Grab က မြန်မာနိုင်ငံမှာ ရှေ့ဆက်လုပ်ကိုင်မည့် လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြုပ်နှံမည်

date_range 25 August 2017

Grab က မြန်မာနိုင်ငံမှာ ရှေ့ဆက်လုပ်ကိုင်မည့် လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြုပ်နှံမည်

visibility 680 Views

                အရှေ့တောင်အာရှရဲ့ သယ်ယူပို့ဆောင်ရေးနှင့် မိုဘိုင်းငွေပေးချေမှုစနစ် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Grab က မြန်မာနိုင်ငံမှာ လုပ်ကိုင်လျက်ရှိတဲ့ လုပ်ငန်းများကို ပိုမိုချဲ့ထွင်နိုင်ဖို့အတွက် လာမယ့်သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ သုံးစွဲသွားမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

                မြန်မာနိုင်ငံကို မကြာမီက စတင်ဝင်ရောက်လာတဲ့ Grab အနေနဲ့ မြန်မာနိုင်ငံအနှံ့က မြို့ကြီးတွေမှာ အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းတွေချဲ့ထွင်ခြင်း၊ GrabPay အပါအဝင် Grab suite မှတဆင့် အခြား ဝန်ဆောင်မှုစနစ်များ အသုံးပြုနိုင်ရန်စီစဉ်ခြင်း၊ ရှေ့ဆက်လုပ်ကိုင်သွားမည့် လုပ်ငန်းများကို ဦးစီးဆောင်ရွက်ရန် ဒေသတွင်းရှိ အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းပေါင်း ၂၀၀ ခန့် ပါဝင်သော အဖွဲ့အစည်းတစ်ခု တည်ဆောက်ခြင်း စသည့် လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

                မြန်မာနိုင်ငံမှာ လူနေအထူထပ်ဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့မှာ Grab အနေနဲ့ မတ်လကနေ စတင်ပြေးဆွဲခဲ့ပြီး၊ လအနည်းငယ်အတွင်း သုံးစွဲသူလူဦးရေ အမြောက်အများရှိခဲ့ကာ၊ လူအသုံးများဆုံး သယ်ယူပို့ဆောင်ရေးစနစ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်လာခဲ့ပါတယ်။


                Grab က ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေအရ အခုအခါ နေ့စဉ် Grab အသုံးပြု၍ အငှားယာဉ်ငှားရမ်းမှုပေါင်း ၂၅၀၀၀ အရေအတွက် ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီ့အပြင် Grab ကွန်ယက်မှာ လက်ရှိအချိန်အနေနဲ့ လိုင်စင်ရ အငှားယာဉ်မောင်း ၆၀၀၀ ကျော်လည်း ရှိနေပြီလို့ သိရပါတယ်။

                Grab အနေနဲ့ လာမယ့် လပိုင်းအတွင်း ရန်ကုန်မြို့တွင်း ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ အခြားမြို့ကြီးများတွင်လည်း အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းများ ပြေးဆွဲနိုင်ရန် အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ကိုင်သွားဖို့ ရှိတယ်လို့ ထပ်မံသိရှိရပါတယ်။ ဒီ့အပြင် မြန်မာနိုင်ငံရှိ ယာဉ်မောင်းနှင့် ခရီးသည်များ Grab အသုံးပြုနေချိန်တစ်လျောက်လုံး လိုအပ်တဲ့ အကူအညီရရှိစေဖို့နဲ့ အချိန်မရွေး ဆက်သွယ်နိုင်ဖို့အတွက် 24/7 Call Center ဝန်ဆောင်မှုတွေကိုလည်း တိုးချဲ့လုပ်ကိုင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ကုမ္ပဏီလုပ်ငန်းတွေက ဝန်ထမ်းတွေ လုပ်ငန်းခွင်သယ်ယူပို့ဆောင်ရေးအတွက် Grab for Work ကိုလည်း စတင်နေပြီလို့ ဆိုပါတယ်။

“ရန်ကုန်မှာ Grab ဟာ မယုံကြည်နိုင်လောက်တဲ့ အရှိန်အဟုန်နဲ့ တိုးတက်နေပါတယ်။ ဒါဟာ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်တဲ့ စျေးကွက်ကနေရတဲ့ ကြီးမားပြီးလျှင်မြန်လှတဲ့ အခွင့်အရေးကိုပြသနေတာပါ။ ကျွန်တော်တို့ ကတိပေးနိုင်တာကတော့ Grab နဲ့ ဒေသတွင်း အဖွဲ့အစည်းတွေ နှစ်ဘက်လုံးအတွက် အကျိုးရှိပြီး လူမှုရေး၊ စီးပွားရေး အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့် ဝန်ဆောင်မှုအသစ်တွေ၊ ဒေသနဲ့ကိုက်ညီမှုရှိတဲ့ သယ်ယူပို့ဆောင်ရေးနည်းလမ်းတွေ ဖော်ဆောင်ပေးနိုင်ဖို့ပါပဲ။ ဒါဟာ ကျွန်တော်တို့ရဲ့ အရှိန်အဟုန်နဲ့တိုးတက်နေတဲ့ စျေးကွက်အတွက် စတင်နေပြီဖြစ်တဲ့ လုပ်ငန်းစဉ်တွေထဲကတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွက် ဒီကတိကို ဆက်လက်တိုးချဲ့ လုပ်ကိုင်သွားဖို့ စိတ်လှုပ်ရှားနေပါတယ်။”

                လို့ Grab ၏ co-founder နှင့် CEO ဖြစ်သူ Anthony Tan က ပြောကြားခဲ့ပါတယ်။

                အရှေ့တောင်အာရှမှာ အကြီးမားဆုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Grab ဟာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံက မြို့ပေါင်း ၈၇ မြို့မှာ မိတ်ဖက်ယာဉ်မောင်းပေါင်း ၁.၂ သန်းကျော်ဖြင့် အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါတယ်။ 

References
Grab
About Author
Assinged Tags
Local Tech News Grab Grab Myanmar Ride-Hailing Service Taxi Services Transportation
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed