Hydrogen One စမတ်ဖုန်းမှာ အသုံးပြုမယ့် ‘Holographic Display’ အကြောင်းကို RED ရှင်းပြ

date_range 11 September 2017

Hydrogen One စမတ်ဖုန်းမှာ အသုံးပြုမယ့် ‘Holographic Display’ အကြောင်းကို RED ရှင်းပြ

visibility 12020 Views

                လွန်ခဲ့တဲ့လအနည်းငယ်က Digital Camera နဲ့ Camera ပစ္စည်းတွေထုတ်လုပ်တဲ့ RED ကုမ္ပဏီဟာ ဒေါ်လာ ၁,၂၀၀ တန်တဲ့ Hydrogen One စမတ်ဖုန်းကို ထုတ်လုပ်သွားမှာဖြစ်ကြောင်း ရုတ်တရက်ကြေငြာခဲ့ပါတယ်။

                RED ဟာ ဒီဂျစ်တယ်ကင်မရာပရိတ်သတ်တွေကြားမှာ နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်တာကြောင့် အားလုံးက RED က မိတ်ဆက်မယ့် Hydrogen One စမတ်ဖုန်းကို စိတ်ဝင်စားခဲ့ကြပါတယ်။ ဒါပေမယ့် ဒီထက်စိတ်ဝင်စားဖို့ကောင်းတာက Hydrogen One စမတ်ဖုန်းမှာ အသုံးပြုမယ်လို့ ပြောခဲ့တဲ့ “Holographics Display” ပါ။ RED အနေနဲ့ အဆိုပါ Display အကြောင်း တိတိကျကျမပြောခဲ့တာကြောင့်လည်း လူတွေ ပိုစိတ်ဝင်စားခဲ့တာလို့ ဆိုနိုင်ပါတယ်။ ဘာ Display လည်း ဆိုတာမသိရဘဲနဲ့တောင်၊ ဒေါ်လာ ၁၂၀၀ တန်ဖုန်းကို Pre-Order မှာယူမှုတွေ များခဲ့တဲ့အထိပါ။

                ယနေ့မှာတော့ RED ဟာ Hydrogen One မှာ အသုံးပြုမယ့် ‘Holographic Display’ အကြောင်း ရှင်းပြလိုက်ပြီဖြစ်ပါတယ်။ RED ဟာ အခု Display ကို နာမည်သိပ်မရှိသေးတဲ့ နည်းပညာကုမ္ပဏီသစ်တစ်ခု Leia Inc. နဲ့ ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ပါတယ်တဲ့။ Leia ကုမ္ပဏီဖော်ပြချက်မှာတော့ “ Lightfield Holographic Display Solutions for Mobile” လို့ ရေးသားထားတာတွေ့ရပါတယ်။ Leia ကို ၂၀၁၄ ခုနှစ်မှာ HP Research Labs ကနေ ကုမ္ပဏီအသစ်အဖြစ် ခွဲထွက်တည်ထောင်ခဲ့တာဖြစ်ပြီး၊ RED ကိုယ်တိုင်ကလည်း Leia ကုမ္ပဏီမှာ အကျိုးတူပူးပေါင်းမှုအနေနဲ့ ပမာဏမဖော်ပြတဲ့ငွေကြေးအရင်းအနှီး စိုက်ထုတ်ပေးထားတာ ဖြစ်ပါတယ်။

                ဒါဆို Leia ရဲ့ Display နည်းပညာ ဘယ်လိုအလုပ်လုပ်သလဲ ကြည့်ကြည့်ရအောင်

                Leia ဟာ Mobile Device တွေမှာ အလင်းစက်ကွင်း (Light Field) အသုံးပြု ‘Holographic’ Display ကို တပ်ဆင်နိုင်ဖို့အတွက် နည်းပညာအသစ်ဖြစ်တဲ့ Nano-Photonic Design နဲ့ Manufacturing နည်းပညာကို Hardware နဲ့ Software တွေကို ပူးပေါင်းအသုံးချထားတာဖြစ်ပါတယ်။ ( Light Field အကြောင်း ကြုံကြိုက်မှ ထပ်မံရှင်းပြပါမယ်။) Silicon Valley အခြေစိုက် Leia ကုမ္ပဏီဟာ သာမန် LCD Display မှာပဲ Nano အလင်းလွှာ ထပ်ပေါင်းပြီး၊ Lightfield Holographic ရုပ်ပုံနဲ့ ဗီဒီယိုတွေကို ဖော်ပြနိုင်ခဲ့တာဖြစ်ပြီး၊ Holographic အသုံးမပြုတဲ့အခါမှာလည်း သာမန် Display အတိုင်း အသုံးပြုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။။ Leia အနေနဲ့ ဒီနည်းပညာကို "Lit by Leia" လို့ နာမည်ပေးထားပါတယ်။

                LEIA ရဲ့ Mobile Holographic Displays အကြောင်း လွန်ခဲ့တဲ့နှစ်က မိတ်ဆက်ထားတဲ့ ဗီဒီယိုကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။


                Hydrogen One Display ရဲ့ 3D ပုံရိပ်တွေကို ထောင့်ပေါင်းစုံကနေ ကောင်းမွန်စွာကြည့်ရှုနိုင်မှာဖြစ်ပြီး၊ Mapping Application တွေအသုံးပြုတဲ့အခါမှာ မြေပုံက အပြင်ကို ကြွတက်နေတဲ့အလား မြင်နိုင်မှာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ဖုန်းအသုံးပြုသူအနေနဲ့ “Display အပေါ်ကြွတက်နေတဲ့ပုံရိပ်တွေ” ကို Synaptics ရဲ့ Gesture Control နည်းပညာနဲ့ Interact ( ထိန်းချုပ်ခိုင်းစေ) နိုင်မှာဖြစ်ပါတယ်။ Synaptics ဆိုတာ ကျနော်တို့ အသုံးပြုနေတဲ့ Laptop တော်တော်များများက Trackpad တွေကို ပြုလုပ်ပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

                Hydrogen One ရဲ့ သာမန် LCD Display မှာ Nano အလွှာတစ်ထပ်ကို အသုံးပြုထားကာ၊ အလင်းရောင်စဉ်တန်းခွဲခြားတဲ့နည်းပညာနဲ့ Light field အလင်းပုံရိပ်တွေ ထုတ်ပေးနိုင်တာ ဖြစ်ပါတယ်။ Leia ရဲ့ အဆိုအရ “Diffractive Lightfield Backlighting” (DLB) Display အလွှာဟာ Display ရဲ့ အရည်အသွေးကို ထိခိုက်မှုမရှိစေသလို၊ ဘက်ထရီပိုကုန်တာမျိုးလည်း မဖြစ်စေနိုင်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် ဒီအလွှာတစ်ခု ပါတာကြောင့် Display က သိသိသာသာပိုထူနေတာမျိုးမရှိဘဲ၊ သာမန် Display အတိုင်းပဲ ဖြစ်တယ်လို့ သိရပါတယ်။


                ဒီနည်းပညာက သူတို့ပြောထားသလိုမျိုး အပြင်မှာကော အလုပ်ဖြစ်ပါ့မလားဆိုတာကတော့ မသေချာသေးပါဘူး။ ဒါပေမယ့် နာမည်ကြီး YouTuber တစ်ယောက်လည်းဖြစ်၊ နည်းပညာနဲ့ပတ်သတ်တဲ့ Reviews တွေမှာ နာမည်ရပြီးသားလူတစ်ယောက်လည်းဖြစ်တဲ့ Marques Brownlee (MKBHD) ကတော့ ယခု Display ကို ကိုယ်တိုင်အသုံးပြုကြည့်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ Marques က ဒီ Display ဟာ လုံးဝပြီးပြည့်စုံတဲ့အနေအထားမှာမရှိသေးဘဲ၊ အလင်းယိုတာတွေရှိနေပေမယ့် တော်တော်လေးအထင်ကြီးစရာဖြစ်တယ်လို့ ဆိုပါတယ်။ သူဘာကိုဆိုလိုလဲဆိုတာ  နားလည်ဖို့အတွက် Leia ရဲ့ Display အစမ်းမော်ဒယ်တစ်ခုဗီဒီယိုကို အောက်မှာ ကြည့်နိုင်ပါတယ်။

                Hydrogen One က Leia ရဲ့ 3D Holographic Display က တကယ်အလုပ်ဖြစ်တယ်ဆိုရင်တောင်မှ RED နဲ့ Leia တို့အတွက် အခက်အခဲတွေ ရှိပါသေးတယ်။ ဒါကတော့ Content လို့ခေါ်တဲ့ ဒီ Display ကို အသုံးချနိုင်တဲ့ ဗီဒီယို၊ဓာတ်ပုံ၊ အသံ၊ Hologram နဲ့ ထိန်းချုပ်နိုင်တဲ့ ဂိမ်း၊ Apps တွေ မရှိသလောက် နည်းပါးနေသေးတာပါ။ RED က ထုတ်ပြန်ထားတဲ့ သတင်းထုတ်ပြန်ချက်အရတော့ Hydrogen ဖုန်းမှာ Holographic Display အတွက် ကြည့်စရာ Content တွေ ပါဝင်လာမယ်လို့ သိရတာကြောင့်၊ ဖုန်းဝယ်ရကျိုးတော့ နပ်မယ်လို့ မျှော်လင့်ရပါတယ်။

References
The Verge 9to5Google
About Author
Assinged Tags
RED Display Hydrogen One Holographic Display 3D Display Leia Synaptics Lightfield
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed