“ဟုတ်ပြီ… အခုဆိုရင် ယာဉ်ကြောပိတ်တဲ့ ပြဿနာက စိတ်ပျက်စရာအကောင်းဆုံး အရာတွေထဲက တစ်ခုဖြစ်နေပြီ။ ဒီကိစ္စက တစ်ကမ္ဘာလုံးမှာ ကြုံနေရတာ။ ခင်ဗျားတို့ရဲ့ အချိန်တွေတော်တော်များများကလည်း ဒီအထဲကိုပဲ ပါသွားတယ်။ ဒါဟာ တော်တော်ကို ဆိုးတဲ့ကိစ္စ။ အထူးသဖြင့် LA မှာဆိုရင် ပိုလို့တောင် ဆိုးသေးတယ်”
ဒီစကားတွေကိုတော့ SpaceX နဲ့ Tesla ကုမ္ပဏီရဲ့ အမှုဆောင်ချုပ်ဖြစ်သူ Elon Musk က ပြောသွားခဲ့တာပါ။ ဒီနှစ်အစောပိုင်းကစလို့ Elon Musk တစ်ယောက် LA မှာရှိတဲ့ သူ့ရဲ့ SpaceX ဝင်းထဲမှာ တွင်းကြီးတစ်ခု တူးနေတယ်လို့ သိခဲ့ရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်းသိခဲ့ရတာကတော့ ဧပြီလ ၂၇ ရက်တုန်းက ကျင်းပခဲ့တဲ့ TED conference မှာပါ။
သူ့ရဲ့ ရည်ရွယ်ချက်ကတော့ အဲဒီတွင်းကို အသုံးပြုပြီး အဝေးပြေးလမ်းမစနစ်သစ် တစ်ခုအဖြစ် 3D tunnel လို့ခေါ်တဲ့ လှိုဏ်ခေါင်းတွေနဲ့ မြေအောက်မှာ လမ်းတွေဖောက်သွားဖို့ပါပဲ။ TED conference မှာ လုပ်သွားတဲ့ မိနစ် ၄၀ ကြာ အမေးအဖြေကဏ္ဍမှာတော့ The Boring Company လို့ အမည်ပေးထားတဲ့ သူ့ရဲ့ ဥမင်လှိုင်ခေါင်းတူးတဲ့ ကုမ္ပဏီအသစ်အကြောင်းကို ပြောပြသွားခဲ့ပါတယ်။
Musk ရဲ့ ပြောပုံအရ အနာဂတ်မှာ ကားတွေဟာ မြို့နေရာအနှံ့မှာ လမ်းမျက်နှာပြင်နဲ့ တပြေးညီရှိနေမယ့် ဓာတ်လှေကားတွေကနေတဆင့် လှိုဏ်ခေါင်းတွေဆီကို ရောက်သွားနိုင်မယ်လို့ ဆိုပါတယ်။ လှိုဏ်ခေါင်းထဲကို ရောက်သွားတဲ့အချိန်မှာတော့ ကားကို ကိုယ်ပိုင်စွမ်းအင်အသုံးပြု၊ မောင်းစရာမလိုတော့ဘဲ “car skate” လို့ခေါ်တဲ့ လျှပ်စစ်စွမ်းအင်သုံး ဓာတ်ရထားက တစ်နာရီကို ကီလိုမီတာ ၂၀၀ နှုန်းနဲ့ သွားလိုရာကို ပို့ဆောင်ပေးမယ်လို့ သိရပါတယ်။ ဒီနည်းလမ်းနဲ့ သွားမယ်ဆို Westwood ကနေ LAX ( Los Angeles International Airport) အထိကို ငါးမိနစ်၊ ခြောက်မိနစ်လောက်သာ ကြာမှာဖြစ်တယ်လို့ Musk က ဆိုပါတယ်။ Westwood to LAX က ၁၀ မိုင်လောက်သာ ရှိပေမယ့် လက်ရှိအခြေအနေမှာ ယာဥ်ကြောအခြေအနေကြောင့် ဒီတိုင်း ကားမောင်းသွားရင် ပျှမ်းမျှ မိနစ် ၅၀ လောက် ကြာပါတယ်။
Musk က လှိုဏ်ခေါင်းတွေကို 3 Dimension နဲ့ (အရှေ့နဲ့ အနောက်၊ အထက်နဲ့ အောက်၊ ဘယ်နဲ့ ညာ) တည်ဆောက်သွားမှာဖြစ်ပြီး အထက်နဲ့ အောက် အလွှာပေါင်းကတော့ အကန့်အသတ်မရှိ ရှိနိုင်တယ်လို့ ပြောခဲ့ပါတယ်။ မြေပြင်ပေါ်မှာ ရှိတဲ့ ယာဉ်ကြောတွေကို မြေအောက်ကိုပါ ခွဲဝေပေးမှာဖြစ်တဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုကို ဒီနည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်လို့ Musk က ယုံကြည်နေတာပါ။
အခုလို တည်ဆောက်တဲ့အတွက် အကုန်အကျများမယ်ဆိုတာကတော့ အသေအချာပါပဲ။ ဒီအတွက်ကိုတော့ Musk က ကုန်ကျစရိတ်ကို ၁၀ ဆ လောက်အထိ လျှော့ချဖို့ လိုတယ်လို့ ပြောပါတယ်။
အဲဒီလိုလျှော့ချဖို့အတွက် သူစဉ်းစားထားတဲ့ နည်းလမ်းနှစ်ခုထဲက ပထမတစ်နည်းကတော့ လှိုဏ်ခေါင်းရဲ့ အချင်းကို နှစ်ဆ ဒါမှမဟုတ် နှစ်ဆနဲ့ အထက် လျှော့ချနိုင်ဖို့ပါ။
အဲဒါနဲ့ ပတ်သတ်ပြီး Musk က
“ထုံးစံအရဆိုရင်တော့ တစ်လမ်းမောင်း လှိုင်ခေါင်းတစ်ခုကို ၂၆ ပေ ရှိရပါမယ်။ ယာဉ်မတော်တဆမှုတွေနဲ့ အရေးပေါ်ယာဉ်တွေ၊ နောက်ပြီး လောင်စာဆီသုံးတဲ့ကားတွေအတွက် လေသွင်းလေထုတ်စနစ်တွေကိုပါ ထည့်တွက်ရင်တော့ ၂၈ ပေ ပေါ့။ အဲဒီဟာကိုမှ ကျွန်တော်တို့က ၁၂ ပေ အထိ လျှော့ချဖို့အတွက် ကြိုးစားနေပါတယ်။ ၁၂ ပေ ဆိုတာက electric skate အတွက် ကောင်းကောင်းသွားလို့ရပါတယ်။ ဒီလို အချင်းကို တစ်ဝက်အထိလျှော့ချလိုက်တဲ့အခါမှာ လှိုဏ်ခေါင်းမျက်နှာပြင်ဧရိယာပါ ၄ ဆ အထိ လျော့သွားမှာပါ”
လက်ရှိအချိန်မှာတော့ လုပ်ငန်းရဲ့ အချိန်တစ်ဝက်လောက်ကိုသာ လှိုဏ်ခေါင်းဖောက်ဖို့အတွက် သုံးနေရပါတယ်။ ကျန်တဲ့အချိန်တစ်ဝက်ကိုတော့ လှိုင်ခေါင်းနံရံတွေကို ထပ်လောင်းအားဖြည့်ဖို့အတွက် သုံးနေတာပါ။ ဒါကြောင့်မို့ တစ်ပြိုင်နက်တည်း နံရံတွေကိုပါ အားဖြည့်နိုင်မယ်ဆိုရင်တော့ ကုန်ကျစရိတ်က တစ်ဝက်လောက် ထပ်ပြီး သက်သာဦးမှာပါ။ နှစ်နည်းစလုံးအောင်မြင်ခဲ့ရင်တော့ ကုန်ကျစရိတ်ကို ၈ ဆ အထိ လျှော့ချနိုင်မှာဖြစ်ပါတယ်။
လက်ရှိမှာ လှိုဏ်ခေါင်းဖောက်တဲ့ နည်းပညာက ပက်ကျိတစ်ကောင်ကိုတောင်မှ လိုက်လို့ မမီနိုင်ဘူးလို့ Musk ကဆိုပါတယ်။ ဒီအကြောင်းကို သူက SpongeBob SquarePants ကာတွန်းစီးရီးထဲက ပက်ကျိ Gary (ဂေရီ) နဲ့ နှိုင်းယဉ်ပြခဲ့ပါတယ်။ “လောလောဆယ်မှာတော့ သူက ကျွန်တော်တို့ရဲ့ လှိုဏ်ခေါင်းတူးစက်ထက် ၁၄ ဆ လောက် မြန်နေပါတယ်။ ကျွန်တော်တို့ Gary ထက် သာချင်ပါတယ်” လို့လည်း Musk က ပြောခဲ့ပါသေးတယ်။
နောက်ထပ်ပြီး Musk က ၂၀၁၂ ခုနှစ်က သူ စဉ်းစားလို့ရခဲ့တဲ့ Hyperloop နည်းပညာအယူအဆ ကိုလည်း အခုလာမယ့် လှိုဏ်ခေါင်းတွေထဲမှာ သုံးသွားနိုင်မယ်လို့ ဆိုပါတယ်။
Hyperloop နည်းပညာဆိုတာကတော့ လေဖိအားကို လျှော့ချထားတဲ့ ပြွန်ထဲမှာ Capsule တစ်ခုကို Linear Induction Motor ၊ Air Compressors နဲ့ Magnetic Levitation တို့ကို အသုံးချပြီး လေကြောင်းလိုင်းတွေထက် မြန်တဲ့ အမြန်နှုန်းနဲ့ ခရီးသွားနိုင်တဲ့ နည်းပညာပါ။ လှိုဏ်ခေါင်းတွေက လေထုဖိအား ၅ ကနေ ၆ အထိ ခံနိုင်ရည်ရှိပြီး Hyperloop ကို အသုံးပြုဖို့အတွက် လိုအပ်ချက်ထက် အများကြီးသာလွန်တာမို့လည်း Hyperloop နည်းပညာကို သူ့ရဲ့ လှိုဏ်ခေါင်းတွေမှာ အသုံးပြုဖို့အတွက် ယုံကြည်နေတာပါ။ လက်ရှိအချိန်မှာတော့ သူ့ရဲ့ Hyperloop ရော 3D tunnel ရော က သူ့ရဲ့ အယူအဆသက်သက်ပဲ ရှိပါသေးတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ Musk ရဲ့ စီမံကိန်းက နှစ်ပေါင်းဘယ်လောက်ကြာမယ်မှန်း မသိနိုင်ပါဘူး။ လက်ရှိအချိန်မှာလည်း SpaceX နဲ့ Tesla ကို လည်း ပြန်ကြည့်ရတာကြောင့် ဒီစီမံကိန်းအတွက် သူ့အချိန်ရဲ့ ၂ ရာခိုင်းနှုန်း၊ ၃ ရာခိုင်နှုန်းလောက်ပဲ ပေးနိုင်တယ်လို့ သိရပါတယ်။ ဒီတော့ သူ့ရဲ့ စိတ်ကူးတွေက လက်တွေ့မှာ အလုပ်ဖြစ်မဖြစ်ကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အရင်ကတည်းက ထူးထူးခြားခြားတွေ လုပ်ပြတတ်တဲ့ Musk တစ်ယောက် အောင်မြင်ခဲ့ရင်တော့ ကမ္ဘာကြီးအတွက် အတော်ကို အကျိုးရှိနိုင်မယ့် ကိစ္စလို့ ဆိုရမှာပါ။ အဲဒီအချိန်ထိ ခင်ဗျားတို့ရော ကျွန်တော်တို့ရော အသက်ရှည်ခဲ့မယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပါပဲ။
This Articles is Contributed by Min Hein Kyaw
Join Us On