ဗီဒီယိုဂိမ်းတွေ ဆော့ကစားခြင်းအပေါ် ဂိမ်းလောကနဲ့မရင်းနှီးသူများ မှတ်ယူထားတဲ့ အယူအဆအလွဲ ၇ ခု



date_range 09 January 2018

ဗီဒီယိုဂိမ်းတွေ ဆော့ကစားခြင်းအပေါ် ဂိမ်းလောကနဲ့မရင်းနှီးသူများ မှတ်ယူထားတဲ့ အယူအဆအလွဲ ၇ ခု



visibility 3060 Views

နိဒါန်း

                ဂိမ်မာတစ်ယောက် အနေနဲ့ ဗီဒီယိုဂိမ်းတွေ ဆော့ကစားခြင်းဟာ ဘယ်အရာနဲ့မှ အစားထိုးလို့မရတဲ့ စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်တယ်လို့ ပြောချင်ပါတယ်။ အဲဒီလိုမျိုး သူမတူဆန်းပြားတဲ့ အတွေ့အကြုံတွေကို ကိုယ်တိုင်ကိုယ်ကျခံစားရလို့ ဗီဒီယိုဂိမ်းတွေကို စွဲစွဲမြဲမြဲ နှစ်ခြိုက်စွာ ဆော့ကြတဲ့ ဂိမ်မာတွေဆိုတာ ရှိနေတာပါ။

သူမတူဆန်းပြားတဲ့ အတွေ့အကြုံတွေကို ကိုယ်တိုင်ကိုယ်ကျခံစားရလို့ ဗီဒီယိုဂိမ်းတွေကို စွဲစွဲမြဲမြဲ နှစ်ခြိုက်စွာ ဆော့ကြတဲ့ ဂိမ်မာတွေဆိုတာ ရှိနေတာပါ။ 

                ဟုတ်ပါတယ်။ စစ်ပွဲတွေအကြောင်း စိတ်ဝင်စားသူတွေက ဂိမ်းထဲမှာ ကိုယ်တိုင်သေနတ်ဆွဲပြီး သမိုင်းရဲ့အထင်ကရတိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲတာမျိုး၊ ဒဏ္ဍာရီသတ္တဝါကြီးတွေ၊ မှော်ဝင်သားရဲကြီးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ချင်တဲ့သူမျိုးက ဂိမ်းထဲမှာဒိုင်းနဲ့ဓါးဆွဲပြီး ရွတ်ရွတ်ချွန်ချွန် တိုက်ပွဲဝင်တာမျိုး၊ အကြောက်တရားကို လိုချင်သူတွေ၊ ခံစားချင်သူတွေက ဂိမ်းထဲမှာ ကိုယ့်အသက်ကိုယ်လုပြေးပြီး ဂိမ်းထဲမှာ ဖန်တီးပေးထားတဲ့ အကြောက်တရားကို သီးသန့်ကြီး ခံစားကြတာမျိုး၊ အစရှိသဖြင့် လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ မသိစိတ်လိုအင်ဆန္ဒ၊ သိစိတ်လိုအင်ဆန္ဒတွေကို ဗီဒီယိုဂိမ်းများက တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်ပါတယ်။

                ဗီဒီယိုဂိမ်းများဟာ အခုလို မွန်းကြပ်လှတဲ့ ရာစုသစ်လူ့ဘဝကြီးရဲ့ ထွက်ပေါက်တစ်ခုဖြစ်သလို ကိုယ်တစ်ခါမှ မရောက်ဖူးတဲ့ အံ့သြဖွယ်အတိနဲ့ နေရာတွေဆီ ကိုယ့်ကို အိပ်မွေ့ချခေါ်ဆောင်သွားနိုင်တဲ့ အချိန်ရထားတစ်စင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဂိမ်းများနဲ့ အထိအတွေ့မရှိသူတွေ၊ ဂိမ်မာမဟုတ်သူတွေရဲ့ အမြင်မှာတော့ ဗီဒီယိုဂိမ်းကစားခြင်းဟာ ကျန်းမာရေးအရ ထိခိုက်မှုတွေရှိရုံသာမက၊ စိတ်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေအပြင် အခြားမကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ အမြောက်အမြားရှိတယ်လို့ သမုတ်ကြပါတယ်။ 

                တကယ်တမ်း ဂိမ်းနဲ့ရင်းနှီးသူများအတွက်ကတော့ ဒီကိစ္စကို ပြောစမှတ်မပြုဘဲ မျက်နှာလွှဲထားလို့ရပေမယ့် ဂိမ်းလောကနဲ့ အလှမ်းဝေးနေသူများအဖို့ "ဗီဒီယိုဂိမ်း" ဆိုတာကြီးအပေါ်မှာ နားလည်မှုလွဲပြီး ဂိမ်းကစားခြင်းဟာ လူကိုအကျိုးမပြုတဲ့ အကျင့်စရိုက် ဒါမှမဟုတ် အလေ့အထတစ်ခုလို့ ယူဆသွားမှာကို ဂိမ်မာတစ်ယောက် အနေနဲ့ မလိုလားပါဘူး။

                ဒီတော့ အခုဆောင်းပါးလေးမှာ  ဗီဒီယိုဂိမ်းတွေအပေါ် ဂိမ်းလောကနဲ့ မရင်းနှီးသူများ မှတ်ယူထားတဲ့ အယူအဆလွဲလေးတွေနဲ့ တကယ်တမ်းမှာ ဗီဒီယိုဂိမ်းတွေဟာ ဆော့ကစားသူနဲ့ ပတ်ဝန်းကျင်အပေါ်မှာ ဘယ်လိုမျိုး အကျိုးသက်ရောက်မှုရှိသလဲ ဆိုတာကို ဂိမ်းလောကနဲ့ မရင်းနှီးသူများ သိနိုင်အောင်လို့ အချက် ၇ ချက်နဲ့တကွ ပြန်လည်မျှဝေလိုက်ရပါတယ်။

ဂိမ်းဆော့ကစားခြင်းဟာ ဘာအကျိုးမှ မဖြစ်ထွန်းဘူးလို့ ထင်မြင်ခြင်း


                ဒါကတော့ ဂိမ်မာတွေအားလုံး ငယ်စဉ်ဘဝမှာကတည်းက နားနဲ့မဆံ့အောင် အပြောခံခဲ့ရဆုံး အရာပါ။ ကျွန်တော်တို့ရဲ့ လူမှုအဖွဲ့အစည်း တည်ဆောက်ပုံအရ ကိုယ့်ရဲ့မိဘများ၊ ဆရာဆရာမနဲ့ ကိုယ့်ပတ်ဝန်းကျင်က ဗီဒီယိုဂိမ်းတွေ ဆော့ကစားတာကို ကိုယ့်အတွက် ဘာအကျိုးမှ မဖြစ်ထွန်းဘူးလို့ ဖိအားပေး ပြောဆိုကြပါတယ်။ တကယ်က တခြားတစ်ဖက်မှာ အွန်လိုင်းဂိမ်မာများဟာ သိပ္ပံပညာရပ်ရဲ့ အကြီးမားဆုံး ပြသာနာတွေကို အဓိကနေရာကနေ အဖြေရှာပေးနေကြတာပါ။ ပဟေဠိအဖြေရှာတာတွေ၊ မျိုးစိတ်တွေပေါင်းစည်းတာတွေ အစရှိတဲ့ သိပ္ပံစမ်းသပ်မှုတွေမှာ ဂိမ်မာတွေ ပါဝင်နေပါပြီ။ ဂိမ်မာများဟာ ဘာသာစကား ကျွမ်းကျင်သူတွေ၊ သမိုင်းကြောင်း နှံ့စပ်တဲ့သူတွေ၊ သိပ္ပံပညာရပ်မှာ ထူးချွန်တဲ့သူတွေ ဖြစ်နေကြတာကို ဂိမ်းလောကနဲ့ မရင်းနှီးသူတွေ လုံးဝ မမြင်နိုင်ကြပါဘူး။


ဂိမ်းဆော့ကစားခြင်းကြောင့် ကိုယ့်ရဲ့အပြုအမူတွေ ကြမ်းတမ်းသွားနိုင်တယ်လို့ ယူဆခြင်း

                ဂိမ်းကစားခြင်းဟာ လူ့ဘဝရဲ့ ထွက်ပေါက်တစ်ခုဖြစ်သလို စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ၊ အဘက်ဘက်ကလာတဲ့ ဖိအားတွေ အစရှိတာတွေကို ပပျောက်သွားအောင်လုပ်ပေးနိုင်တဲ့ လူနေမှုပုံစံတစ်ခုလည်း ဖြစ်ပါတယ်။ ဂိမ်မာတွေဟာ ကိုယ်ဆော့နေတဲ့ ဗီဒီယိုဂိမ်းတွေထဲမှာ ဘဏ်ကိုဓါးပြဝင်တိုက်တာမျိုးတွေ၊ တွေ့သမျှလူတွေကို သေနတ်နဲ့လိုက်ပစ်တာမျိုးတွေကို လုပ်နိုင်ပေမယ့် တကယ်တမ်းအပြင်မှာတော့ ဂိမ်မာတွေဟာ ဂိမ်းခလုတ်ကိုကိုင်ပြီး တီဗီဖန်သားပြင်ရှေ့မှာ အေးဆေးငြိမ်သက်စွာနဲ့ သူတို့ရဲ့ တစ်နေ့တာအချိန်တွေကို ကုန်ဆုံးစေသူတွေပါ။ ဂိမ်းအားလုံးကကြမ်းတမ်းနေတာလည်း မဟုတ်သလို ကိုယ့်ရဲ့အတွေးအမြင်၊ စိတ်ခံစားချက်နဲ့ အယူအဆတွေကိုပြောင်းလဲသွားစေတဲ့ ဂိမ်းတွေလည်း အများကြီးရှိနေတယ်လို့ ပြောချင်ပါတယ်။
















ဂိမ်မာများအားလုံးဟာ ယောင်္ကျားလေးများသာ ဖြစ်တယ်လို့ ထင်ခြင်း

                ယောင်္ကျား နဲ့ မိန်းမ ဆိုတဲ့နေရာမှာ သူ့နေရာနဲ့သူ လူ့ဘောင်လူ့အဖွဲ့အစည်းအတွက် တာဝန်ယူရမယ့်ကဏ္ဍတွေ အသီးသီးရှိနေပါတယ်။ ဂိမ်မာအများစုဟာ အမျိုးသားများဖြစ်တယ်ဆိုတာ မှန်သင့်သလောက်တော့ မှန်ပါတယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် အမျိုးသမီးဂိမ်မာဦးရေဟာ ဂိမ်းဆော့သူ လူဦးရေစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်း ရှိနေပါတယ်။


                ဂိမ်းဆော့ကစားခြင်းဟာ ကျား၊ မ ခွဲခြားထားတဲ့အရာ မဟုတ်တဲ့အတွက် ယောင်္ကျားအများစုသာ ဂိမ်းဆော့သူများ ဖြစ်ကြပြီး မိန်းမများအနေနဲ့ ဂိမ်းမဆော့နိုင်ဘူးလို့ တရားသေသတ်မှတ်လို့ မရပါဘူး။ အားကစားကဏ္ဍတစ်ခုလိုပဲ ကမ္ဘာနဲ့ချီပြီး ပေါက်မြောက်နေတဲ့ အမျိုးသမီးဂိမ်းအဖွဲ့တွေဟာ ကိုယ့်ပတ်ဝန်းကျင်မှာတင် အများကြီးပေါ်ထွက်လာနေတာကို လေ့လာကြည့်ရင် သိရမှာပါ။












ဂိမ်းဆော့ခြင်းဟာ  ဦးနှောက်ကို လေးလံထိုင်းမှိုင်းစေတယ်လို့ ထင်မြင်ခြင်း


                ဒီသုံးသပ်ချက်ဟာ အနည်းငယ်တော့ရယ်ချင်စရာပါ။ တကယ့်တကယ်မှာ ဂိမ်းဆော့ခြင်းကြောင့် ဦးနှောက်ဟာ ပိုပြီးဖွံဖြိုးလာနိုင်တယ်၊ ပိုပြီးကြီးထွားလာနိုင်တယ်လို့ သုတေသနပြုချက်များက တရားဝင်အတည်ပြုထားပြီးသား ဖြစ်ပါတယ်။ သက်သေအထောက်အထားနဲ့ ပြောရမယ်ဆိုရင်တော့ Super Mario 64 ဂိမ်းကို တစ်နေ့ မိနစ် ၃၀ အချိန်ပေးပြီး နှစ်လကျော်ဆော့ကစားသူများဟာ မှတ်ဉာဏ်ဖွဲ့စည်းမှု၊ စနစ်ကျကျစဉ်းစားမှု၊ ကြွက်သားထိန်းချူပ်မှုနဲ့ တွေးတောကြံဆမှု အစရှိတာတွေကိုထိန်းချူပ်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေမှာ ဖွံဖြိုးတိုးတက်မှု သိသိသာသာရှိလာပြီး ဂိမ်းမဆော့သူများနဲ့ နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါမှာ ဦးနှောက်အစိတ်အပိုင်းတွေက နေရာစုံ အလုပ်လုပ်နိုင်တာကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ အဲဒီလို ဦးနှောက်ဟာ ကျရောက်လာမယ့် စိတ်ရောဂါတွေ၊ စိတ်ဖိစီးမှုဝေဒနာတွေ၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်းတွေကို ပြန်လည်ချေပနိုင်တယ်လို့လည်း သိရပါတယ်။

ဂိမ်းဆော့ခြင်းကြောင့် မိတ်ဆွေအပေါင်းအသင်း ရှိမလာနိုင်တော့ဘူးလို့ ထင်ခြင်း

                အဲဒီလိုယူဆချက်ရှိသူများကို ဘောင်အတွင်းကတွေးခေါ်သူများလို့ ယူဆရပါလိမ့်မယ်။ ဘာဖြစ်လို့လည်းတော့ အခုလို သိချင်တဲ့ သတင်းအချက်အလက်ကို ကလစ်တစ်ချက်နှိပ်၊ ကီးဘုတ်တစ်ချက်ခေါက်လိုက်ရုံနဲ့ အချိန်နဲ့တပြေးညီသိရှိနိုင်တဲ့ ခေတ်မျိုးမှာ အဲဒီလိုဟောင်းနွမ်းနေတဲ့ယူဆချက်တွေဟာ လူမှုပတ်ဝန်းကျင်ကို အဆိပ်သင့်စေတယ်လို့ ပြောချင်ပါတယ်။

                တကယ်တမ်းလက်တွေ့မှာ ဂိမ်းဆော့ခြင်းကတဆင့် မိတ်ဆွေသူငယ်ချင်းပေါင်းများစွာရလာနိုင်တဲ့အပြင် အသင်းအဖွဲ့ စိတ်ဓါတ်ရှိသူတွေ၊ ကိုယ်ချင်းစာနာတတ်သူတွေ ဖြစ်လာနိုင်သလို ကိုယ်နဲ့ဝါသနာတူ အကြိုက်တူတဲ့လူတွေနဲ့ တစ်ခဏအတွင်းမှာပဲ မိတ်ဟောင်းဆွေဟောင်းတွေလို ခင်မင်ရင်းနှီးသွားနိုင်ပါတယ်။ ပလက်ဖောင်းအမျိုးမျိုးမှာ အွန်လိုင်းဂိမ်းတွေ ဆော့ကစားရင် ကမ္ဘာ့နိုင်ငံ အရပ်ရပ်ကလူတွေနဲ့ မိတ်ဆွေဖြစ်သွားနိုင်ပါတယ်။

                အဲဒီလို အတွေ့အကြုံမျိုးတွေကြောင့် ကျွန်တော်တို့လို ဂိမ်မာတွေဟာ လက်တွေ့ဘဝမှာ မိတ်ဖွဲ့ကောင်းသူ၊ ဆိုရှယ်ဆန်သူတွေတောင်မှ တစ်ခါတစ်ရံ ဖြစ်နေတတ်ကြပါတယ်။ "ကိုယ်နဲ့ခင်မင်ရင်းနှီးသူတွေနဲ့ အွန်လိုင်းပေါ်မှာ အတူတူ ဂိမ်းတစ်ပွဲမှ မဆော့ဘူးရင် မင်း ပျော်ရွှင်မှုအစစ်အမှန်ဆိုတာကို ဘာလည်းမသိသေးဘူး" ဆိုတဲ့ စကားတောင် ရှိပါသေးတယ်။





ဂိမ်းဆော့ခြင်းဟာ အချိန်ဖြုန်းတီးနေတဲ့လုပ်ရပ်လို့ ယူဆခြင်း

                ဂိမ်မာတွေအားလုံးနဲ့ ရင်းနှီးမယ့်စကားလေးလို့ ထင်ပါတယ်။ ဒါပေမယ့်တကယ်တမ်းမှာ အဲဒီအဆိုဟာ ကိုယ့်လုပ်ရပ်တွေ တကယ်တမ်း ဘာဖြစ်နေသလဲဆိုတာကို မမြင်ပဲ အခြားသူတွေရဲ့လုပ်ရပ်ကို မကောင်းဘူးထင်တတ်တဲ့ အမြင်မျိုး ဖြစ်နေပါတယ်။ ဆိုကြပါစို့၊ ကျွန်တော်တို့ဟာ ဘောလုံးအားကစားကို စိတ်ဝင်စားသူတွေ ဖြစ်ကြတယ်၊ အိမ်အောက်မှာပဲဖြစ်ဖြစ်၊ လမ်းရှေ့မှာပဲဖြစ်ဖြစ် တစ်နေ့ကို အချိန်နှစ်နာရီလောက်ပေးပြီး ဘောလုံးနဲ့ခြေထောက်ထိလိုက်ရမှ နေသာထိုင်သာရှိတယ်ဆိုရင် လူတွေ ဘောလုံးအားကစားမှာ စိတ်ပါဝင်စားခြင်းဟာ အချိန်ကိုဖြုန်းတီးရာကျတယ်လို့ ယူဆကြမှာပါလား?

                တကယ်တမ်းမှာ ဂိမ်းကစားခြင်းဆိုတာ ကိုယ့်ရဲ့ဝါသနာအရ ကိုယ့်ရဲ့လူနေမှုဘဝပုံစံနဲ့ ကိုယ့်ဘဝရဲ့လွတ်လပ်တဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ တစ်ခါတလေဆိုရင် ဂိမ်မာတွေဟာ သုံးလေးနာရီထိအောင် ကြာမြင့်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ အပိုင်းရေ များပြားလှတဲ့ ဇာတ်လမ်းစီးရီးတွဲတွေ အစရှိတာတွေမှာတောင် မြောပါပြီး ဈာန်ဝင်စားစွာ ကြည့်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်စိတ်ပါတဲ့အရာတစ်ခုကိုလုပ်လိုက်လို့ ကုန်ဆုံးသွားတဲ့အချိန်တွေဟာ ကိုယ်ဖြုန်းတဲ့အချိန်တွေ မဟုတ်ပါဘူး။ ရည်ရွယ်ချက်ရှိရှိ စိတ်ကျေနပ်မှုအပြည့်နဲ့ အသုံးချလိုက်တဲ့ အချိန်တွေဖြစ်တယ်လို့ ပြောချင်ပါတယ်။

ဂိမ်းဆော့ခြင်းကနေ ဘဝတက်လမ်းနဲ့ အလုပ်အကိုင် မတွေ့နိုင်တော့ဘူးလို့ ထင်မြင်ခြင်း

                ဒီလိုယူဆချက်မျိုးကိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ဥပမာပြန်ပေးပြီး ပြန်လည်ချေပချင်ပါတယ်။ ကျွန်တော့်ကို သမိုင်းကြောင်းတွေမှာ စိတ်ဝင်စားတတ်လာအောင် ဂိမ်းတွေကပျိုးပေးခဲ့တာပါ။ ကွဲပြားတဲ့သာသာစကားတွေကို သင်ယူလေ့လာချင်စိတ်တွေ ပြင်းပလာအောင် ဂိမ်းတွေကနှိုးဆော်ပေးခဲ့သလို ကိုယ်သိတဲ့အကြောင်းအရာ၊ သတင်းအချက်အလက်နဲ့ ဗဟုသုတတွေကို ပြန်လည်မျှဝေပေးလိုတဲ့စိတ်တစ်ခု ဖွံဖြိုးလာအောင်လည်း ဗီဒီယိုဂိမ်းများကမျိုးစေ့ချပေးခဲ့တာပါ။

                လက်ရှိမှာဆိုရင် ကျွန်တော်ဟာ ဘာသာပြန်တစ်ယောက်၊ ဆောင်းပါးရှင်တစ်ယောက်၊ ဂိမ်းပတ်ဝန်းကျင်ကို အကျိုးပြုသူတစ်ယောက်အဖြစ်နဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ကောင်းကောင်းရပ်တည်နိုင်တဲ့ လူငယ်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ဥပမာပေးရမယ်ဆိုရင် YouTube မှာ Subscriber ဦးရေ သန်းပေါင်း ၅၉ သန်းကျော်နဲ့ ကမ္ဘာ့ Subcriber အများဆုံး Channel တစ်ခုကို ပိုင်ဆိုင်ထားတဲ့ ဆွီဒင်နိုင်ငံသား Felix Arvid Ulf Kjellberg ခေါ် Pewdiepie ဟာ ဂိမ်းတွေဆော့ကားရင်းနဲ့ပဲ သူ့ဘဝရဲ့တက်လမ်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ကမ္ဘာ့စံချိန်တွေကိုပါ ချိုးပစ်နိုင်ခဲ့တာပါ။

                ဒီမှာတစ်ချက်ပြောချင်တာက ကိုယ်လုပ်တဲ့အလုပ်ကနေ ဘယ်လိုအရာကိုယူပြီး ဘယ်လိုအရာတွေကိုပယ်မလဲဆိုတာနဲ့ ဘဝမှာရှေ့ဆက်ချင်တဲ့စိတ်၊ ကြီးပွားချင်တဲ့စိတ်ကပဲ အရေးကြီးတာဖြစ်ပြီး လူတစ်ယောက်ရဲ့ တက်လမ်းကို ဂိမ်းဆော့ကစားခြင်းက ပိတ်ဆို့ထားတာ မဟုတ်ပါဘူး။

နိဂုံး

                ဒါဆိုရင် ကျွန်တော်ရဲ့ ဖြေရှင်းချက်လေးတွေကို ဖတ်ရှုပြီး ဂိမ်မာမဟုတ်သူတွေ အနေနဲ့ ဗီဒီယိုဂိမ်းတွေအပေါ်မှာ ထားရှိတဲ့ အမြင်မှားတွေကို ဖယ်ထုတ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ အခုလိုဆောင်းပါးမျိုးကို အလျင်းသင့်ရင်သင့်သလို စာတမ်းသေချာပြုစုပြီး ရေးပေးသွားမယ်လို့ ဒီကနေတဆင့်ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။

This Article is contributed by Yan.
References
YouTube
About Author
Assinged Tags
PC Games Android Games iOS Games Strategy Games
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed