တထေရာတည်းတူတဲ့ အမွှာပူးတွေကို မခွဲခြားနိုင်တဲ့ Face ID

date_range 01 November 2017

တထေရာတည်းတူတဲ့ အမွှာပူးတွေကို မခွဲခြားနိုင်တဲ့ Face ID

visibility 27720 Views

                iPhone X က ဒီလ ၃ ရက်နေ့မှာမှ Pre-Order မှာထားတဲ့သူတွေဆီ ရောက်လာမှာ ဆိုပေမယ့် ဒီနေ့ကတည်းက Unboxing, First Impressions ဗီဒီယိုတွေ Online မှာ ပလူပျံနေပြီ ဖြစ်ပါတယ်။ အနောက်တိုင်းက မီဒီယာတိုင်းမှာ iPhone X First Impressions ဗီဒီယိုတွေနဲ့ ပြည့်နေပြီ ဆိုပေမယ့် Face ID ကိုတော့ အမွှာပူးတွေနဲ့ မစမ်းသပ်ခဲ့ပါဘူး။

                Mashable ကတော့ သူတို့ဝန်ထမ်းထဲက အမွှာပူးညီအစ်ကို နှစ်ယောက်တွဲဆီ ၄ ယောက်နဲ့ Face ID ကို စမ်းသပ်ခဲ့ပါတယ်။ စမ်းသပ်မှုထဲမှာတော့ ပထမဆုံး အကြိမ်အဖြစ် အမွှာပူးထဲက ပထမအမွှာရဲ့ မျက်နှာနဲ့ Face ID Setup Up လုပ်ခိုင်းပါတယ်။ ပြီးတဲ့အခါမှာတော့ iPhone X ကို အမွှာပူးထဲက ဒုတိယအမွှာရဲ့မျက်နှာနဲ့ ဖွင့်ခိုင်းခဲ့ပါတယ်။

                အဲ့ဒီ့အခါမှာတော့ iPhone X မှာမှ ပထမဆုံးပါဝင်လာခဲ့တဲ့ Face ID မှာ အားနည်းချက်တစ်ခု ရှိနေတယ်ဆိုတာကို သိခဲ့ရပါတယ်။ တထေရာတည်းတူတဲ့ အမွှာပူးတွေဆိုရင် Face ID က ခွဲခြား သိရှိနိုင်မှာ မဟုတ်ပါဘူး။ Mashable အနေနဲ့ ဒီအားနည်းချက်ရှိနေတာ သေချာသွားအောင်လို့ ဒုတိယအကြိမ် ထပ်မံစမ်းသပ်ခဲ့ပါသေးတယ်။

                ဒုတိယအကြိမ်မှာတော့ အမွှာပူးထဲက ဒုတိယအမွှာရဲ့ မျက်နှာနဲ့ Face ID Set Up အရင်ဆုံး ပြုလုပ်ပြီး၊ အမွှာထဲက ပထမအမွှာရဲ့ မျက်နှာနဲ့ Screen Lock ဖြည်ကြည့်ပါတယ်။ ဒုတိယအကြိမ်မှာလည်း ပထမအကြိမ် စမ်းသပ်မှုတုန်းကလိုပဲ အမွှာပူးတွေဆိုရင် ခွဲခြားသိရှိမှာ မဟုတ်ပဲ အမွှာပူးထဲက ဘယ်သူမျက်နှာနဲ့ပဲ ဖွင့်ဖွင့်၊ iPhone X ကို ဖွင့်လို့ရမှာ ဖြစ်ပါတယ်။

                Wall Street Journal က Reviewer တစ်ယောက်ကတော့ Face ID နဲ့ Lock ဖြည်ရတာ ကြောင်တောင်တောင်နိုင်တယ်လို့ ဆိုပါတယ်။ “ဖုန်းကို ဖွင့်ဖို့အရေး လှည့်လှည့်ကြည့်နေရတာ ကြောင်တောင်တောင်နိုင်တယ်” လို့ ပြောခဲ့ပါတယ်။ ပထမဆုံး iPhone ကို Review လုပ်ခဲ့သူကလည်း အလားတူပဲ ပြောခဲ့ပါတယ်။

                သို့ပေမယ့်လည်း Face ID မှာ အားသာချက်တွေလည်း ရှိပါသေးတယ်။ နေကာမျက်မှန်ပဲဖြစ်ဖြစ်၊ ပါဝါမျက်မှန်ပဲဖြစ်ဖြစ် ကြိုက်တာတပ်ထား ဖွင့်လို့ရမယ်။ နှုတ်ခမ်းမွှေးတွေ ရှည်လာလည်း ဖွင့်လို့ရမယ်။ ဦးထုပ်ဆောင်းထားလည်းပဲ ဖွင့်လို့ရမယ်။ ညဘက်အမှောင်ထဲမှာတောင် ကောင်းကောင်းကြီး အလုပ်လုပ်နိုင်တယ်။ နောက်ဆုံး Wall Street Journal က Review လုပ်တဲ့သူရဲ့ မျက်နှာနဲ့တူတဲ့ ဆီလီကွန်မျက်နှာဖုံး လုပ်ခိုင်းပြီး စမ်းသပ်ကြည့်တာတောင် ဖွင့်လို့မရခဲ့ပါဘူး။ ဒီတချက်ကတော့ Apple ကို ချီးကျူးလို့ရတယ်လို့ ထင်ပါတယ်။

                နောက်ပြီး အခုအားနည်းချက်ကလည်း တကယ့်ကို တထေရာထည်း တူညီတဲ့ အမွှာပူးတွေမှာသာ တွေ့ရမှာပါ။ Business Insider က လုပ်ခဲ့တဲ့ စမ်းသပ်မှုမှာတော့ အမွှာပူးဆိုပေမယ့် ရုပ်သိပ်မတူတဲ့အခါမှာတော့ ခွဲခြားနိုင်ခဲ့ပါတယ်။ ဆိုတော့ကား အားနည်းချက်တော့ ရှိတယ်ဆိုပေမယ့်လည်း အကြီးစားတော့ မဟုတ်ဘူးလို့ သုံးသပ်လို့ရပါတယ်။

References
Mashable Wall Street Journal Business Insider
About Author
Assinged Tags
iPhone Security Mobile Security Apple iPhone X FaceID
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed