MIUI 9 မှာ ဘာတွေပြောင်းလဲလာမလဲ

date_range 07 August 2017

MIUI 9 မှာ ဘာတွေပြောင်းလဲလာမလဲ

visibility 25280 Views

                MIUI ဟာ Xiaomi ရဲ့ ပထမဦးဆုံး Product တစ်ခုဖြစ်ပြီး သြဂုတ်၊ ၂၀၁၀ ခုနှစ်မှာ စတင်ခဲ့တဲ့ Custom UI Project တစ်မျိုးဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း MIUI ROM ကို နိုင်ငံပေါင်း ၁၄၂ နိုင်ငံမှာ အသုံးပြုသူပေါင်း ၂၈၀ မီလီယံကျော် နေ့စဉ်အသုံးပြုနေကြပါတယ်။ 

                MIUI ဟာ အခြား UI တွေနဲ့ယှဉ်ကြည့်မယ်ဆို Features တွေများပြားပြီး UI အတော်လေးလှတဲ့ Android OS အခြေခံ Custom UI တစ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့လည်း MIUI မှာ Features တွေသိပ်သည်းနေပြီး UI ဟာလည်းရှုပ်ယှတ်ခတ်နေတာကိုတော့ Xiaomi ဖုန်းအသုံးပြုတဲ့သူတိုင်း သတိထားမိကြမှာပါ။ 

                MIUI Team ကလည်း ဒီအကြောင်းကို User Feedback တွေအရသိရှိထားပြီး နောက်ထပ်ထွက်ရှိလာမယ့် MIUI 9 ဟာ လျှပ်စီးလက်နေသလိုမျိုး မြန်ဆန်ပြီး ပေါ့ပါးနေမယ့်အတွေ့အကြုံတွေကို ပေးစွမ်းနိုင်မယ့် Version လို့ဆိုထားပါတယ်။ ဒီလိုမျိုးမြန်ဆန်ပေါ့ပါးနေမယ့်အပြင် System Stability နဲ့ Battery အတွက်လည်း အားစိုက်ထုတ်ထားတယ်လို့ဆိုပါတယ်။

                လက်ရှိအချိန်မှာတော့ MIUI 9 ကို Beta အနေနဲ့ပဲ တွေ့မြင်နေရပြီး မကြာခင်အချိန်အတွင်းမှာ Developer ROM အနေနဲ့ထွက်ရှိလာတော့မယ်လို့ သိရှိရပါတယ်။ Developer ROM တွေအားလုံး ထုတ်လုပ်ပြီးသွားတဲ့အချိန်ကျ Stable ROM တွေပါဆက်လက်ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ Xiaomi မှကြေညာချက်အရ MIUI 9 မှာဘာတွေပြောင်းလဲသွားမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

Lightning Fast MIUI 9


                MIUI 9 ဟာ လျှပ်စီးလက်နေသလို မြန်ဆန်ပြီး တုံ့ပြန်မှုတွေပိုတိကျအောင် ပြုလုပ်ထားတဲ့ Version တစ်မျိုးလို့ဆိုထားပါတယ်။ Main Features အသစ်အနေနဲ့ Image Search, Smart Assistant နဲ့ Smart App Launcher ဆိုပြီးပါ၀င်လာမယ်လို့လည်းသိရှိထားရပါတယ်။ ဒီ Features တွေကိုအသုံးပြုပြီး လိုအပ်သမျှ အရာရာတိုင်းကို Click တစ်ချက်၊ နှစ်ချက်တည်းနဲ့ ပြီးပြည့်စုံအောင်ရှာဖွေလာနိုင်မယ်လို့ဆိုပါတယ်။ လက်ရှိမှာ အသုံးပြုနေတဲ့ Features ပေါင်း ၅၀ ကျော်ကိုလည်း ပြန်လည်ပြုပြင်ပြီး ရိုးရှင်းအောင်ပြုလုပ်ပေးထားပါသေးတယ်။

Lightning Fast And Stable System

                ဘယ်လောက်ပဲကောင်းတဲ့ Android စမတ်ဖုန်းဖြစ်ဖြစ် အချိန်တစ်ခုကြာလာတဲ့အခါမှာ နှေးလာပြီး Apps တွေဟမ်းသွားတာမျိုးကို အနည်းနဲ့အများကြုံဖူးကြမှာပါ။ Android အသုံးပြုထားတဲ့ပစ္စည်းထားတွေဟာ ဘာဖြစ်လို့များ ဒီလိုမျိုးနှေးကျသွားရတာပါလဲ? ဒီမေးခွန်းရဲ့အဖြေကတော့ Android OS မှာ Cache Management နဲ့ System Optimization တွေဟာ အခုချိန်ထိတိုင် မတိကျ မသေချာလို့ပါ။ MIUI 9 မှာတော့ ဒီလိုမျိုးလေးပင်သွားတာတွေမရှိအောင် System Optimization အတွက် အချိန်အတော်ကြာယူပြီး ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို့ သိရှိရပါတယ်။


                အပေါ်ကပြထားတဲ့ ဗီဒီယိုမှာဆိုရင်တော့ Mi 6 (MIUI 9)၊ Huawei P10 (EMUI 5.1) နဲ့ Samsung Galaxy S8 (SE 8.1) တို့ကိုယှဉ်ပြီး ၆ နာရီကြာ Apps တွေကို Run ပြထားတာကို တွေ့မြင်ရမှာပါ။ စမ်းသပ်ထားတဲ့ Apps တွေကို Source တစ်ခုတည်းကနေပဲ Download ရယူထားပြီး အားလုံးဟာ ကုမ္ပဏီအသီးသီးရဲ့ Latest Flagship ဖုန်းတွေပဲဖြစ်ပါတယ်။ ဒီစမ်းသပ်ချက်မှာတော့ MIUI 9 ကိုအသုံးပြုထားတဲ့ Mi 6 ဟာ သိသိသာသာကိုမြန်ဆန်လွန်းနေတာ တွေ့မြင်ရမှာဖြစ်ပါတယ်။

Quicker Launch-times

                App တွေကိုဖွင့်လိုက်တဲ့အခါမှာလည်း MIUI 9 အသုံးပြုနေတဲ့သူဆို အခြား Android စမတ်ဖုန်းတွေထက် သိသိသာသာ ပိုမြန်ဆန်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး Result တွေရရှိလာဖို့အတွက် Haptic Feedback တွေကို Optimize ပြုလုပ်ထားသလို Intelligent CPU Acceleration လည်းအသုံးပြုထားပါတယ်။ Thread Scheduling ကိုလည်းသေချာပြုလုပ်ထားပါသေးတယ်။ ဒါကြောင့်မို့ ဂိမ်းဖြစ်ဖြစ်၊ System Apps ဒါမှမဟုတ် Third-Party Apps ဘယ်လိုပဲဖွင့်ဖွင့် MIUI 9 မှာတော့ အခြား Android စမတ်ဖုန်းတွေထက် ပိုမိုမြန်ဆန်နေမှာဖြစ်မယ်လို့ သိရှိထားပါတယ်။


                အပေါ်က ဗီဒီယိုမှာပြထားတဲ့အတိုင်း App Launching Speed တွေကို Huawei P10 (EMUI 5.1)၊ Mi 6 (MIUI 9) နဲ့ Samsung Galaxy S8 (SE 8.1) တို့နဲ့ ယှဉ်ပြီးစမ်းသပ်ခဲ့ပါတယ်။ စမ်းသပ်ချက်အရ တရုတ်နိုင်ငံအတွက် Popular အဖြစ်ဆုံး Apps အခု ၅၀ ကို ဖုန်းသုံးလုံးစလုံးမှာ သွင်းထားပြီး တစ်ခုချင်းစီကို App Launch ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ MIUI 9 ကိုအသုံးပြုထားတဲ့ Mi 6 ဟာ 43 မှတ်နဲ့ အပြတ်အသတ်အနိုင်ရရှိထားတာကို ဗီဒီယိုမှာမြင်တွေ့နိုင်ပါတယ်။

Dynamic Resource Allocation

                Apps တွေကို အသုံးပြုမှုအရ ဘယ်အရာကိုဦးစားပေးရမလဲဆိုတာကို MIUI 9 မှာဆုံးဖြတ်ပေးနိုင်မှုက MIUI ကိုအသုံးပြုသူနေတဲ့သူတွေအတွက် အဆင်ပြေချောမွေ့လာမှာဖြစ်ပါတယ်။ MIUI 9 မှာ အသုံးပြုနေတဲ့ Resource တွေကို ဘယ်လို Allocate လုပ်ရမလဲဆိုတာ သေချာစီမံခန့်ခွဲပေးနိုင်လာမှာပါ။


                အပေါ်မှာပြထားတဲ့ ဗီဒီယိုအရ ပထမအပိုင်းမှာဆိုရင်တော့ File အကြီးတစ်ခု Download ဆွဲထားပြီး Apps တွေကို Multitask လုပ်ပြီးစမ်းသပ်ထားပါတယ်။ ဒုတိယပိုင်းမှာဆိုရင် File အကြီးတစ်ခု Download ဆွဲပြီး Online ဂိမ်းတစ်ခုအတူတူဆော့ပြီး စမ်းသပ်ထားတာကို တွေ့မြင်ရမှာပါ။ MIUI 9 ကိုအသုံးပြုထားတဲ့ Mi 6 ဟာ အနောက်မှာ Background Task တစ်ခုရှိနေလည်း လက်ရှိအသုံးပြုနေတဲ့ App ကိုထိခိုက်မှုမရှိပဲ ကောင်းကောင်းမွန်မွန်အလုပ်လုပ်ပြနိုင်သွားတာကို ဗီဒီယိုထဲမှာ မျက်မြင်တွေ့ရမှာဖြစ်ပါတယ်။

Image Search

                MIUI 9 မှာအသစ်ပါ၀င်လာတဲ့ Image Search ဟာ မိမိစမတ်ဖုန်းနဲ့ ဓာတ်ပုံအမြဲတစေရိုက်ကူးတဲ့သူတွေအတွက် အတော်ကြီးအသုံး၀င်မယ့် Feature တစ်ခုဖြစ်ပါတယ်။ Image Search ကိုအသုံးပြုပြီး စာသားနဲ့ရှာဖွေတဲ့အခါမှာ သက်ဆိုင်တဲ့ဓာတ်ပုံတွေကို အလျင်အမြန်ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။


                ဥပမာအနေနဲ့ မိမိရဲ့ဇနီးဖြစ်သူကို Valentine Day နေ့မှာ ဓာတ်ပုံတစ်ချို့ပို့ပေးချင်တယ်ဆိုရင် မိမိနဲ့အတူရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို Image Search မှာ “My Wife And I” ဆိုပြီးရှာဖွေလိုက်တာနဲ့ သက်ဆိုင်တဲ့ဓာတ်ပုံတွေပေါ်လာမှာဖြစ်ပါတယ်။ 


                ဒါ့အပြင် MIUI 9 ရဲ့ Image Search ဟာ ဓာတ်ပုံတွေမှာရှိတဲ့ မျက်နှာအမူအရာတွေကအစ ရှာဖွေနိုင်မှာလည်းဖြစ်ပါတယ်။ ပြုံးနေ၊ မျက်စိမှိတ်နေ၊ ပါးစပ်ဖွင့်ထား၊ လျှာထုတ် စတဲ့ အမူအရာတွေကိုပါ Image Search မှာရှာဖွေသွားနိုင်ပါသေးတယ်။ 


                MIUI 9 ရဲ့ Image Search ကိုအသုံးပြုပြီးတော့ Passport၊ မှတ်ပုံတင်၊ Bank Card နဲ့ Business Card တွေကိုလည်းရှာဖွေနိုင်မှာဖြစ်ပါတယ်။ Screenshots တွေနဲ့ အခြားရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲက စာသားတွေကိုပါ Image Search နဲ့ရှာဖွေနိုင်ဦးမှာမို့လို့ အတော်လေးကိုအသုံး၀င်တဲ့ Feature တစ်ခုဖြစ်လာမှာပါ။

Smart Assistant


                Home Screen ကနေ ညာဘက်ကို Swipe လုပ်လိုက်တာနဲ့ Smart Assistant ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Smart Assistant မှာဆိုရင်တော့ အသုံးပြုသူအတွက် အချက်အလက်ပေါင်းများစွာနဲ့ မကြာခဏအသုံးပြုထားတဲ့ Apps တွေကိုပြသပေးသွားမှာပါ။ ဒါ့အပြင် Notes တွေ၊ Reminders တွေနဲ့အတူ အခြား Information တွေအကုန်လုံးကိုလည်း Smart Assistant မှာရှာဖွေလာနိုင်မယ်လို့ဆိုပါတယ်။

Smart App Launcher


                Smart App Launcher ဟာ ကိုယ်သိချင်တဲ့ Information ကို Long-Press လုပ်ပြီးရှာဖွေနိုင်အောင် ပြုလုပ်ပေးထားမယ့် Feature တစ်မျိုးဖြစ်ပါတယ်။ ဥပမာ- ကျွန်တော်တို့ Steve Jobs ဆိုတဲ့နာမည်ကို ဆောင်းပါးတစ်ခုခုမှာဖတ်ရှုနေရင်း တွေ့ခဲ့တဲ့ဆို သူ့အကြောင်းကိုသိချင်တဲ့အခါ Steve Job နေရာကို Long-Press လုပ်လိုက်ရုံနဲ့ သက်ဆိုင်တဲ့ Link တွေနဲ့အတူ Info အချို့ပေါ်လာမှာဖြစ်ပါတယ်။ 

Split-Screen


                Android Nougat မှာ စတင်ထည့်သွင်းပေးထားတဲ့ ဒီ Feature ကိုတော့အထူးတလည် ရှင်းပြနေစရာလိုတော့မယ်မထင်ပါဘူး။ App နှစ်ခုကို တစ်ပြိုင်နက်တည်း Screen ပေါ်မှာ Split-View အနေနဲ့ MIUI 9 မှာ စတင်အသုံးပြုလာနိုင်တော့မှာပါ။ 

                MIUI App အချို့မှာ အသုံးပြုလို့ရမယ်ဆိုပေမဲ့ App တိုင်းကိုတော့ Split-Screen အသုံးပြုလို့ရမှာမဟုတ်ပါဘူး။ Dialer လို App မျိုးဟာ Full-Screen မှာပဲအလုပ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ 

                Third-Party App တွေကို Split-Screen အသုံးပြုချင်တယ်ဆိုရင်တော့ Apps တွေကို Update ပြုလုပ်ထားဖို့လိုအပ်တယ်လို့ဆိုပါတယ်။ App Developers တွေက Split-Screen Feature အသုံးပြုလို့ရအောင် ရေးဆွဲမထားဘူးဆိုရင်တော့ အသုံးပြုလို့ရမှာမဟုတ်ပါဘူး။

Notification Filter


                MIUI 9 မှာ အသုံးမ၀င်တဲ့ Notification တွေ Status Bar မှာဆက်တိုက်ပေါ်နေတာမျိုးမဖြစ်အောင် Filter ပြုလုပ်လို့ရလာမှာဖြစ်ပါတယ်။ မမြင်ချင်တဲ့ Notification တွေကို ဘယ်ဘက်ကို Swipe လုပ်လိုက်တာနဲ့ နောက်ထပ်မပေါ်လာတော့အောင်ပါ တစ်ခါတည်း Filter လုပ်ပစ်လိုက်လို့ရပါတယ်။

Home Screen Customization


                Home Screen ကို Customize လုပ်တဲ့အခါမှာ ရိုးရိုးရှင်းရှင်းနဲ့ တိကျမြန်ဆန်အောင် Optimize အနည်းငယ်ပြုလုပ်ထားတယ်လို့ သိရှိရပါတယ်။ အောက်နားမှာရှိတဲ့ Menu ကိုလည်း ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် Wallpaper, Widgets နဲ့ Home Screen Settings ဆိုပြီး သုံးခုပဲထားရှိတော့မှာ ဖြစ်ပါတယ်။ 

3 New Themes

                MIUI 9 မှာ Themes အသစ် သုံးမျိုးကို Default Theme နဲ့အတူထည့်သွင်းပေးထားမယ်လို့သိရှိရပါတယ်။ Limitless, Color Fantasy နဲ့ Cool Black လို့ခေါ်တဲ့ Theme သုံးမျိုးမှာ တစ်ခုချင်းစီအလိုက် ကိုယ်ပိုင် Icon Design လည်းပါ၀င်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် MIUI 9 မှာ Dock Icon အတွက် နာမည်တွေမြင်ရတော့မှာ မဟုတ်တာကြောင့် ပုံစံအသစ်အနေနဲ့ မြင်တွေ့ရမှာ အသေအချာပါပဲ။ Theme အသစ်သုံးမျိုးအတွက် English နာမည်တော့မပေးရသေးပဲ တရုတ်နာမည်ကနေ တိုက်ရိုက်ဘာသာပြန်ထားတာပဲဖြစ်ပါတယ်။

Limitless Theme


Color Fantasy Theme


Cool Black Theme


Default Theme

MIUI 9 China Developer ROM Public Release Timeline

                သြဂုတ် ၁၁၊ ၂၀၁၇ မှာ MIUI 9 China Developer ROM ကို Mi 6, Mi 5X, Redmi Note 4X Qualcomm စတဲ့ Xiaomi စမတ်ဖုန်းတွေအတွက် ထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။

                သြဂုတ် ၂၅၊ ၂၀၁၇ မှာ MIUI 9 China Developer ROM ကို Mi MIX, Mi Note 2, Mi 5, Mi 5s, Mi 5s Plus, Mi 5c, Mi Max 2, Mi Max 32G, Mi Max 64G/128G, Mi 4S, Mi 4c, Mi Note Pro, Redmi 4X စတဲ့ Xiaomi စမတ်ဖုန်းတွေအတွက် ထုတ်လုပ်ပေးသွားမှာပါ။

                စက်တင်ဘာ၊ ၂၀၁၇ နောက်ပိုင်းမှာတော့ MIUI 9 China Stable ROM တွေကို Mi1/1S နဲ့ Mi 2A မှလွဲပြီး Mi/Redmi စမတ်ဖုန်းတွေအကုန်လုံး အတွက် ထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။

                Global ROM ကိုတော့ ဘယ်အချိန်ထွက်ရှိလာမလဲဆိုတာကို အတိအကျမသိရှိသေးသလို ထွက်ရှိလာတဲ့အချိန်ကျရင်လည်း China ROM ထဲက Features အချို့ကို အချိန်အတိုင်းအတာတစ်ခုထိ မြင်တွေ့ရမှာမဟုတ်ဘူးလို့ သိရှိရပါတယ်။ 

                MIUI 9 ကိုရရှိမယ့် Device စာရင်းဟာလည်း အပြောင်းအလဲအနည်းငယ်ရှိနိုင်ပါသေးတယ်။

References
MIUI
About Author
Assinged Tags
Android MIUI related MIUI 9 related Update news Android Operating System MIUI Theme MIUI 9 Features Smart App Launcher Image Search Smart Assistant
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed