ရေစိုမှုကြောင့် ပျက်စီးသွားတဲ့ ရေစိုခံ Xperia ဖုန်းတွေအတွက် လျော်ကြေးငွေပြန်ပေးရဖွယ်ရှိနေတဲ့ Sony

date_range 25 August 2017

ရေစိုမှုကြောင့် ပျက်စီးသွားတဲ့ ရေစိုခံ Xperia ဖုန်းတွေအတွက် လျော်ကြေးငွေပြန်ပေးရဖွယ်ရှိနေတဲ့ Sony

visibility 4360 Views

                ရေစိုခံတယ်လို့ ကြေငြာထားတဲ့ Sony Xperia ဖုန်းတွေဝယ်ပြီး၊ ရေကြောင့် ပျက်စီးမှုတွေ ဖြစ်သွားခဲ့တဲ့သူတွေအတွက် သတင်းကောင်းပါပဲ။ ဒါပေမယ့် US က Sony Xperia ဖုန်းပိုင်ရှင်တွေပဲ အကျုံးဝင်မှာဖြစ်ပါတယ်။

                အခုသြဂတ်စ်လ ၂၁ ရက်နေ့မှာ New York ဖက်ဒရယ်တရားရုံးဟာ Xperia ဖုန်းကိုင်သူတွေ စုပေါင်းလက်မှတ်ရေးထိုးကာ Sony ကို တရားစွဲဆိုထားတဲ့အမှုကို အတည်ပြုလက်ခံလိုက်ပြီဖြစ်တယ်လို့ သိရပြီး၊ Sony ဘက်ကလည်း အမှုကို ပြန်လည်ရင်ဆိုင်သွားမှာဖြစ်ပါတယ်။

                US က Xperia ဖုန်းကိုင်သူတွေဟာ သူတို့ဖုန်းနဲ့ တက်ဘလက်တွေကို ကုမ္ပဏီက “waterproof” ဖြစ်တယ်လို့ ကြော်ငြာခဲ့ပေမယ့်၊ တကယ့်တကယ်တမ်းမှာ ရေစိုပျက်စီးမှုကြောင့် ပြင်ဆင်စရိတ်အများအပြားကုန်ကျခဲ့ရကြောင်း တရားရုံးကို တရားစွဲဆိုထားတာဖြစ်ပါတယ်။

                ယခုအခါ Sony ကုမ္ပဏီဘက်ကလည်း အဆိုပါအမှုကို တရားရုံးမှာ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး၊ တဖက်က တင်သွင်းထားတဲ့ ပဏာမအမှုကြေအေးချက်အတိုင်းဆို US မှာ ရေစိုခံတယ်လို့ ကြော်ငြာထားတဲ့ Xperia ဖုန်းတွေအတွက် ဖုန်းတန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းတိတိကို Sony ဘက်က လျော်ကြေးအနေနဲ့ ပြန်အမ်းပေးရဖို့ ရှိနေပါတယ်။ တကယ်လို့ ကိုယ့်ဖုန်းက မကြာသေးခင်ကမှ ဝယ်ထားတဲ့ဖုန်း၊ Warranty လည်းရှိသေးတယ်ဆိုရင်၊ နောက်ထပ် ထပ်တိုး Warranty ၁၂ လ ပါ ထပ်ရသွားမှာပါ။

                လျော်ကြေးပြန်ရဖို့အတွက် Xperia ဖုန်းပိုင်ရှင်တွေအနေနဲ့လည်း ရေစိုမှုကြောင့် ပျက်သွားတဲ့ ကိုယ့် Sony ဖုန်းကို ရေနဲ့ပတ်သတ်တဲ့ အာမခံလျော်ကြေး ပြန်လျှောက်ထားဖို့ လိုအပ်ပါတယ်။ မလျှောက်ရသေးရင် အခုအမှုနဲ့ ပတ်သတ်တဲ့ ဒီ Website ကနေ လျှောက်ထားနိုင်ပါတယ်။ နောက်ဆုံးလျှောက်ထားရမယ့်နေ့က ၂၀၁၈၊ ဇန်နဝါရီလ ၃၀ ရက်နေ့အထိပါ။

                အခုအမှုနဲ့အကျုံးဝင်တဲ့ Xperia ဖုန်းစာရင်းထဲမှာ Xperia Z1 ကနေ ၂၀၁၅ လောက်ကတင် ထွက်ထားတဲ့ Xperia Z5 ဖုန်းအပါအဝင်၊ စုစုပေါင်း Xperia ဖုန်းမော်ဒယ် ၂၄ မျိုး အထိ ပါဝင်နေတာ တွေ့ရပါတယ်။ ဖုန်းမော်ဒယ်အပြည့်အစုံကတော့ အောက်ပါအတိုင်းပါ။

Xperia M2 Aqua, Xperia M4 Aqua, Xperia ZR, Xperia Z Ultra, Xperia ZI, Xperia ZI Compact, Xperia ZIs (T-Mobile), Xperia Z2, Xperia Z3, XperiaZ3 Compact, Xperia Z3 (T-Mobile), Xperia Z3v (Verizon), Xperia Z3 Dual, Xperia Z3+ Dual, Xperia Z3+, Xperia Z5, Xperia Z5 Compact, Xperia Z2 Tablet (WiFi), Xperia Z2 Tablet (LTE), Xperia Z2 Tablet (Verizon LTE), Xperia Z3 Tablet Compact (WiFi), Xperia Z3 Tablet Compact (LTE), Xperia Z4 Tablet (WiFi), and Xperia Z4 Tablet (LTE).

                ၂၀၁၅ ခုနှစ်တုန်းက Xperia Website က Water and Dust Protection Support Page မှာ Xperia ဖုန်းပိုင်ရှင်တွေအနေနဲ့ သူတို့ဖုန်းတွေကို ရေကူးတဲ့အခါ မယူသွားဖို့ သတိပေးချက်တင်ခဲ့ပြီးနောက်၊ အခုအမှု စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ဒီ့မတိုင်ခင်တုန်းက Sony ဟာ သူ့ဖုန်းတွေကို ရေအောက်မှာ လူတွေ အေးအေးဆေးဆေးသုံးနိုင်ကြောင်း ကြော်ငြာမားကတ်တင်းတွေ လုပ်ခဲ့သေးတာကြောင့်၊ အပြောနဲ့အလုပ် မညီသလို ဖြစ်သွားခဲ့တာပါ။

                ဒါပေမယ့် အခု ပဏာမအမှုပြေအေးချက် က အတည်မဟုတ်သေးဘဲ၊ ဒီဇင်ဘာလ ၁ ရက်ကျရင် Sony ဘက်က တရားရုံးမှာ နောက်ဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ဖို့ ရှိပါတယ်။ Sony ရဲ့ ခုခံချက်အပေါ် မူတည်ပြီး၊ လျော်ကြေးငွေပမာဏကလည်း အပြောင်းအလဲဖြစ်သွားနိုင်ပါတယ်။

                ပြီးတော့ ၂၀၁၅ လောက်က အမှုကို အခုမှ တရားရုံးက လက်ခံလိုက်တာဖြစ်တာကြောင့်၊ အရင် Xperia ဖုန်းအဟောင်းတွေ ကိုင်ခဲ့သူတွေအနေနဲ့ အခုလက်ထဲမှာ ဖုန်းတောင် ရှိချင်မှရှိတော့မှာပါ။

References
PC Mag Engadget The Verge
About Author
Assinged Tags
Sony Smartphones Sony Xperia Waterproof Water Resistant Lawsuit Sony Lawsuit Water Damage
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed