SuperSU Root ကနေ အနားယူတော့မယ့် Developer "Chainfire"

date_range 12 October 2017

SuperSU Root ကနေ အနားယူတော့မယ့် Developer "Chainfire"

visibility 740 Views

                Chainfire ကို လူတော်တော်များများမသိကြပေမယ့် ဖုန်းကို Root ပြုလုပ်ဖူးတဲ့သူတွေအတော်များများ SuperSU ကိုတော့ ရင်းနှီးကြမှာပါ။ အဆိုပါ SuperSU Root Application ကို ဖန်တီးခဲ့တဲ့ Developer Chainfire က သူရဲ့ Google+ Page မှာ SuperSU ကနေ အနားယူတော့မှာ ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ 

                SuperSU ဟာ Chainfire ကိုယ်တိုင်စတင်ပြုလုပ်ခဲ့တာဖြစ်ပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ CCMT က SuperSU ကို လွှဲပြောင်းဝယ်ယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Chainfire ကိုယ်တိုင်ပဲ SuperSU Development တွေကိုပြုလုပ်လာခဲ့ပြီး အခုအချိန်မှာတော့ အပြီးတိုင် စွန့်ခွာတော့မှာဖြစ်ပါတယ်။ 

                Chainfire ရဲ့ Google+ Page မှာ ရေးသားခဲ့တဲ့ပုံအရတော့ လာမယ့် ၂၀၁၈ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မတိုင်ခင်အထိ အကြံပေးအနေနဲ့ပဲ ရှိနေတော့မှာဖြစ်ပြီး၊ အဲ့ဒီနောက်ပိုင်းကြရင်တော့ SuperSU နဲ့ လုံးဝသက်ဆိုင်မှာ မဟုတ်တော့ဘူးလို့ ရေးသားထားပါတယ်။ 

                လွန်ခဲ့တဲ့ ၅နှစ်ခွဲ ဝန်းကျင်က Chainfire ရဲ့ SuperSU ဟာ Android တွေအတွက် အကြီးမားဆုံးအပြောင်းအလဲတစ်ခုလို့ ပြောလို့ရတဲ့ Rooting Method တစ်ခုဖြစ်ခဲ့ပြီး၊ ဖုန်းတိုင်းနီးပါး SuperSU နဲ့ပဲ Root ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ SuperSU ဟာ အဲ့ဒီအချိန်ထဲက ပထမဆုံး သီးခြားအဆင့်တွေ မလိုအပ်ဘဲ၊ Recovery ကနေ Zip File Flash ရုံနဲ့ Root ပြုလုပ်နိုင်တဲ့အလွယ်ကူဆုံး နည်းလမ်းလို့တောင် ပြောလို့ရပါတယ်။ နောက်ပိုင်းမှာ Google Safety Net ကို ကျော်နိုင်တဲ့ Suhide ကိုတောင် ထုတ်ခဲ့ပါသေးတယ်။ 


                အခုအချိန်ဟာ Chainfire ရဲ့ ပထမဆုံး Application ဖြစ်တဲ့ Windows Mobile System Tweaking App - KaiserTweak ထုတ်ခဲ့တာ ဆယ်နှစ်ခန့်ရှိပြီဖြစ်ကြောင်းကိုလည်း Google+ မှာ ရေးသားခဲ့ပါသေးတယ်။ 

                Chainfire ဟာ လက်ရှိအချိန်မှာ SuperSU တစ်ခုထဲ ပြုလုပ်နေတာမဟုတ်ဘဲ၊ Mobile Flashing Application တစ်ခုဖြစ်တဲ့ Flash Fire နဲ့ Firmware Website အသစ်တစ်ခုဖြစ်တဲ့ firmware.mobi ကိုလည်း တည်ထောင်ခဲ့ပြီး အဆိုပါကိစ္စတွေကိုပဲ အာရုံစိုက်သွားဖို့ များမှာပါ။ 

                Chainfire မရှိတော့တဲ့ SuperSU က ဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့ အတိအကျမသိသေးပေမယ့်၊ Chainfire ကတော့ CCMT ကုမ္ပဏီကပဲ ဆက်လက်ပြီး SuperSU Application ကို ဆက်လက်ပြုလုပ်သွားမယ်လို့ ပြောကြားထားပါတယ်။ ဒါပေမယ့်လည်း အခုနောက်ပိုင်းမှာ Google SafetyNet ကို အသာလေးကျော်လွှားနိုင်တဲ့ Systemless Rooting Application တစ်ခုဖြစ်တဲ့ Magisk ကလည်း အသုံးပြုသူ အလွန်များပြားလာပြီး၊ SuperSU ထက်တောင် ပိုပြီးအဆင်ပြေတယ်လို့ ပြောလို့ရတဲ့အတွက် SuperSU က တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားမလား... ပုံစံပြောင်းလဲပြီး ပိုမိုကောင်းမွန်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

References
XDA Developers Google Plus
About Author
Assinged Tags
Android Root App Developers Firmware Chainfire SuperSU Flash Fire
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed