VirnetX နဲ့ FaceTime မူပိုင်ခွင့်အမှုမှာ Apple ထပ်မံရှုံးနိမ့်ပြီး၊ ဒေါ်လာ ၄၃၉ သန်း ပေးဆောင်ရမည်

date_range 17 October 2017

VirnetX နဲ့ FaceTime မူပိုင်ခွင့်အမှုမှာ Apple ထပ်မံရှုံးနိမ့်ပြီး၊ ဒေါ်လာ ၄၃၉ သန်း ပေးဆောင်ရမည်

visibility 1740 Views

                ၂၀၁၀ ခုနှစ်ကတည်းက စဖြစ်ခဲ့တဲ့ Apple နဲ့ VirnetX တို့ရဲ့ မူပိုင်ခွင့်အမှုဟာ အချိန် (၇) နှစ်ကျော် ကြာမြင့်ခဲ့ပြီးနောက်၊ နောက်ဆုံးမှာ တရားရုံးက Apple ကို နစ်နာကြေး ဒေါ်လာ ၄၃၉ သန်း ပေးဆောင်ဖို့ အမိန့်ချမှတ်လိုက်ပြီဖြစ်ပါတယ်။ Apple ဘက်ကတော့ ယခုအမိန့်ကို အယူခံ ထပ်ဝင်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

                FaceTime နဲ့ iMessage တို့မှာ အသုံးပြုထားတဲ့ နည်းပညာဟာ VinetX က မူပိုင်ခွင့်တင်ထားတဲ့ နည်းပညာတွေကို အသုံးချထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ VirnetX ကုမ္ပဏီက Apple ကို ၂၀၁၀ ခုနှစ်မှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ အဆိုပါ ၂၀၁၀ ခုနှစ်အမှုဟာ ၂ နှစ်ကြာမြင့်ပြီးနောက်၊ ၂၀၁၂ ခုနှစ်မှာ တရားရုံးက Apple ကို ဒေါ်လာ ၃၆၈ သန်း ပေးဆောင်စေဖို့ အမိန့်ချမှတ်ခဲ့ ပါတယ်။

                ဒါပေမယ့် Apple ဘက်က အယူခံဝင်တာတွေ၊ အမှုပြန်လည်စစ်ဆေးဖို့ တောင်းဆိုတာတွေကြောင့် ဒီအမှုက နှစ်ရှည်လများ ကြာနေခဲ့ပြီး၊ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာတော့ တရားရုံးက Apple ကို ဒေါ်လာ ၃၀၂.၄ သန်း ပေးဆောင်စေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် Apple ဟာ တမင်တကာ၊ ရည်ရွယ်ချက်ရှိရှိ မူပိုင်ခွင့်ချိုးဖောက်ခဲ့ကြောင်း တရားရုံးက ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရတာကြောင့် နစ်နာကြေး ပြန်လည် တွက်ချက်ခဲ့ပါတယ်။ နစ်နာကြေး တွက်ချက်ရာမှာ ရောင်းချပြီးသား မူပိုင်ခွင့်ချိုးဖောက်ထားတဲ့ iPhones, iPads နဲ့ Macs တစ်လုံးချင်းစီတိုင်းအတွက် မူလတွက်ချက်ထားတဲ့ ၁.၂၀ ဒေါ်လာနှုန်းကနေ ၁.၈၀ ဒေါ်လာနှုန်း အထိ တိုးမြှင့်ပေးလိုက်တာကြောင့် နောက်ထပ် ဒေါ်လာ ၄၁ သန်း ပိုများလာတာ ဖြစ်ပါတယ်။ ဒီ့အပြင် ရှေ့နေခနဲ့ တခြားကုန်ကျစရိတ်တွေအတွက် နောက်ထပ် ဒေါ်လာ ၉၆ သန်း ထပ်တိုးခဲ့ပြီး၊ စုစုပေါင်း ဒေါ်လာ ၄၃၉.၇ သန်း ပေးဆောင်ဖို့ Texas ပြည်နယ်တရားရုံးက နောက်ဆုံးအမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

                Apple ကတော့ ယခုဆုံးဖြတ်ချက်ကို ဆက်လက်အယူခံဝင်သွားဦးမှာဖြစ်တယ်လို့ ဆိုပြီး၊ ကုမ္ပဏီနှစ်ခုအနေနဲ့ တရားရုံးတော်မှာ ၂၀၁၈ ခုနှစ်၊ မတ်လ ဒုတိယအပတ်အတွင်း ပြန်လည်ရင်ဆိုင်ရဖို့ ရှိပါတယ်။ ၂၀၁၀ က စခဲ့တဲ့ အမှုကတော့ ဆယ်စုနှစ်တစ်စုနီးပါး ကြာမြင့်လာပြီ ဖြစ်ပါတယ်။

                VirnetX CEO ဖြစ်တဲ့ Kendall Larsen ကတော့ တရားရုံးတော်ရဲ့ ယခုဆုံးဖြတ်ချက်ကို နှစ်ထောင်းအားရဖြစ်မိကြောင်းနဲ့၊ ဂျူရီအဖွဲ့က Apple နဲ့ အမှုမှာ သူတို့ကို အနိုင်ပေးခဲ့တာ ဒီတစ်ကြိမ်နဲ့ဆို သုံးကြိမ်တိတိ ရှိပြီဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

                Software ကုမ္ပဏီတစ်ခုဖြစ်တဲ့ VrinetX ဟာ ယခုနှစ်အစောပိုင်းတုန်းကလည်း Microsoft က သူတို့ရဲ့ VPN နည်းပညာဆိုင်ရာမူပိုင်ခွင့်တွေကို Windows 7, Vista, XP နဲ့ တခြား Products တွေမှာ ယူသုံးမှုကြောင့် ယခု တရားရုံးမှာပဲ တရားစွဲဆိုခဲ့ပြီး၊ ဒေါ်လာ သန်း ၂၀၀ အနိုင်ရရှိခဲ့ပါသေးတယ်။ 

References
Cnet The Verge
About Author
Assinged Tags
Copyright Infringement Patent Apple VirnetX FaceTime iMessage
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed