Microsoft Word မှာ CV ရေးရာတွင် အကူအညီပေးနိုင်မယ့် “Resume Assistant” ပါဝင်လာ

date_range 11 November 2017

Microsoft Word မှာ CV ရေးရာတွင် အကူအညီပေးနိုင်မယ့် “Resume Assistant” ပါဝင်လာ

visibility 360 Views

                Microsoft ဟာ လွန်ခဲ့တဲ့နှစ်က LinkedIn ကို အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီး၊ Microsoft Office Applications တွေမှာ LinkedIn ရဲ့ ဝန်ဆောင်မှုတွေကို ပေါင်းထည့်ပေးဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါတယ်။

                ဒီနေ့မှာတော့ Microsoft က သူတို့ကတိပေးထားတဲ့အတိုင်း LinkedIn ရဲ့ ဒေတာအချက်အလက်တွေကို ရယူအသုံးပြုထားတဲ့ “Resume Assistant” ကို Office 365 Subscribers တွေအတွက် Word မှာ ထည့်ပေးလိုက်ပြီဖြစ်ပါတယ်။ လောလောဆည်တော့ Office Insiders Program ဝင်ထားသူတွေမှာပဲ အသုံးပြုလို့ရသေးပြီး၊ ရှေ့လအနည်းငယ်လောက်မှ Office 365 Subscribers အကုန်လုံးမှာ ရရှိမှာဖြစ်ပါတယ်။

                ကျနော်တို့အနေနဲ့ CV (အလုပ်လျှောက်လွှာ) တွေ ရေးတဲ့အခါ များသောအားဖြင့် Microsoft Word ကိုပဲ အားကိုးရတာဆိုတော့ Word မှာ ဒီလို Feature ပါဝင်လာတာက Office 365 သုံးသူတွေအတွက်တော့ ဝမ်းသာစရာပါ။ ဒီ Feature က ဘယ်လို အလုပ်လုပ်သလဲဆိုတော့ ကိုယ်က Word နဲ့ CV တစ်ခုရေးနေတဲ့အခါ ဒါမှမဟုတ် ရေးပြီးသားကိုပဲ Edit လုပ်နေတဲ့အခါ Ribbon Bar မှာ ‘Resume Assistant’ ဆိုတဲ့ Tab လေးကို တွေ့မြင်ရမှာဖြစ်ပြီး၊ နှိပ်လိုက်တာနဲ့ ကိုယ်အလုပ်လျှောက်မယ့် Role နဲ့ အလုပ်နယ်ပယ် Industry တို့ကို အရင် ရွေးချယ်ပေးရမှာပါ။ ဒီအခါ ရွေးလိုက်တဲ့ Role နဲ့ Industry အပေါ်မူတည်ပြီး၊ LinkedIn မှာရှိတဲ့ သန်းပေါင်းများစွာသော Members တွေရဲ့ Job Descriptions ရေးထားတဲ့ ပုံစံနမူနာတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Microsoft အနေနဲ့ သူများရေးထားတဲ့အတိုင်း တိုက်ရိုက်ကူးချတာမျိုး (အတတ်နိုင်ဆုံး) မဖြစ်စေဖို့အတွက် Drag & Drop လုပ်ခွင့်ကိုတော့ ပိတ်ထားတာ တွေ့ရပါတယ်။

via GIPHY

                ဒီ့အပြင် ကိုယ်လျှောက်ထားလိုတဲ့ ရာထူး၊လုပ်ငန်းနယ်ပယ်မှာ အောင်မြင်နေတဲ့ လူပုဂ္ဂိုလ်တွေရဲ့ အရည်အချင်း (Skills) တွေကိုလည်း Resume Assistant မှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီတော့ ကိုယ့်မှာလည်း အဆိုပါ Skill မျိုး ရှိတယ်ဆိုရင် CV မှာ တန်းဖြည့်နိုင်သလို၊ ကိုယ့်အနေနဲ့ ဘာတွေထပ်လေ့လာသင့်သလဲဆိုတာကိုလည်း သိနိုင်မှာပါ။ တကယ်လို့ Skill တစ်ခုခုကို လေ့လာသင်ယူချင်တယ်ဆိုရင်လည်း LinkedIn Learning ကနေ သင်ယူနိုင်မှာဖြစ်ပါတယ်။


                နောက်ထပ်ကောင်းမွန်တဲ့ Feature တစ်ခုကတော့ LinedIn မှာ တင်ထားတဲ့ အလုပ်ခေါ်ယူမှုပေါင်းများစွာထဲက ကိုယ်နဲ့ အကိုက်ညီဆုံး အလုပ်ခေါ်ယူမှုတွေကိုလည်း Resume Assistant ထဲမှာတင် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ကိုယ်နဲ့ကိုက်ညီတယ်ဆိုရင် LinkedIn ကို သွားပြီး၊ ရေးထားတဲ့ CV နဲ့အတူ ချက်ချင်းလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Feature က Resume Assistant ထဲမှာ Open Candidates ဆိုတဲ့ Option ကို ဖွင့်ပေးထားမှ အလုပ်လုပ်မှာပါ။




                ပြိုင်ဘက် Software Company ဖြစ်တဲ့ Google ကလည်း Jobseekers တွေအတွက် Google for Jobs ဆိုတဲ့ Search Engine ကဏ္ဍသစ်တစ်ခုကို မိတ်ဆက်ပေးပြီးဖြစ်ပါတယ်။   

References
The Verge LinkedIn
About Author
Assinged Tags
Microsoft Windows Microsoft Word Resume Assistant Office 365 Resume CV
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed