တိုဘာလ တုန်းကလည်း အခု Apple Store ရှိတဲ့ လမ်းထဲမှာပဲ လက်ဝတ်ရတနာ အရောင်းဆိုင် တစ်ခုကို လုယက်သူ တစ်စုက တူတွေ၊ ပုဆိန်တွေနဲ့ ဖောက်ထွင်း ခိုးယူမှု ဖြစ်ပွားခဲ့ပါသေးတယ်။ အဲ့ဒီ့တုန်းကလည်း သူတို့က မော်တာတပ် စက်ဘီးလေးတွေနဲ့ပါ။ လန်ဒန်မြို့မှာ အဲ့လို စက်ဘီးတွေ၊ ဆိုင်ကယ်ငယ်လေး တွေသုံးပြီး ကျူးလွန်တဲ့ လုယက်မှုတွေဟာ မြင့်တက်နေတာ ဖြစ်ပြီး၊ Apple Store တွေရဲ့ ကြည်လင်တဲ့ ဖန်တံခါးတွေထဲက ပြောင်လက်နေတဲ့ iPhone တွေကတော့ လုယက်သူတွေကို ဆွဲဆောင်နေမယ်ဆိုတာ အသေအချာပါပဲ။

References
Cult of Mac BBC
About Author
Assinged Tags
iPhone iPad Apple Store Apple Watch Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed