Search Engine စျေးကွက်မှာ Google ကို နေရာလုဖို့ ကြိုးစားနေတဲ့ Microsoft ရဲ့ Bing

date_range 10 June 2017

Search Engine စျေးကွက်မှာ Google ကို နေရာလုဖို့ ကြိုးစားနေတဲ့ Microsoft ရဲ့ Bing

visibility 620 Views

                ၂၀၁၇ ခုနှစ် မေလရဲ့ Search Engine စျေးကွက်ဝေစု ကိန်းဂဏန်းတွေအရ Microsoft ရဲ့ Bing ဟာ ကမ္ဘာပေါ်မှာ ဒုတိယ လူကြိုက်အများဆုံးဖြစ်ပြီး ဈေးကွက်ဝေစုရဲ့ ၇ ဒဿမ ၈၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ Search Engine ဖြစ်ပါတယ်။ ဒီလောက်နဲ့တင် မကျေနပ်နိုင်သေးတဲ့ Microsoft က Window 10 နဲ့အတူ Microsoft Edge မှာ Bing ကို Default အနေနဲ့ သုံးစွဲဖို့အတွက်ကို ကြိုးပမ်းလာနေပါပြီ။


                Microsoft ရဲ့ ရည်ရွယ်ချက်ကတော့ အများစု လက်ရှိအသုံးပြုနေတဲ့ Chrome တို့၊ Firefox တို့လို browser တွေရဲ့ နေရာကို Microsoft Edge နဲ့ အစားထိုးဖို့ဖြစ်ပြီး၊ အလားတူပဲ Search Engine တွေကြားမှာ အပြတ်အသတ် ကြီးစိုးနေတဲ့ Google ရဲ့ နေရာကိုပါ Bing နဲ့ အစားထိုးဖို့ ကြံစည်နေတာဖြစ်ပါတယ်။

                Search engine အားလုံးရဲ့ ထိပ်ဆုံးမှာ နေရာယူထားတဲ့ Google ကလည်း ခေသူတော့ မဟုတ်ပါဘူး။ ဈေးကွက်ဝေစုမှာ ၇၇ ဒဿမ ၉၈ ရာခိုင်နှုန်းအထိ ရရှိထားပြီး Bing အပါအဝင် ကျန်တဲ့ Baidu, Yahoo!, Ask, AOL အစရှိတဲ့ Search Engine တွေ အားလုံးထက် အပြတ်အသတ်ကို သာနေတဲ့ အနေအထားပါ။ ရိုးရှင်းတဲ့ Home Page နဲ့အတူ အခြား Search Engine တွေထက် Ads တွေနည်းပြီး ရှာဖွေလိုတဲ့ အရာတွေကို လျှင်လျှင်မြန်မြန်နဲ့ ရှာပေးနိုင်တာကြောင့်လည်း အခုလို ထိပ်ဆုံးနေရာကို ရယူထားတာဖြစ်ပါတယ်။

                ဒါပေမယ့်လည်း Google နဲ့ ယှဉ်ရာမှာ Bing ရဲ့ အားသာချက်လို့ ပြောလို့ရမယ့် အရာတချို့လည်း ရှိနေပါတယ်။  အဲဒါတွေကတော့ -

  1. Bing မှာ ပါဝင်တဲ့ video search က Google ရဲ့ video search ထက် သိသိသာသာကောင်းမွန်တယ်လို့ ဆိုပါတယ်။ Bing မှာ ဗီဒီယိုတွေကို Large thumbnails နဲ့ ဖော်ပြပေးပြီး အဲဒီအပေါ်မှ ကလစ်နှိပ်လိုက်ရုံ၊ ဒါမှမဟုတ် mouse pointer ကို အပေါ်ခဏတင်လိုက်ရုံနဲ့ အမြည်း ကြည့်ရှုလို့ရနိုင်မှာဖြစ်ပါတယ်။
  2. Bing ရဲ့ Autocomplete Suggestion တွေက Google ထက် နှစ်ဆ ပိုများပါတယ်။
  3. နောက်ဆုံးတစ်ခုကတော့ Bing ရဲ့ ဆုပေးတဲ့ စနစ်ပဲဖြစ်ပါတယ်။ ကြားရတဲ့ သတင်းတွေအရ Microsoft အနေနဲ့ UK မှာ ဇွန်လ ၁ ရက် ကနေစပြီး Bing ကို အသုံးပြုတဲ့သူတွေအတွက် ဆုပေးတဲ့စနစ်တစ်ခုကို စတင်ကျင့်သုံးနေပြီလို့ သိရပါတယ်။

                အဲဒီ ဆုပေးစနစ်ကို အရင်က US မှာသာ ရရှိခဲ့တာပါ။ ဒါပေမဲ့ အခုအခါမှာတော့ ဗြိတိန်မှာရှိတဲ့ Bing search engine သုံးစွဲသူတွေကို အမှတ်တွေ စတင်ပေးနေပြီဖြစ်ပြီး အဆိုပါရမှတ်တွေကို Xbox Digital Gift Card တွေ၊ Groove Music Pass တွေ နဲ့ Skype Credit တွေ အစရှိတဲ့ ဆုအမျိုးမျိုးနဲ့ လဲလှယ်နိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် Microsoft အနေနဲ့ UK မှာ ရှိတဲ့ ပရဟိတအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ရမှတ်တွေကို လှူဒါန်းချင်တယ်ဆိုရင်လည်း လှူဒါန်းနိုင်အောင် စီစဉ်ပေးထားပါတယ်။

                အခု UK မှာ စတင်ကျင့်သုံးနေတဲ့ ဆုပေးတဲ့စနစ်က US နဲ့ အတူတူနီးပါး ပါပဲ။ Bing ကို အသုံးပြုပြီး အင်တာနက်မှာ တစ်ခါရှာဖွေလိုက်တာနဲ့ ရမှတ် ၃ မှတ် ရရှိမှာဖြစ်ပြီး Microsoft Edge ကို အသုံးပြုတဲ့သူတွေဆိုရင်တော့ သြဂုတ်လ ၁၅ ရက်မတိုင်ခင်အထိ ရမှတ် နှစ်ဆရမှာ ဖြစ်ပါတယ်။ ရမှတ်တွေ ရယူတဲ့ နေရာမှာတော့ ကန့်သတ်ချက်တွေ ရှိနေပါသေးတယ်။ သုံးစွဲသူတစ်ယောက်ဟာ တစ်ရက်ကို အများဆုံး ရမှတ် ၃၀ (Microsoft Edge သုံးစွဲသူတွေဆိုရင် ရမှတ် ၆၀) အထိပဲ ရနိုင်မှာဖြစ်ပါတယ်။

                ရမှတ်တွေကို Bing ကို အသုံးပြုပြီး ရှာဖွေတာနဲ့တင်မဟုတ်ဘဲ ဉာဏ်စမ်းတွေ ဖြေဆိုတာကနေတဆင့်လည်း ရယူနိုင်ပါတယ်။ ဒါတင်မကသေးဘဲ UK မှာရှိတဲ့ Microsoft online store တွေမှာ ၁ ပေါင် အသုံးပြုတိုင်းလည်း ရမှတ် ၁ မှတ်ရရှိမှာ ဖြစ်ပါတယ်။ တကယ်လို့ တစ်လအတွင်းမှာပဲ ရမှတ် ၅၀၀ ကျော်သွားခဲ့ရင် အဆင့်နောက်တစ်ဆင့်ကို တက်သွားမှာဖြစ်ပြီး အဲဒီအခါမှာဆိုရင်တော့ တစ်ရက်ကို အများဆုံး ရမှတ် ၁၅၀ အထိ ရယူနိုင်မှာပါ။ နောက်လတွေမှာလည်း UK အပြင် ပြင်သစ်၊ ဂျာမနီနဲ့ ကနေဒါနိုင်ငံတွေမှာပါ အဲဒီစနစ်ကို ကျင့်သုံးသွားမှာပါ။ 

                တကယ်လို့ Bing က အထက်မှာ ဖော်ပြခဲ့တဲ့ နိုင်ငံတွေမှာ အဓိက search engine ဖြစ်လာခဲ့မယ်ဆိုရင်၊ Microsoft Edge ကလည်း Chrome နဲ့ Firefox ရဲ့ နေရာကို ယူနိုင်ခဲ့မယ်ဆိုရင် Bing အတွက် အလားအလာကောင်းတစ်ရပ် ဖြစ်လာမှာဖြစ်ပါတယ်။

                Miscrosoft ရဲ့ Bing အနေနဲ့ Google ကို ကျော်တက်ဖို့ ဆိုတာ မလွယ်ပေမယ့် Microsoft Edge ရဲ့ အကူအညီရယ်၊ အခုလို ဆုပေးတဲ့စနစ်တွေကိုပါ ကျင့်သုံးလာတာရယ်ကြောင့် Bing နဲ့ Google ပြိုင်ဆိုင်မယ့် ကျွန်တော်တို့ သုံးနေတဲ့ browser တွေပေါ်က search engine နေရာလုပွဲကတော့ ကြည့်ကောင်းမယ့် ပွဲတစ်ပွဲဖြစ်လာမှာ အမှန်ပါပဲ။

This Article is Contributed by Min Hein Kyaw

References
Net Market Share The Verge
About Author
Assinged Tags
Google Microsoft Chrome Browser Search Engine Bing Edge Browser Google Search Firefox
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed