အသက် ၆၀ ကျော် ဘိုးဘိုး၊ ဖွားဖွားတို့နဲ့ ဖွဲ့စည်းထားတဲ့ Pro Counter Strike Team “Silver Snipers”

date_range 21 December 2017

အသက် ၆၀ ကျော် ဘိုးဘိုး၊ ဖွားဖွားတို့နဲ့ ဖွဲ့စည်းထားတဲ့ Pro Counter Strike Team “Silver Snipers”

visibility 800 Views

                ယခုနှစ် အစောပိုင်းတုန်းက အသက် ၆၀ ကျော်နေပြီဖြစ်တဲ့ Monica Idenfors ဟာ E-Sports နဲ့ ပတ်သတ်တဲ့ ကြော်ငြာ တစ်ခုကို မတော်တဆ မြင်တွေ့ခဲ့ပါတယ်။ အဲ့ဒီကြော်ငြာကတော့ သက်ကြီးပိုင်းတွေကို Sweden မှာ ကျင်းပမယ့် Dreamhack Digital Festival မှာ Professional Player တွေအဖြစ်နဲ့ Counter Strike ပြိုင်ပွဲတွေ ၀င်ပြိုင်ရန်အတွက် ဖိတ်ခေါ်တဲ့ ကြော်ငြာတစ်ခုပဲ ဖြစ်ပါတယ်။

                ၀န်ထမ်းလောကကနေ မကြာသေးမီ အချိန်က အနားယူထားတဲ့ Idenfors ကတော့ Counter Strike ပြိုင်ပွဲ ကို သက်ကြီးပိုင်းတွေအတွက် “စိတ်လှုပ်ရှားစရာ အခွင့်အရေးတစ်ခု” ဖြစ်တယ်လို့ ကောက်ချက်ချ သွားခဲ့ပါတယ်။ ဒါ့အပြင် “သူ့ရဲ့ ကျန်ရှိနေသေးတဲ့ လူ့ဘ၀သက်တမ်းကို အကျိုးရှိရှိ ဖြတ်သန်းသွားဖို့ အတွက်လည်း ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ပြီ” လို့လည်း ပြောကြား သွားခဲ့ပါသေးတယ်။

                အခုအခါမှာဆိုရင် သူမအနေနဲ့ “Silver Snipers” လို့ အမည်ပေးထားတဲ့ Professional Counter Strike Team မှာ သက်တူရွယ်တူတွေနဲ့ အတူ ပြိုင်ပွဲ၀င်ရန်အတွက် စတင်လေ့ကျင့်နေပြီပဲ ဖြစ်ပါတယ်။ ၆၂ နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ Idenfors ဟာ Silver Snipers အသင်းမှာ အငယ်ဆုံး ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အားလုံးမှာ တူညီတဲ့ ရည်မှန်းချက် တစ်ခုတော့ ရှိနေပြီပဲ ဖြစ်ပါတယ်။ အဲ့ဒါကတော့ Professional Counter Strike ပြိုင်ပွဲတွေမှာ အနိုင်ရယူဖို့ပါပဲ။

                ထူးခြားတဲ့ အချက်တစ်ခုကတော့ "Silver Snipers" Team ရဲ့ ကစားသမား အားလုံးဟာ အရင်တုန်းက Counter Strike ကို တစ်ခါမှ ကစားဖူးခဲ့ခြင်း မရှိပါဘူး။ ဒါ့အပြင် သူတို့အနေနဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ ကစားသမားတွေနဲ့ ယှဉ်ပြိုင်နိုင်ရန်အတွက်လည်း လေ့ကျင့်ချိန် ရက်သတ္တပါတ် သုံးပတ်သာ အချိန်ရခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ပျက် အားငယ်ခြင်းမရှိပဲ အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။ "Sliver Snipers" Team ကို Lenovo ကအဓိက Sponsor ပေးထားတာ ဖြစ်ပြီး အသင်းကို ဖွဲ့စည်းခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ E-Sports ကို လူငယ်တွေ ကြားမှာတင် မဟုတ်ပဲ လူကြီးတွေ ကြားမှာပါ ကျယ်ကျယ်ပြန့်ပြန့် အားပေးလာစေရန် အတွက်ပဲ ဖြစ်ပါတယ်။

                "Silver Snipers" ကို နည်းပြပေးမယ့်သူကတော့ SK, NIP အသင်းတို့မှာ ကစားခဲ့တဲ့ နာမည်ကြီး Counter Strike Professional ကစားသမားဟောင်း တစ်ယောက်ဖြစ်တဲ့ Tommy “Potti” Ingemarsson ပဲ ဖြစ်ပါတယ်။ Potti အနေနဲ့ ကစားသမားဘ၀ မှအနားယူပြီးထဲက E-Sport လောကထဲမှာ Counter Strike Team Manager တစ်ယောက်အနေနဲ့ ဆက်လက် ရပ်တည်နေခဲ့တာပဲ ဖြစ်ပါတယ်။ မကြာသေးခင် အချိန်တုန်းကလည်း Potti အနေနဲ့ Competitive Gaming လောကထဲကို စတင် ၀င်ရောက်လာတဲ့ သူတွေနဲ့ ကျောင်းသားတွေကို Mentor တစ်ဦးအဖြစ်နဲ့ အကူအညီ ပေးခဲ့ပါသေးတယ်။

                "အချိန် ရက်သတ္တပါတ် သုံးပတ်ထဲနဲ့ “Silver Snipers” Team လို Video Games နဲ့ပတ်သတ်ပြီး အတွေ့အကြုံ သိပ်မရှိတဲ့ အသင်းမျိုးကို လေ့ကျင့်ပေးရတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ကစားသမားတွေ အားလုံး ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြတယ်လို့"

Potti က ပြောကြားသွားခဲ့ပါတယ်။ 

                Strategy ပိုင်းကို မသင်ကြားပေးခင် သူ့အနေနဲ့ Counter Strike ရဲ့ အခြေခံသဘောတရား တွေဖြစ်တဲ့ Setting ချိန်နည်း၊ ပစ်ကွင်းငြိမ်အောင် ချိန်နည်း၊ ပြိုင်ဘက်ကစားသမားရဲ့ ပုံစံက ဘယ်လိုမျိုး၊ စတဲ့ အသေးစိတ် အချက်အလက်တွေကို ကစားသမားအားလုံး သိရှိနားလည်စေဖို့အတွက် သင်ကြားပေးနေတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

                ဒါ့အပြင် အသက် ၆၂ နှစ်ကနေ ၈၁ နှစ်ကြားမှာ ရှိနေတဲ့ “Silver Snipers” Team က Player တွေအားလုံးဟာ Dreamhack Digital Festival မှာ ယှဉ်ပြိုင်ဖို့အတွက် Stockholm မှာရှိတဲ့ Inferno Online Gaming Center ထဲမှာ ပြင်းပြင်းထန်ထန် ကြိုးစား လေ့ကျင့် နေကြတယ်လို့ သိရပါတယ်။ ကစားသမားတွေ အားလုံးဟာ Gaming Center ကို လာတဲ့အခါတိုင်း နည်းပြကို မေးဖို့အတွက် မေးခွန်းတွေရှိနေတဲ့အပြင် ကစားသမားတစ်ဦးဆိုရင်  Game Controls တွေကို ကျက်မှတ်ရာမှာ လွယ်ကူစေဖို့အတွက် CS:GO Keyboard Layout ကို Copy ဆွဲပြီး သူ့ရဲ့ အသင်းဖေါ်တွေကိုပါ ဖြန့်ဝေပေးခဲ့တယ်လို့ ဆိုပါတယ်။

                “သူတို့အားလုံး အရမ်းကို စိတ်၀င်တစားနဲ့ ကြိုးစားနေကြပါတယ်”

လို့ Potti ကကျေနပ်အားရစွာနဲ့ ပြောကြားထားပါသေးတယ်။

                သူတို့တွေအားလုံးမှာ In-Game Nickname တွေတောင်ရှိနေပြီလို့ သိရပါတယ်။ အသက် ၆၃ နှစ်အရွယ် Wanja Godange ရဲ့ In-Game Nickname က “Knitting Knight” ၊ အသက် ၇၅ နှစ်အရွယ် Abbe Drakborg ကတော့ “BirDie”၊ အသက် ၇၅ နှစ် အရွယ် Oivind Toverud ကတော့ “Windy”၊ အသက် ၈၁ နှစ် အရွယ် Betil Englund ကတော့ “Berra-Bang”၊ အသက်အငယ်ဆုံး Player ဖြစ်တဲ့ ၆၁ နှစ်အရွယ် Idenfors ကတော့ “Teen Slayer” ပါတဲ့။ နာမည်တွေကတော့ အဆန်းတွေ။

                Violent First-Person-Shooter ဂိမ်းတစ်ခုဖြစ်တဲ့ Counter Strike နဲ့စပြီး E-Sport ကို သာမန်လူ တွေကြားမှာ စတင်မိတ်ဆက်တာဟာ ထူးခြားတဲ့ ရွေးချယ်မှုတစ်ခုလို့ သုံးသပ်ချက်များ ရှိနေပေမယ့်လည်း Potti ကတော့ အခြား Competitive Games တွေဖြစ်တဲ့ Overwatch, League Of Legends တို့နဲ့ယှဉ်ရင် Counter Strike က သာမန်လူတွေအတွက် ပိုပြီး ရင်းနှီးလွယ်စေတယ်လို့ ပြန်လည်ချေပခဲ့ပါတယ်။

                “Counter Strike က Hardcore Game အမျိုးအစားထဲမှာ ပါတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အခြား နာမည်ကြီး E-Sport Games တွေနဲ့ ယှဉ်မယ်ဆိုရင် Counter Strike ရဲ့ အခြေခံ သဘောတရား တွေက သာမန်လူတွေ အတွက်ပိုပြီး လွယ်ကူမှာ အမှန်ပါပဲ။"

ဆိုပြီး Potti ကပြောကြား သွားခဲ့ပါတယ်။


                ကစားသမားတွေနဲ့ နည်းပြတွေ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ပြိုင်ပွဲမှာတော့ “Silver Snipers” Team အနေနဲ့  ရလဒ်ကောင်းတွေ ရရှိခဲ့ခြင်း မရှိသေးပါဘူး။ အတွေ့အကြုံရှိတဲ့ အသင်းတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ရတဲ့ အခါမှာတော့ “Silver Snipers” အနေနဲ့ နိုင်ပွဲ လုံး၀ မရရှိခဲ့ပါဘူး။ ဒါပေမယ့် ပွဲစဉ်အားလုံးကို အမှတ်မရရှိပဲ ရှုံနိမ့်ခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ “Silver Snipers” ရဲ့ ကစားသမား Knitty Knight ဟာဆိုရင် တစ်ပွဲထဲမှာ ရန်သူသုံးယောက်ကို Headshot ပစ်သတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ "Silver Snipers" အနေနဲ့ ပထမဆုံး ခြေလှမ်းကို အောင်မြင်စွာ လှမ်းနိုင်ခဲ့တယ်လို့ သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။

                “Gaming Community တစ်ခုလုံးကလည်း ကျွန်မတို့ အသင်းကို အကောင်းမြင်ပြီး နွေးထွေးစွာနဲ့ ကြိုဆိုကြပါတယ်” 

လို့ Idenfors က ပြောကြားသွားခဲ့ပါတယ်။

                အခုအချိန်မှာဆိုရင် “Silver Snipers” Team ထဲကို ၀င်နိုင်ဖို့အတွက် တစ်ချို့ သက်ကြီးရွယ်အိုတွေဆီက ဆက်သွယ်မှုတွေ ရှိလာပြီလို့ Lenovo က ပြောကြားသွားခဲ့ပါတယ်။ Idenfors ရဲ့ ခင်ပွန်းကိုယ်တိုင်တောင်မှ Counter Strike ကို လက်တည့်စမ်းချင်စိတ်များ ပေါ်ပေါက်နေပြီလို့ ဆိုပါတယ်။

                Silver Snipers အဖွဲ့ရဲ့ ပထမခြေလှမ်း အောင်မြင်မှုတွေကြောင့် Potti ကလည်း Inferno Online Gaming Center မှာ Gaming ကို စိတ်၀င်စားတဲ့ သက်ကြီးပိုင်းတွေအတွက် Gaming သင်ခန်းစာ များကို အပတ်တိုင်း အခမဲ့ သင်ကြားပေးနိုင်ရန် စီစဉ်နေပြီလို့ သိရပါတယ်။ “Silver Snipers” Team အတွက် နောင်လာမယ့် ၂၀၁၈ ခုနှစ်ထဲမှာ အခုထက် ပိုမိုကောင်းမွန်တဲ့ Regular Training Schedule တစ်ခုနဲ့အတူ လေ့ကျင့်သွားပေးဖို့အတွက် အစီအစဥ်တွေလည်း ချမှတ်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အနာဂတ်မှာ အခြား Game တွေကို ဆက်လက်လေ့လာနိုင်ဖို့အတွက်လည်း အစီအစဉ် ဆွဲနေကြပြီလို့ သိရပါတယ်။

                Idenfeors ကလည်း ထူးခြားတဲ့ ကြော်ငြာတစ်ခုကို မတော်တဆ တွေ့လိုက်ရာ ကနေ အခုလို သူ စိတ်၀င်စားတဲ့ အခြား Hobbies တွေမှာပါ  တိုးတက်မှုတွေ အများကြီးနဲ့ ကြုံတွေ့လာရတယ်၊ အခုလိုမျိုး ပုံမှန် Training ဆင်းနေရတာကြောင့် Mahjong ကစားနည်း Solitaire ကစားနည်းတို့မှာပါ Strategies အသစ်တွေ ကိုယ်တိုင် ဖန်တီးနိုင်ခဲ့တယ်၊ Counter Strike မှာ Headshot ပစ်တတ်လာတဲ့အတွက်လည်း စိတ်ဖိဆီးမှုတွေကို လျှော့ချပစ်နိုင်လာတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Idenfors က ဂိမ်းကစားခြင်းနဲ့ ပတ်သက်လို့လည်း

                “စိတ်ညစ်စရာတွေ၊ စိတ်ဓါတ် ပျက်ပြားစရာတွေနဲ့ ကြုံတွေ့လာခဲ့ရင် ဂိမ်းကစားလိုက်တာပဲ။ ဂိမ်းတစ်ပွဲ ပြီးသွားတာနဲ့  ကျွန်မရဲ့ စိတ်တွေ ကြည်ကြည်လင်လင် ပြန်ဖြစ်သွားတာပဲလေ”

လို့ မှတ်ချက်ပေးခဲ့ပါသေးတယ်။

This Article is contributed by Phyo Kyaw Swar.
References
The Verge
About Author
Assinged Tags
PC Games Counter Strike E-Sports
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed