အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှပ်နှံကာ မောင်းသူမဲ့ကားစျေးကွက်ထဲ ဝင်ရောက်လာတဲ့ Samsung

date_range 15 September 2017

အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှပ်နှံကာ မောင်းသူမဲ့ကားစျေးကွက်ထဲ ဝင်ရောက်လာတဲ့ Samsung

visibility 380 Views

                စမတ်ဖုန်းစျေးကွက်အပါအဝင် အီလက်ထရောနစ်ပစ္စည်းစျေးကွက်မှာပါ ကြီးစိုးထားတဲ့ Samsung Electronics ကုမ္ပဏီဟာ အခုအခါ မောင်းသူမဲ့ကား (Self-Driving Car) စျေးကွက်ကိုပါ ထိုးဖောက်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။

                တောင်ကိုရီးယားအခြေစိုက်ကုမ္ပဏီဖြစ်တဲ့ Samsung ဟာ ဖွံ့ဖြိုးဆဲအခြေအနေမှာရှိသေးတဲ့ မောင်းသူမဲ့ယာဥ်နည်းပညာအတွက် သီးသန့်ဌာနတစ်ခုကို ဖွဲ့စည်းပြီးပြီဖြစ်ကြောင်းနဲ့၊ ပထမအဆင့်အနေနဲ့ ဒေါ်လာသန်း ၃၀၀ ရင်းနှီးမြှပ်နှံသွားမှာဖြစ်ကြောင်း ယနေ့ပြုလုပ်ခဲ့တဲ့ Frankfurt ကားပြပွဲမှာ ကြေငြာလိုက်ပါတယ်။

                Samsung ကနေ ယခုနှစ်အစောပိုင်းတုန်းက ဒေါ်လာ ၈ ဘီလီယံနဲ့ ဝယ်ယူခဲ့တဲ့ နာမည်ကျော် Audio နည်းပညာကုမ္ပဏီ Harman ရဲ့ လက်အောက်မှာ  ယခုဌာနခွဲအသစ်ကို ထားရှိသွားမှာဖြစ်ပြီး၊ HARMAN SBU (Strategic Business Unit) လို့ နာမည်ပေးထားပါတယ်။ HARMAN SBU ဟာ ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမတည်ငွေကို အသုံးချပြီး ယာဉ်အလိုအလျောက်မောင်းနှင်မှုနည်းပညာနဲ့ ဒီနည်းပညာပိုင်းက ကုမ္ပဏီအသစ်တွေမှာ ထပ်မံရင်းနှီးမြှပ်နှံသွားမှာ ဖြစ်တယ်လို့ Samsung ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

                Audio Speaker တွေနဲ့ လူသိများတဲ့ Samsung လက်အောက်ခံ Harman ကုမ္ပဏီဟာ ဝင်ငွေ ၆၅ ရာခိုင်နှုန်းလောက်က ယာဉ်လမ်းကြောင်းပြစနစ်ဝန်ဆောင်မှုတွေ၊ ကားတွင်းဖျော်ဖြေရေးစနစ်တွေနဲ့ မော်တော်ယာဉ်ကွန်ရက်စနစ်တွေကနေတဆင့် ပြန်ဝင်လာတာဖြစ်တာကြောင့် မော်တော်ယာဉ်စျေးကွက်မှာ နေရာရပြီးသားကုမ္ပဏီဖြစ်ပါတယ်။ 

                လွန်ခဲ့တဲ့နှစ်ပတ်လောက်ကလည်း ကယ်လီဖိုးနီးယားမော်တော်ယာဥ်ဌာနဟာ Samsung ကုမ္ပဏီကို အမေရိကန်ပြည်ထောင်စုမှာ မောင်းသူမဲ့ယာဉ်စမ်းသပ်ခွင့် ပါမစ်ချပေးပြီးဖြစ်တာကြောင့် Samsung ဟာ မောင်းသူမဲ့ယာဉ်နည်းပညာကို အမေရိကန်မှာ အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်သွားဖို့ ရှိပါတယ်။  မိခင်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံမှာလည်း အလားတူပါမစ်ရရှိထားပြီးဖြစ်တာကြောင့်၊ US ကော တောင်ကိုရီးယားမှာပါ မောင်းသူမဲ့ယာဉ်နည်းပညာကို စမ်းသပ်သွားနိုင်ခြေရှိပါတယ်။

“ မောင်းသူမဲ့ယာဉ်စျေးကွက်ထဲကို ဝင်ရောက်မယ့် ကျနော်တို့ရဲ့ ရည်ရွယ်ချက်တွေကို ပြောပြဖို့ အချိန်ရောက်ပါပြီ။ Samsung အနေနဲ့ ဒီလုပ်ငန်းကို တဖြည်းဖြည်းချင်း ဖော်ဆောင်နေတာ အချိန်တော်တော်ကြာခဲ့ပါပြီ”

                လို့ Samsung ရဲ့ President and Chief Strategy Officer ဖြစ်တဲ့ Young Sohn က Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

                Samsung Automotive Innovation Fund လို့ အမည်ပေးထားတဲ့ ယခု ဒေါ်လာသန်း ၃၀၀ ရင်းနှီးမြှပ်နှံငွေကို လာမယ့် နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ Sensors ၊ Machine Vision ၊ Artificial Intelligence ၊ စွမ်းဆောင်ရည်မြင့် Computing and Cloud ဝန်ဆောင်မှုတွေ၊ မိုဘိုင်းဆက်သွယ်မှုနဲ့ မော်တော်ယာဉ်ပိုင်းဆိုင်ရာလုံခြုံရေးကဏ္ဍတွေမှာ အသုံးပြုသွားမှာြဖစ်တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

                ဒီမတည်ငွေကို ပထမဆုံးအသုံးချတဲ့အနေနဲ့ Vienna အခြေစိုက် Networking Computing Systems ကုမ္ပဏီတစ်ခုဖြစ်တဲ့ TTTech မှာ ဒေါ်လာ ၈၉ သန်း ရင်းနှီးမြှပ်နှံသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ TTTech ဟာ Boeing Dreamliner လေကြောင်းလိုင်းအပြင်၊ Audi ကားတွေနဲ့ NASA Spacecraft တို့မှာ အသုံးပြုတဲ့ Network Computing Systems တွေကို ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။

                Samsung ဟာ Semiconductors ကုမ္ပဏီတွေထဲမှာ ဝင်ငွေအရ အကြီးမားဆုံးလည်းဖြစ်သလို၊ အီလက်ထရောနစ်ပစ္စည်းနယ်ပယ်မှာလည်း စမတ်ဖုန်း၊ TV ၊ Display နဲ့ Memory Chips တွေနဲ့ စျေးကွက်ကို ဦးဆောင်နေတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေအပြင် Harman ကနေတဆင့် ကားကုမ္ပဏီတွေနဲ့ ဆက်သွယ်မှုရှိတဲ့ Samsung အနေနဲ့ မောင်းသူမဲ့ကားလုပ်ငန်းထဲကို ဝင်ရောက်တာက သိပ်တော့ အခက်တွေ့စရာမရှိပါဘူး။ ပြိုင်ဘက်ကုမ္ပဏီတွေလို့ပြောလို့ရတဲ့ Intel, Google တို့အပြင် Tesla တို့လို နာမည်ကြီးကုမ္ပဏီတွေက ဒီစျေးကွက်ထဲရောက်နှင့်ပြီးသား ဖြစ်ပေမယ့် Samsung ဘက်က ယုံကြည်ချက်အပြည့်ရှိကြောင်းလည်း Sohn က ပြောကြားခဲ့ပါတယ်။

                မောင်းသူမဲ့ကားစျေးကွက်ဟာ အခုအချိန်မှာ ဖွံ့ဖြိုးဆဲဖြစ်ပေမယ့်၊ နည်းပညာအခြေပြုကုမ္ပဏီတော်တော်များများက ဒီစျေးကွက်ထဲကို ပုံအောဝင်လာကြပြီးဖြစ်သလို၊ Apple လို ဝင်လာဖို့ ကြံစည်နေတဲ့ကုမ္ပဏီတွေလည်း ရှိပါတယ်။ Intel ဆို လွန်ခဲ့တဲ့လကတင် ယာဉ်ထိခိုက်မှုကာကွယ်ရေး ADAS Software မှာ ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Mobileye ကို ဒေါ်လာ ၁၅.၃ ဘီယီယံနဲ့ ဝယ်ယူခဲ့ပြီးဖြစ်ပါတယ်။ Intel ရဲ့ ပြိုင်ဘက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Qualcomm ကလည်း မောင်းသူမဲ့ယာဉ်တွေအတွက် Chips ထုတ်လုပ်တဲ့ NXP Semiconductors NV ကုမ္ပဏီကို ဒေါ်လာ ၄၇ ဘီလီယံနဲ့ ဝယ်ယူဖို့ သဘောတူညီပြီးပါပြီ။ လက်ရှိမှာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ ခွင့်ပြုချက်ပဲ လိုတော့ပါတယ်။ ဒါတွေကြည့်မယ်ဆိုရင် မောင်းသူမဲ့ကားစျေးကွက်ဟာ အခုအချိန်ဟာ ငြိမ်နေဆဲအဆင့်ရှိသေးပေမယ့်၊ သိပ်မကြာတော့တဲ့တစ်ချိန်မှာ အရှိန်အဟုန်နဲ့ ပေါက်ကွဲထွက်လာမှာပါ။

References
Gadgets NDTV The Verge Samsung Newsroom
About Author
Assinged Tags
Samsung Samsung Electronics Car Autonomous Vehicles Self-Driving Cars Harman SBU
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed