FullView Display ၊ Neural Engine ပါ Kirin 970 SoC တို့နဲ့ ထွက်ရှိလာတဲ့ Huawei Mate 10 နဲ့ Mate 10 Pro

date_range 19 October 2017

FullView Display ၊ Neural Engine ပါ Kirin 970 SoC တို့နဲ့ ထွက်ရှိလာတဲ့ Huawei Mate 10 နဲ့ Mate 10 Pro

visibility 1180 Views

                တရားဝင်မိတ်မဆက်ခင်ကတည်းက သတင်းတွေ အလျှံပယ်ထွက်နေခဲ့တဲ့ Huawei Mate 10 Pro ကို အောက်တိုဘာလ ၁၆ ရက်နေ့က တရားဝင်မိတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်။

                Huawei ရဲ့ CEO ဖြစ်တဲ့ Richard Yu ဟာ Huawei Mate 10 နဲ့ Mate 10 Pro တို့ကို စင်ပေါ်မှာ မိတ်ဆက်ပေးတဲ့အခါ ဒီစမတ်ဖုန်းနှစ်မျိုးကို Apple ရဲ့ iPhone X နဲ့ iPhone 8 Plus တို့နဲ့ အဓိကနှိုင်းယှဉ်ပြသွားခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။


                Richard Yu က ဘောင်မဲ့နီးပါး Display ပါရှိတဲ့ Mate 10 နဲ့ Mate 10 Pro တို့ဟာ ၉၉၉ ဒေါ်လာတန် iPhone X ထက် ပိုကောင်းတဲ့ လုပ်ဆောင်ချက်တွေ အများကြီးပါတယ်လို့ ပြောကြားသွားပေမယ့်၊ ဘယ်ဖုန်းက ပိုကောင်းသလဲဆိုတာကတော့ ထုံးစံအတိုင်း လက်ထဲရောက်လာမှ သိရှိရမှာပါ။

                Mate 10 နဲ့ Mate 10 Pro စမတ်ဖုန်းနှစ်မျိုးမှာ အဓိကထူးခြားချက်ကတော့ Neural-Network Processor Unit (NPU) ကို HiSilicon Kirin 970 စမတ်ဖုန်းပရိုဆက်ဆာ (SoC) ထဲမှာ တပါတည်း ထည့်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ Huawei ကတော့ ဒါဟာ mobile SOC ထဲမှာ Neural Engine ပထမဆုံးထည့်သွင်းနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပေမယ့် Apple ရဲ့ A11 Bionic Chipset မှာ Dual-Core ‘Neural Engine’ ပါဝင်တာကို အားလုံးသိကြပြီးဖြစ်မှာပါ။ Android စမတ်ဖုန်းထဲမှာ ပထမဆုံးဆိုရင် ပိုမှန်လိမ့်မယ်ထင်ပါတယ်။

                Huawei ရဲ့ အဆိုအရ Kirin 970 Chipset ဟာ AI နည်းပညာသုံး စွမ်းဆောင်ရည်တွေ အများအပြားပါဝင်တယ်လို့ သိရပါတယ်။ အဆိုပါ Features တွေထဲမှာ Selfie ရိုက်တဲ့အခါ ပိုကောင်းတဲ့ဓာတ်ပုံတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်တဲ့ Feature ၊ Bokeh Effect ပုံတွေ ရိုက်ကူးတဲ့အခါ အဓိက Focus ထားတဲ့ Object ကို ပိုမိုနားလည်သိရှိနိုင်တဲ့ Feature တို့အပြင် User ရဲ့ အသုံးပြုတဲ့ပုံစံကို လေ့လာမှတ်သားထားပြီး၊ ဖုန်းရဲ့ Resources တွေကို အကောင်းဆုံးအသုံးချပေးနိုင်မယ့် Feature တို့ ပါဝင်တယ်လို့ သိရပါတယ်။ Huawei က ဒီအချက်ကို တော်တော်လေးအရေးပေးပြောသွားတာလည်း မြင်တွေ့ရပါတယ်။ Huawei ရဲ့ လေ့လာချက်အရ Android Devices တွေဟာ အချိန်ကြာလာတာနဲ့အမျှ Performance လျော့သွားတာမျိုး ဖြစ်နေပေမယ့်၊ Kirin 970 က Neual-Network Processing Unit က ဒီပြဿနာကို သိသိသာသာလျော့ချပေးနိုင်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ယခုလို ဖုန်းမှာ Machine Learning နည်းပညာကို ပေါင်းစပ်အသုံးပြုထားမှုကို Huawei က MobileAI လို့ ကင်ပွန်းတပ်ထားပါတယ်။

                ဒီ့အပြင် Kirin 970 ဟာ အရမ်းစွမ်းဆောင်ရည်မြင့်လွန်းတာကြောင့် ဖုန်းကို Monitor မှာ ချိတ်လိုက်ရုံနဲ့တင် Dock မလိုဘဲ PC တစ်လုံးလို အသုံးပြုနိင်မယ်လို့ ဆို ပါတယ်။ လက်ရှိမှာ Samsung ရဲ့ Galaxy S8 နဲ့ Note 8 တို့က Dock နဲ့ပဲ PC Mode အသုံးပြုနိုင်သေးပါတယ်။ အခုလို ဖုန်းကို မော်နီတာမှာ ချိတ်ပြီးတဲ့အခါမှာလည်း ဖုန်းကို Mouse ပုံစံ ဆက်လက်အသုံးပြုနိုင်မှုကို စင်ပေါ်မှာ သရုပ်ပြသွားခဲ့ပါတယ်။

                Huawei Mate 10 နဲ့ Mate 10 Pro တို့မှာ ဒီဇိုင်းပိုင်းကွာခြားချက်တစ်ခုက Mate 10 ဖုန်းက Fingerprint Sensor ပါ Home Button နဲ့ ဖြစ်ပေမယ့်၊ Mate 10 Pro မှာတော့ Fingerprint Sensor က ဖုန်းကျောဘက်ရောက်သွားတာကို မြင်တွေ့ရပါတယ်။


                တခြား Specifications တွကတော့ Mate 10 မှာ 5.9-inch QHD (1440x2560 pixels) LCD Display နဲ့ Mate 10 Pro မှာ 6-inch Full-HD+ (1080x2160 pixels) OLED Display တို့ကို အသုံးပြုထားပါတယ်။ ဘောင်မဲ့နီးပါး Display နှစ်ခုစလုံးကို Huawei က FullView Display လို့ နာမည်တပ်ထားတာ တွေ့ရပါတယ်။ Apple က iPhone X မှာ စခရင်နဲ့ဖုန်းဘော်ဒီအချိုး 81.36% အထိ လုပ်နိုင်ခဲ့ပေမယ့်၊ Mate 10 မှာတော့ Screen-to-Body Ratio 81.79% နဲ့ Mate 10 Pro မှာ 81.61% ဆိုတော့ iPhone X ထက် ဘောင်ပိုသေးတာတာကို သတိထားမိမှာပါ။ ဒါပေမယ့် Mate 10 နဲ့ Mate 10 Pro တို့မှာ Home Button/ Huawei Logo ပါဝင်ဆဲဖြစ်တာကြောင့် iPhone X ထက် စခရင်ပိုပြည့်တယ်လို့ ထင်ရမှာ မဟုတ်ပါဘူး။

                တခြား Specifications တွေအနေနဲ့ကတော့ Mate 10 မှာ RAM 4 GB နဲ့ Internal Storage 64 GB မော်ဒယ်တစ်မျိုးပဲ ထွက်ရှိမှာဖြစ်ပေမယ့်၊ Mate 10 Pro မှာတော့ RAM 4 GB, Internal Storage 64 GB မော်ဒယ်ရယ်၊ RAM 6 GB, Internal Storage 128 GB မော်ဒယ်ရယ်ဆိုပြီး နှစ်မျိုး ထွက်ရှိမှာပါ။  ဒါပေမယ့် Mate 10 မှာ microSD ကတ် 256 GB အထိ စိုက်လို့ရမှာဖြစ်ပေမယ့်၊ Mate 10 Pro မှာတော့ Card Slot ပါဝင်မှာ မဟုတ်ပါဘူး။  ဘက်ထရီကတော့ Mate 10 ကော Mate 10 Pro ကော 4,000mAh ဘက်ထရီ တူတူပါပဲ။

                ကင်မရာပိုင်းမှာတော့ ဖုန်းနှစ်မျိုးစလုံးမှာ Leica ထုတ် 20-megapixel Monochrome Sensor နဲ့ 12-megapixel RGB Sensor သုံး Dual ကျောကင်မရာနှစ်လုံးကို တွေ့မြင်ရမှာဖြစ်ပြီး၊ OIS, BSI CMOS, PDAF, CAF, Laser Autofocus နဲ့ Depth Autofocus တို့ ပါဝင်မှာပါ။ ရှေ့ကင်မရာကတော့ 8-megapixel တစ်လုံးပဲ ဖြစ်ပါတယ်။


                Software ပိုင်းအနေနဲ့ကတော့ Latest Android 8.0 based EMUI 8.0 ကို အသုံးပြုမှာဖြစ်ပါတယ်။ Mate 10 နဲ့ Mate 10 Pro မှာ ကွာခြားချက်တစ်ခုကတော့ Mate 10 မှာ 3.5mm Headphone Jack ပါဝင်ပေမယ့်၊ Mate 10 Pro မှာတော့ Headphone Jack မပါဝင်လာပါဘူး။

                စျေးနှုန်းအနေနဲ့ကတော့ Huawei Mate 10 ကို ၆၉၉ ယူရိုစျေး၊ Mate 10 Pro ကိုတော့ ၇၉၉ ယူရိုစျေး နဲ့ နိုဝင်ဘာလအတွင်း Australia, China, Egypt, Malaysia, Mexico, New Zealand, Philippines, Saudi Arabia, Singapore, Spain နဲ့ UAE တို့မှာ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Mate 10 နဲ့ Mate 10 Pro အပြင် အရင် Mate 9 တုန်းကလိုပဲ Porsche Design Huawei Mate 10 ကိုလည်း ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Prosche Design Mate 10 ရဲ့ Specifications ကတော့ Mate 10 Pro နဲ့ အတူတူပဲ ဖြစ်မှာပါ။  


 

References
Gadgets NDTV The Verge
About Author
Assinged Tags
Huawei Smartphones Kirin 970 Bezel-Less Display Mate 10 Pro Mate 10 Neural-Network Processor Unit Neural Engine
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed