အနာဂတ်မှာ အဖြေပေါ်လာတော့မယ့် Augmented Reality နဲ့ Virtual Reality တို့ရဲ့ နည်းပညာတိုက်ပွဲ

date_range 26 April 2017

အနာဂတ်မှာ အဖြေပေါ်လာတော့မယ့် Augmented Reality နဲ့ Virtual Reality တို့ရဲ့ နည်းပညာတိုက်ပွဲ

visibility 5880 Views

                Augmented Reality (AR) နဲ့ Virtual Reality (VR) နည်းပညာတွေ ထွက်ပေါ်လာတာ အခုဆိုရင် ဆယ်စုနှစ်နှစ်ခုကျော် ကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် ဒီနည်းပညာတွေဟာ အခုနှစ်အတောအတွင်းကျမှ လူစိတ်ဝင်စားမှု အမြောက်အများရရှိလာခဲ့တာဖြစ်ပြီး၊ အခုဆိုရင် လူတိုင်းရဲ့ ပါးစပ်ဖျားမှာ AR နဲ့ VR ဆိုတာက ရေပန်းစားတဲ့စကားလုံးတွေ ဖြစ်လာပါပြီ။ 

                ဒီဂျစ်တယ်နည်းပညာလောကကို ကြီးမားတဲ့ရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ ဒီနည်းပညာနှစ်ခုဟာ တစ်ခုနဲ့ တစ်ခု ဆန့်ကျင်ဘက်လို့ ပြောရလောက်အောင် တစ်မူထူးခြားပြီး၊ကွာခြားတဲ့နည်းပညာတွေ ဖြစ်ပါတယ်။ ဒီလို ဆန့်ကျင်ဘက်ကွာခြားမှုတွေကြောင့်ပဲ လူတိုင်းက ဒီနည်းပညာနှစ်ခုကို ပြိုင်ဘက်တွေအဖြစ် သဘောထားစောင့်ကြည့်နေကြတာပါ။

AR နဲ့ VR ဘာကွာခြားလဲ

                AR လို့ အတိုကောက်ခေါ်ကြတဲ့ Augmented Reality နည်းပညာနဲ့ VR လို့ ခေါ်ကြတဲ့ Virtual Reality နည်းပညာနှစ်ခုကို အကျွမ်းတဝင်မရှိတဲ့လူတွေအနေနဲ့ ဒီနည်းပညာနှစ်ခုကို ရောတတ်တာကြောင့် အရင်ဦးဆုံး ရှင်းပြလိုပါတယ်။

                အရိုးရှင်းဆုံး ရှင်းပြရရင် AR ဆိုတာက ကိုယ့်လက်ရှိအပြင်ကမ္ဘာ (Reality) ထဲကို ဒီဂျစ်တယ်ပုံရိပ်တွေ ပေါင်းထည့် (Augmented) လိုက်တာဖြစ်ပြီး၊ လူက အပြင်ကမ္ဘာထဲမှာပဲ ဆက်လက်ရှိနေမှာပါ။ VR ကျတော့ ကိုယ်က ကမ္ဘာအတု (Virtual World) လို့ ပြောလို့ရတဲ့ ဒီဂျစ်တယ်ကမ္ဘာထဲကို ရောက်သွားမှာ ဖြစ်ပြီး၊ တကယ့်လက်ရှိအပြင်ကမ္ဘာနဲ့ အဆက်အသွယ်ပြတ်သွားမှာပါ။

AR နဲ့ VR နည်းပညာကို ဘာ Product တွေနဲ့ အသုံးပြုကြလဲ

                AR ကို များသောအားဖြင့် စမတ်မျက်မှန်တွေ၊ HUD လို့ခေါ်တဲ့ ဖောက်ထွင်းမြင်(သို့) မမြင်နိုင်တဲ့ Display လေးတစ်ခုပါတဲ့ ခေါင်းတပ်ကိရိယာလေးတွေ၊ စမတ်မျက်ကပ်မှန်တွေ စတဲ့ Wearable Device တွေနဲ့ သုံးကြပါတယ်။


                အဆင့်မြင့် AR Device တစ်ခုဟာ ဝတ်ဆင်ထားသူရဲ့ ပတ်ဝန်းကျင်ကို Scan ဖတ်၊ Mapping လုပ်ပြီး ကိုယ့်အတွက် အသုံးဝင်မယ့် ဒီဂျစ်တယ်ပုံရိပ်တွေ၊ သတင်းအချက်အလက်တွေကို လက်ရှိမြင်ကွင်းမှာ အချိန်နဲ့ တပြေးညီ ထည့်သွင်းဖော်ပြပေးနိုင်ပါတယ်။ ဥပမာ - အိမ်တွင်းဒီဇိုင်းသမားတစ်ယောက်အနေနဲ့ ကိုယ်အလှဆင်ချင်တဲ့အိမ်တွင်းခန်းကို AR စမတ်မျက်မှန်တပ်ပြီး၊ အခန်းတွင်းမှာ ဒီဂျစ်တယ်ပရိဘောဂပစ္စည်းတွေ အစမ်းလိုက်ဆင်လို့ရပါတယ်။ အဆိုပါဒီဂျစ်တယ်ပုံရိပ်တွေကို ဝတ်ဆင်ထားသူက Gesture နည်းနဲ့ Interact (ထိတွေ့အသုံးပြု) လို့ရတဲ့အတွက် အပြင်မှာ တကယ်ရောက်နေသလို ခံစားရမှာပါ။ ဒီအတိုင်းပဲ AR စမတ်မျက်မှန်တစ်ခုဟာ စခရင်အတု (Virtual Screen) တစ်ခုကို အပြင်ကမ္ဘာက ကြိုက်တဲ့နေရာတစ်ခုမှာ ဖော်ပြလို့ရတာကြောင့်၊ နောင်တစ်ချိန်မှာ TV တွေ၊ စမတ်ဖုန်းတွေတောင် ပျောက်ကွယ်သွားနိုင်ပြီး၊ လူတိုင်း AR Glass တွေနဲ့ ဖြစ်လာနိုင်ပါတယ်။


                VR ကိုတော့ ဖုန်းထည့်သုံးရတဲ့ VR Cardboard တွေကနေ၊ ကွန်ပြူတာနဲ့ ချိတ်ဆက်သုံးရတဲ့ Oculus Rift တို့ HTC Vive တို့လို VR Headsets တွေနဲ့ အသုံးပြုကြပါတယ်။ ဒီ Headset ကနေ 360-degree ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ ကြည့်မယ်၊ VR ဂိမ်းတွေ ကစားမယ်၊ Virtual Tour လို့ ခေါ်တဲ့ ကိုယ့်အိမ်ကနေပဲ VR Headset တပ်ပြီး၊ ကမ္ဘာ့နေရာအနှံ့လျှောက်လည်မယ် စတာတွေ လုပ်နိုင်ပါတယ်။


                VR က ပြောရမယ်ဆိုရင် Entertainment ပိုင်းဘက် ပိုရောက်ပြီး၊ လက်တွေ့ကမ္ဘာမှာ အသုံးချဖို့လမ်း သိပ်မရှိပါဘူး။

VR နဲ့ AR တို့ရဲ့ လက်ရှိအခြေအနေ

                လက်ရှိအခြေအနေမှာတော့ VR က လုံးဝအားသာနေတယ်လို့ ဆိုရမှာပါ။

                လူသုံးစွဲမှုမှာလည်း AR Devices တွေထက် စျေးနှုန်းပို သက်သာတဲ့ VR Headset တွေက လူသုံးပိုများနေပါတယ်။ စမတ်ဖုန်းတစ်လုံးရှိရုံနဲ့ VR အရသာခံစားလို့ရအောင် Google က Cardboard လုပ်နည်းကအစ ချပြပေးခဲ့တာကလည်း VR ပိုတွင်ကျယ်လာရတဲ့အချက်ထဲမှာ ပါပါတယ်။ AR နည်းပညာကတော့ Sensors တွေ၊ ရှုပ်ထွေးတဲ့ Software တွေ၊ Algorithms တွေ လိုအပ်တာကြောင့် လူတိုင်း လွယ်လွယ်ကူကူ အသုံးမပြုနိုင်သေးပါဘူး။

                လောလောဆည်မှာ စမတ်ဖုန်းထည့်ကြည့်လို့ရတဲ့ VR Headset တွေကို ဒေါ်လာဆယ်ဂဏန်းလောက်နဲ့ ဝယ်ယူရရှိနိုင်ပြီး၊ ဒီထက်ပိုမြင့်တဲ့ Oculus Rift ဆို ၅၉၉ ဒေါ်လာ၊ HTC Vive ဆို ဒေါ်လာ ၁၂၀၀ ကျော်၊ PS VR ဆို ဒေါ်လာ ၄၀၀ ဝန်းကျင်လောက်နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။ VR တွေစျေးချိုပေမယ့် AR Glasses တွေဖြစ်တဲ့ Google Glass ဆို ဒေါ်လာ ၁၅၀၀ လောက် ပေးဝယ်ရမှာဖြစ်ပြီး၊ HoloLen Dev Kit ဆို ဒေါ်လာ ၃၀၀၀ လောက်တောင် ရှိပါတယ်။ ဒီလိုများပြားတဲ့ငွေကြေးပမာဏကလည်း AR ကို အများပြည်သူလက်ထဲ တွင်တွင်ကျယ်ကျယ်တွေ့ရဖို့အတွက် အဟန့်အတားဖြစ်နေတာလို့ ပြောရမှာပါ။

အနာဂတ်မှာ တွင်ကျယ်လာမယ့် နည်းပညာ

                လက်ရှိမှာ သာမန်လူတွေအသုံးပြုနိုင်မယ့် AR Applications တွေကို အတွေ့နည်းနေပေမယ့်၊ စီးပွားရေးလုပ်ငန်းကြီးတွေမှာတော့ ရှိနေပါပြီ။ နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေဟာ Atheer ကုမ္ပဏီကထုတ်တဲ့ Smart Glasses တွေကို လုပ်ငန်းခွင်မှာ အသုံးပြုပြီး၊ လုပ်ငန်းဆောင်တာတွေကို Smart Glasses နဲ့ တင် လုပ်ဆောင်နေကြပါပြီ။

                AR နည်းပညာဟာ စီးပွားရေး၊လုပ်ငန်းနယ်ပယ်တစ်ခုချင်းစီမှာ ကောင်းကောင်းအသုံးချနိုင်တဲ့နည်းပညာ တစ်ခုလည်းဖြစ်ပါတယ်။ စက်ပြင်ဆရာတစ်ယောက်ဟာ စမတ်မျက်မှန်တပ်ပြီး၊ ဖြုတ်ဖို့လိုအပ်တဲ့ မူလီနဲ့ ကေဘယ်ကြိုးတွေကို တိတိကျကျသိရှိနိုင်ပြီး၊ အင်ဂျင်တစ်လုံးလုံးကို စမတ်မျက်မှန်အကူအညီနဲ့ လွယ်လွယ်ကူကူ ပြန်ဆင်နိုင်မှာပါ။ ဆေးဘက်ဆိုင်ရာ၊ ဒီဇိုင်းပိုင်းဆိုင်ရာ၊ တည်ဆောက်မှုပိုင်းဆိုင်ရာ နယ်ပယ်တွေမှာလည်း စမတ်မျက်မှန်တွေကို လိုအပ်သလို အသုံးချလာနိုင်ပါတယ်။


                အခုဆိုရင် Apple နဲ့ Facebook တို့ကပါ  AR Glasses တွေကို ထုတ်ဖို့ ကြိုးစားလျက်ရှိပြီး၊ လာမယ့်မျိုးဆက်သစ် iPhone မှာတောင် AR နည်းပညာကို ထည့်သွင်းဖို့ ရှိနေပါတယ်။ Facebook တည်ထောင်သူ Mark Zuckerberg ကိုယ်တိုင်ကလည်း တစ်ချိန်မှာ ကျနော်တို့ အခုသုံးနေတဲ့ စမတ်ဖုန်းတွေ ပျောက်ကွယ်သွားနိုင်ပြီး၊ လူတိုင်းမှာ AR ကော VR ပါ ပါဝင်တဲ့ စတိုင်ကျကျစမတ်မျက်မှန်တစ်လက်စီ ရှိလာနိုင်တယ်လို့ ခန့်မှန်းချက်ထုတ်ထားပါတယ်။

                AR က အသုံးချနည်းပညာပိုင်းမှာ အားသာသလိုပဲ VR ကလည်း Entertainment ဖျော်ဖြေမှုအပိုင်းမှာ သူမတူတဲ့ ခံစားမှုအတွေ့အကြုံမျိုးကို ပေးစွမ်းနိုင်ပါတယ်။ Reality နဲ့ ကင်းကွာတဲ့ ဂိမ်းတွေ၊ အလန်းစားဇာတ်ဝင်ခန်းတွေ ပါတဲ့ ရုပ်ရှင်ကားတွေ ကြည့်ဖို့ကျတော့ Virtual Reality ထဲ နစ်မြှုပ်လိုက်တာက အကောင်းဆုံးဖြစ်ပြီး၊ VR Headset ကပဲ ပိုမိုပြည့်စုံကောင်းမွန်တဲ့ ခံစားမှုမျိုးကို ပေးနိုင်မယ်လို့ ထင်ပါတယ်။

                အခုလက်ရှိအချိန်မှာ AR နည်းပညာဟာ သာမန်သုံးစွဲသူတွေနဲ့ အနည်းငယ်အလှမ်းဝေးနေသေးပေမယ့်၊ နောင်တစ်ချိန်မှာတော့ နယ်ပယ်တိုင်းမှာ တွင်တွင်ကျယ်ကျယ်အသုံးချနိုင်တဲ့ AR ကပဲ VR ကို ပြန်အနိုင်ယူသွားဖို့ ရှိနိုင်ပါတယ်။ 

                Apple CEO Tim Cook ပြောခဲ့ဖူးတဲ့ စကားလေးနဲ့ပဲ နိဂုံးချုပ်ပါရစေ။

"ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ပစ်လိုက်တဲ့ Virtual Reality နည်းပညာနဲ့ AR နည်းပညာမတူတာက AR ဟာ လူတစ်ယောက်ကို တကယ့်အပြင်ကမ္ဘာထဲမှာ ဆက်ရှိနေစေပြီး၊ တစ်ချိန်တည်းမှာ ပိုမိုအသုံးဝင်တဲ့ဒီဂျစ်တယ်ပုံရိပ်တွေ ပေါင်းထည့်ပေးနိုင်ပါတယ်။ လူအများစုက အချိန်တော်တော်ကြာအောင် အပြင်ကမ္ဘာနဲ့ အဆက်မပြတ်ချင်ကြပါဘူး။ VR နဲ့ဆိုရင် ဒါကမဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် AR နဲ့ဆိုရင်တော့ ဒီဂျစ်တယ်ကမ္ဘာထဲ နစ်မြှပ်နေစရာမလိုဘဲ၊ ဒီဂျစ်တယ်ကမ္ဘာကို အပြင်ကမ္ဘာထဲ ပေါင်းထည့်နိုင်ပါတယ်။ စိတ်လှုပ်ရှားစရာအပြည့်ပါပဲ။"
References
Wearable Tech Crunch
About Author
Assinged Tags
Augmented Reality Virtual Reality Featured Articles technology
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed