ဂျပန်က ကမ္ဘာ့အမြန်ဆုံး ဖြစ်လာမယ့် စူပါကွန်ပျူတာကို စံချိန်တင် ဒေါ်လာပေါင်း ၁၇၃ သန်း ကုန်ကျခံကာ တည်ဆောက်သွားမှာဖြစ်ပြီး၊ နိုင်ငံရဲ့ Artificial Intelligence (လူကဲ့သို့ ဆုံးဖြတ်နိုင်သော စက်၏ဉာဏ်ရည်) နဲ့ပတ်သတ်ပြီး သုတေသနတွေပြုလုပ်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ အချက်အချာအသစ် ဖြစ်လာမယ့်ပုံမှာ ရှိပါတယ်။
အခုတည်ဆောက်နေပြီဖြစ်တဲ့ စူပါကွန်ပျူတာက အမြန်နှုန်း 130 Petaflops ရှိမယ်လို့ သိရပါတယ်။ Petaflops ဆိုတာကတော့ ကွန်ပျူတာရဲ့ အမြန်နှုန်းကို တိုင်းတဲ့ ယူနစ်တစ်မျိုးဖြစ်ပြီး တစ်စက္ကန့်အတွင်း တွက်ချက်မှုပေါင်း 130 Quadrillion (ဂဏန်းရဲ့နောက် သုည ၁၅လုံး) ကို တပြိုင်နက်တည်း တွက်ချက်နိုင်တယ်လို့ အဓိပ္ပါယ်ရပါတယ်။
၂၀၁၈ ဧပြီလမှာ တည်ဆောက်ပြီးစီးမယ်လို့ သိရတဲ့ AI Bridging Cloud Infrastructure (ABCI) အမည်ရှိတဲ့ စူပါကွန်ပျူတာဟာ တရုတ်နိုင်ငံက လက်ရှိကမ္ဘာ့အမြန်ဆုံး 93 Petaflops ရှိတဲ့ Sunway TaiHuLight ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးနေရာကို ရောက်လာတော့မှာပါ။
ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာများ
ဘာကြောင့် စူပါကွန်ပျူတာလို့ ခေါ်ရသလဲ?
ABCI မှာ ကျနော်တို့ လက်ရှိသုံးနေတဲ့ တစ်ကိုယ်ရည်သုံး ကွန်ပျူတာတွေလို မောက်စ်တွေ၊ ဖန်သားမျက်နှာပြင်တွေ ပါဝင်မှာမဟုတ်ပေမယ့် အများကြီး ကွာခြားသွားတာတော့လဲ မဟုတ်ပါဘူး။ ပိုပြီးမြန်လာတာနဲ့ အရွယ်အစား ပို ပိုပြီး ကြီးသွားတာ သက်သက်ပါပဲ။
“လက်ရှိ စူပါကွန်ပျူတာ စနစ်က တစ်ကိုယ်ရည်သုံး ကွန်ပျူတာတွေထက် အဆပေါင်းတစ်သန်းလောက် မြန်ပါတယ်”
လို့ Japan's National Institute of Advanced Industrial Science and Technology (ဂျပန် အမျိုးသား အဆင့်မြင့် စက်မှုသိပ္ပံနဲ့ နည်းပညာသင်ကျောင်း) က ညွှန်ကြားရေးမှူးချုပ် Satoshi Sekiguchi (ဆတိုရှိ ဆဲကိဂူချီ) က ရှင်းပြခဲ့ပါတယ်။
တစ်ကိုယ်ရည်သုံး ကွန်ပျူတာတစ်လုံး အနှစ် သုံးထောင်ကြာလုပ်ရမယ့် အလုပ်တွေကို စူပါကွန်ပျူတာက တစ်ရက်တည်းနဲ့ အပြီး လုပ်ဆောင်နိုင်တယ်လို့ Sekiguchi က တွက်ချက်ပြပါတယ်။
အရွယ်အစားအနေနဲ့ဆိုရင်တော့ ဂျပန်ရဲ့ စူပါကွန်ပျူတာက ကားအစီးရေ ၃၀ ကနေ ၄၀ အထိ ဆံ့မယ့် ကားပါကင်တစ်ခုစာလောက် ရှိမယ်လို့ သိရပါတယ်။
“အခုတော့ စူပါကွန်ပျူတာကို တည်ဆောက်နေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ သူ့ကို နေရာချဖို့အတွက် စတုရန်းပေ ၁,၀၀၀ လောက် လိုပါတယ်”
လို့ Sekiguchi က ဆိုပါတယ်။
ဘယ်နေရာမှာ သုံးမှာလဲ?
ဂျပန်ကုမ္ပဏီတွေအနေနဲ့ မောင်းသူမဲ့ကားတွေ၊ စက်ရုပ်တွေ၊ ရောဂါရှာဖွေကုသနည်းတွေကို ဖန်တီးအဆင့်မြှင့်တင်နိုင်ရေး အတွက် ABCI က ကူညီသွားနိုင်မယ်လို့ Sekiguchi က ရှင်းပြပါတယ်။
“ဒီလို ပညာရပ်နယ်ပယ်တွေကို တိုးတက်အောင် အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်နိုင်ဖို့ဆိုတဲ့ နေရာမှာ စူပါကွန်ပျူတာ တစ်လုံးရှိဖို့က အလွန့် အလွန် အရေးကြီးပါတယ်”
လို့ သူက ဆက်လက်ပြောပြပါတယ်။
အဆိုပါ စူပါကွန်ပျူတာရဲ့ အလွန်အမင်း မြန်ဆန်တဲ့ အမြန်နှုန်းက Deep Learning လိုမျိုး အဆင့်မြင့် Artificial Intelligence နည်းပညာတွေကို ဖန်တီးဖို့ အထောက်အကူဖြစ်လာပါလိမ့်မယ်။ (Deep Learning ဆိုတာကတော့ လူရဲ့ ဦးနှောက်ကို တုပပြီး ဖန်တီးထားတဲ့ အာရုံကြောကွန်ယက်အတုတွေရဲ့ အလုပ်လုပ်ပုံကို လေ့လာတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်)
ဒါ့အပြင် နေ့စဉ်အသုံးပြုနေတဲ့ အသေးစားဖန်တီးမှုလေးတွေကိုလည်း စူပါကွန်ပျူတာက စွမ်းဆောင်နိုင်ပါသေးတယ်။
“စက္ကူနဲ့လုပ်တဲ့ ကလေးသေးခံဘောင်းဘီရဲ့ ကနဦဒီဇိုင်းကို စူပါကွန်ပျူတာ အသုံးပြုပြီး ထုတ်ခဲ့တာပါ။ ဒါကို အမြဲ သုံးနေကြတဲ့ အမေတွေတောင် ဒီအချက်ကို သိမှာမဟုတ်ပါဘူး”
အနာဂတ်အတွက် အမေရိကန်ဒေါ်လာ ၁၇၃ သန်း တန်ကြေးရှိ သော့ချက်
ABCI နဲ့ သုတေသနဌာန နှစ်ခုကို တည်ဆောက်ဖို့အတွက် Japan's Ministry of Economy, Trade and Industry (ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စက်မှု ဝန်ကြီးဌာန) က ယန်းငွေ ၁၉ ဒဿမ ၅ ဘီလျံကို အသုံးပြုမှာပါ။
“အနာဂတ်အတွက်၊ ထုတ်လုပ်မှုပိုင်းမှာ ပြိုင်ဘက်တွေနဲ့ ယှဥ်ပြိုင်နိုင်ဖို့အတွက် Artificial Intelligence က သော့ချက်တစ်ခု ဆိုတာကို အစိုးရက သဘောပေါက်ပါတယ်”
လို့ Sekiguchi က ပြောခဲ့ပါတယ်။
အရင်ကဆို ကိန်းဂဏန်းကြီးတွေကို ဖြေရှင်းရတော့မယ်ဆိုရင် ဂျပန်ကုမ္ပဏီတွေအနေနဲ့ Amazon, Google နဲ့ Microsoft တို့ကိုပဲ အားကိုးခဲ့ရတာပါ။ တကယ်လို့ ABCI ကိုသာ တည်ဆောက်ပြီးစီးခဲ့မယ်ဆိုရင် ဂျပန်မှာရှိတဲ့ သုတေသနလုပ်ငန်းတွေနဲ့ ကုမ္ပဏီတွေ အနေနဲ့ Amazon Web Services ဒါမှမဟုတ် Microsoft Azure တို့လို Public Cloud ဝန်ဆောင်မှုတွေကို ခဏခဏငှားရမ်း နေစရာ မလိုတော့ဘဲ ABCI ကိုပဲ အခကြေးငွေပေးပြီး အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
ထိပ်ဆုံးနေရာအတွက် ယှဉ်ပြိုင်ခြင်းလား?
ဂျပန်ရဲ့ “ကေ” ကွန်ပျူတာဟာဆိုရင် အမြန်နှုန်း 10 Petaflops ရှိပြီး ၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့အမြန်ဆုံး ကွန်ပျူတာအဖြစ် ခြောက်လကြာ ရပ်တည်နိုင်ခဲ့ပါတယ်။ နောက်တော့မှ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်က စူပါကွန်ပျူတာတွေရဲ့ ကျော်တက်သွားခြင်းကို ခံခဲ့ရတာပါ။
“ကေ” ကွန်ပျူတာ
ဒါပေမဲ့ Sekiguchi ကတော့ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာကို တည်ဆောက်နိုင်ဖို့အတွက် ယှဥ်ပြိုင်နေတာမဟုတ်ဘူးလို့ ဆိုပါတယ်။
“အရင်ကတော့ ကွန်ပျူတာလုပ်ငန်းနယ်ပယ်မှာကိုပဲ ပြိုင်ဆိုင်မှုရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုကနေစပြီး ဒီကွန်ပျူတာတွေနဲ့ ဘာတွေလုပ်ဆောင်နိုင်မလဲဆိုတာကို ပိုပြီးပြိုင်ဆိုင်သွားရမှာဖြစ်ပါတယ်။ အခုအချိန်မှာ ဘယ်ကွန်ပျူတာက အကောင်းဆုံးလဲဆိုတာ သိပ်ပြီး အရေးမပါတော့ပါဘူး။ သူတို့ကို ထိထိရောက်ရောက် အသုံးချနိုင်မယ့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးဖို့က အဓိကကျလာပါပြီ”
လို့ ဆတိုရှိ ဆဲကိဂူချီ က အဆုံးသတ်ပြောကြားသွားခဲ့ပါတယ်။
This Article is Contributed by Min Hein Kyaw
Join Us On