Dual-Lens Camera နည်းပညာကို တီထွင်ခဲ့တဲ့ အစ္စရေး အခြေစိုက် ကုမ္ပဏီက Apple ကို မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ တရားစွဲ

date_range 08 November 2017

Dual-Lens Camera နည်းပညာကို တီထွင်ခဲ့တဲ့ အစ္စရေး အခြေစိုက် ကုမ္ပဏီက Apple ကို မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ တရားစွဲ

visibility 10180 Views

                Apple တို့ကတော့ ကံပဲဆိုးတာလား၊ ဝဋ်လည်တာလားတော့ မသိပါဘူး။ ပူပူနွေးနွေး မနေ့ကမှ Samsung နဲ့ နှစ်ရှည်လများ တရားရင်ဆိုင်ခဲ့ရတဲ့ မူပိုင်ခွင့်ချိုးဖောက်မှု အမှုတွဲတွေထဲကမှ တစ်ခုကို အနိုင်ရရှိပြီး ကန်ဒေါ်လာသန်း ၁၂၀ တောင် Samsung ​ဆီကနေ လျော်ကြေးရ ခဲ့ပေမယ့် ဒီနေ့မှာတော့ Apple ကိုယ်တိုင် မူပိုင်ခွင့် ချိုးဖောက်မှုနဲ့ တရားစွဲဆို ခံနေရပြီ ဖြစ်ပါတယ်။

                တရားလို ကုမ္ပဏီကတော့ Dual-Lens Camera နည်းပညာကို တီထွင်ခဲ့တဲ့ အစ္စရေး အခြေစိုက် Smartphone Camera နည်းပညာ ကုမ္ပဏီပဲ ဖြစ်ပါတယ်။ ကုမ္ပဏီနာမည်ကတော့ “Corephotonics” ပါတဲ့။ “Corephotonics”  ကို အစ္စရေးအစိုးရရဲ့ သိပ္ပံဌာနမှုးချုပ် အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အခုလက်ရှိမှာ Tel Avic တက္ကသိုလ်မှာ ပါမောက္ခတစ်ယောက် အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေသူ Dr. David Medlovic က ၂၀၁၂ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။

                “Corephotonics” ကုမ္ပဏီ အနေနဲ့ Apple ရုံးချုပ်တည်ရှိတဲ့ အမေရိကန်နိုင်ငံ မြောက်ပိုင်း California ပြည်နယ် တရားရုံးချုပ်မှာ တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။ တရားစွဲဆိုထားတဲ့ စာရွက်စာတမ်းတွေ ထဲမှာတော့ “Corephotonics” ကုမ္ပဏီက တီထွင်ဖန်တီးထားတဲ့ Dual-Lens Camera နည်းပညာ ၄ မျိုးကို Apple ဘက်က မူပိုင်ခွင့် ချိုးဖောက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

                Apple ဘက်က မူပိုင်ခွင့် ချိုးဖောက်ခဲ့တဲ့ နည်းပညာ ၄ မျိုးကတော့ Mini Telephoto Lens နည်းပညာ နှစ်မျိုး၊ Dual Aperture Zoom Digital Camera နည်းပညာနဲ့ High Resolution Thin Multi-Aperture Imaging စနစ် တို့ပဲ ဖြစ်ပါတယ်။ ဒီနည်းပညာတွေ အကုန်လုံးကို ပေါင်းလိုက်မယ် ဆိုရင်တော့ Smartphone တွေမှာ အသုံးပြုနေတဲ့ Dual-Lens Camera နည်းပညာ ဖြစ်သွားမှာပါ။

                တရားစွဲဆိုထားတဲ့ စာရွက်စာတမ်းတွေထဲမှာ မူပိုင်ခွင့် ချိုးဖောက်ထားတဲ့ Apple Product တွေထဲမှာ iPhone 7 Plus နဲ့ 8 Plus တို့ပဲ ပါဝင်ပါတယ်။​ ထူးထူးခြားခြား အခုတစ်လောမှ ထွက်ရှိလာတဲ့ iPhone X တော့ မပါဝင်ပါဘူး။ iPhone X မှာ အသုံးပြုထားတဲ့ Dual-Lens Camera နည်းပညာတွေက “Corephotonics” က တီထွင်ထားတဲ့ နည်းပညာတွေ ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာကို တိတိကျကျ မသိသေးလို့လည်း ဖြစ်နိုင်ပါတယ်။

                Dr. David ကတော့ အခုလို တရားစွဲဆိုမှုနဲ့ ပက်သက်ပြီး

                “ကျနော်တို့ဘက်ကတော့ နည်းပညာ ကုမ္ပဏီတစ်ခုအဖြစ် Apple နဲ့အတူ လက်တွဲသွားမယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ စတင် ကမ်းလှမ်းခဲ့တယ်ပေါ့။ ဒီကမ်းလှမ်းမှုနဲ့ ပက်သက်ပြီး Apple ဘက်က တာဝန်ရှိသူတွေက ကျနော်တို့ နည်းပညာက ကောင်းတယ်၊ ဆက်လုပ်ပါ၊ စတဲ့ Feedback တွေပဲ ပို့ပေးခဲ့တယ်ဗျ။ ကျနော်တို့ နည်းပညာကို အသုံးပြုသွားမယ် ဆိုတာကိုတော့ တရားဝင်စာချုပ် မချုပ်ပေးခဲ့ပါဘူး”

                ဒီကမ်းလှမ်းမှု အပြီးမှာတော့ Apple ဘက်က iPhone 7 Plus ကို စက်တင်ဘာ ၂၀၁၆ မှာ Release လုပ်ပေးခဲ့ပြီး မူပိုင်ခွင့်ကို သိသိသာသာကြီး ချိုးဖောက်ခဲ့ပါတယ်လို့ သိရပါတယ်။ “Corephotonics” ရဲ့ Dual-Lens Camera နည်းပညာကို အသုံးပြုသွားမယ်ဆိုတဲ့ တရားဝင်စာချုပ် ချုပ်ဆိုကြဖို့ Apple နဲ့ ညှိနှိုင်းခဲ့ရာမှာလည်း Apple ဘက်က ညှိနှိုင်းဆောင်ရွက်သူက 

                “အကယ်လို့ မူပိုင်ခွင့် ချိုးဖောက်ခဲ့ကြောင်း ထင်ရှားလို့ Apple ဘက်က လျော်ကြေးပေးရတော့မယ် ဆိုရင်တောင် အချိန်ကုန်၊ ငွေကုန်ပဲ ဖြစ်မယ်”

လို့ Dr. David နဲ့ “Corephotonics” က ဝန်ထမ်းတွေကို ပြောခဲ့တယ်လို့ သိရပါတယ်။

                Apple အနေနဲ့ ၂၀၁၅ ခုနှစ် တုန်းကလည်း Smartphone တွေအတွက် Multi-Aperature Camera အစိတ်အပိုင်းတွေကို တီထွင်တဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ အခြား အစ္စရေး အခြေစိုက် Camera နည်းပညာ ကုမ္ပဏီ “LinX” ကို ဝယ်ယူခဲ့ပါသေးတယ်။ ဒါ့ကြောင့် iPhone 7 Plus နဲ့ 8 Plus မှာ အသုံးပြုထားတဲ့ Dual-Lens Camera နည်းပညာတွေက “Corephotonics” က နည်းပညာတွေနဲ့ “LinX” က နည်းပညာတွေကို ပေါင်းထားတာလည်း ဖြစ်နိုင်တယ်လို့တော့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

                အခုအချိန်မှာတော့ တရားလို “Corephotonics” အနေနဲ့ သူတို့တီထွင်ထားတဲ့ နည်းပညာကို Apple ဘက်က ဆက်လက် အသုံးမချဖို့နဲ့ လျော်ကြေးကိုလည်း မျှမျှတတ ပေးသွားဖို့ တရားရုံးက စီရင်ချက်ချ ပေးသွားမယ်လို့ မျှော်လင့်နေပါတယ်။ တရားစွဲဆိုထားတဲ့ စာရွက်စာတမ်း အပြည့်အစုံကိုလည်း အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Apple and Corephotonics Complaint for Patent Infringement by TheVerge104 on Scribd

References
The Verge MacRumors
About Author
Assinged Tags
iPhone Copyright Dual Camera Smartphone Copyright Infringement iPhone 7 Plus Dual Camera Dual Lens Camera Lawsuit Apple iPhone 8 Plus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed