အလိုအလျောက်ပြန်လည်ပြုပြင်နိုင်တဲ့ စမတ်ဖုန်း Screen တစ်မျိုးကို Motorola မူပိုင်ခွင့်တင်

date_range 18 August 2017

အလိုအလျောက်ပြန်လည်ပြုပြင်နိုင်တဲ့ စမတ်ဖုန်း Screen တစ်မျိုးကို Motorola မူပိုင်ခွင့်တင်

visibility 1740 Views

                “Shatterproof” Display နဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချနေတဲ့ Motorola ရဲ့ နောက်ထပ် Display နည်းပညာကတော့ တကယ်စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာတစ်ခုပါပဲ။

                US မူပိုင်ခွင့်နဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ဌာနမှာ Motorola Mobility က တင်သွင်းထားတဲ့ မူပိုင်ခွင့်တစ်ခုကို The Verge က  စတင်တွေ့ရှိခဲ့တာဖြစ်ပြီး၊ အဆိုပါမူပိုင်ခွင့်မှာ အတိုင်းအတာတစ်ခုအထိ အလိုအလျောက်ပြန်လည် ပြုပြင်နိုင်တဲ့ ဖုန်း Screen တစ်မျိုးကို တွေ့မြင်ခဲ့ရပါတယ်။

                Lenovo က ဝယ်ယူထားပြီဖြစ်တဲ့ Motorola ရဲ့ မူပိုင်ခွင့်စာရွက်စာတမ်းတွေအရ ဖုန်းတစ်လုံးဟာ သူ့ Touchscreen ပေါ်က အက်ကွဲကြောင်းတွေကို အလိုအလျောက်စစ်ဆေးသိရှိနိုင်ပုံကို ဖော်ပြထားပြီး၊ တဆက်တည်းမှာ အဆိုပါအက်ကွဲကြောင်းနေရာတွေကို အပူပေးလိုက်ရုံနဲ့ အက်ကွဲကြောင်းတွေ အနည်းအကျဉ်းပျောက်သွားနိုင်ပုံကို ဖော်ပြထားတာတွေ့ရပါတယ်။


                ဒီနည်းပညာမှာ အဓိကအားဖြင့် “Shape Memory Polymer” ဆိုတဲ့ Polymer တစ်ခုကို အသုံးပြုထားတာဖြစ်ပြီး၊ အဆိုပါ Polymer ဟာ ပုံသဏ္ဍာန်ပျက်ယွင်းအနေအထားကနေ အပူချိန်ပြောင်းလဲပေးရုံနဲ့ မူလပုံသဏ္ဍာန်ကို ပြန်ရောက်သွားနိုင်တဲ့ ဒြပ်သတ္တိရှိတယ်လို့ သိရပါတယ်။ Shape Memory Polymer ဟာ University of Rochester ရဲ့  နည်းပညာတစ်ခုဖြစ်ဟန်တူပြီး၊ အတိအကျတော့ မသိရပါဘူး။



                ယခု Polymer ကို LCD ဒါမှမဟုတ် LED Display တွေရဲ့ အပေါ်မှာ တပ်ဆင်အသုံးပြုနိုင်ပြီး၊ Capacitive Touch Sensor လည်း ထည့်သွင်းအသုံးပြုနိုင်တာကြောင့်၊ စမတ်ဖုန်းတွေအတွက် အံကိုက်ပါပဲ။

                ဖုန်းအပူချိန်နဲ့ပဲ Polymer ကို အပူပေးပြီး၊ Self-healing လုပ်နိုင်သလို လူ့ခန္ဓာကိုယ်အပူချိန်နဲ့လည်း အလုပ်ဖြစ်တယ်လို့ သိရပါတယ်။

                ဒီနည်းပညာသာ တကယ်ထွက်လာရင် စမတ်ဖုန်းမှန်တွေ ပွန်းပဲ့တာလောက်ကတော့ ကြောက်စရာလိုတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း မူပိုင်ခွင့်တွေရဲ့ ထုံးစံအတိုင်း တကယ်ဖြစ်လာဖို့က မသေချာမရေရာသလို၊ တကယ်လုပ်နိုင်ရင်တောင် စျေးကွက်ဝင်အသုံးပြုဖို့ကတော့ တော်တော်အလှမ်းဝေးဦးမှာပါ။

                Motorola ထက် အရင် LG G Flex ဖုန်းတွေမှာ ပွန်းရာခြစ်ရာတွေကို အလိုအလျောက် ပြန်ပြင်ပေးနိုင်တဲ့ ဖုန်း Back Body တွေကို တွေ့ရပြီးဖြစ်ပါတယ်။ ဒါပေမယ့် နောက်ကျောကာဗာပဲ အလိုအလျောက်ပြန်ပြင်နိုင်တာဖြစ်ပြီး၊ အခု Motorola နည်းပညာလိုမျိုး Sceen ကတော့ အလိုလိုပြန်မပြင်နိုင်ပါဘူး။ 

References
Gadgets NDTV The Verge
About Author
Assinged Tags
Smartphones Display Motorola Self-Healing Screen Shape Memory Polymer
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed