Mi 1 ကနေ ယခု Mi 6 အထိ Xiaomi ရဲ့ Mi Flagship စီးရီး စမတ်ဖုန်းများ အဆင့်ဆင့်ပြောင်းလဲလာပုံ

date_range 22 April 2017

Mi 1 ကနေ ယခု Mi 6 အထိ Xiaomi ရဲ့ Mi Flagship စီးရီး စမတ်ဖုန်းများ အဆင့်ဆင့်ပြောင်းလဲလာပုံ

visibility 15560 Views

                စျေးနှုန်းချိုချိုသာသာနဲ့ အရည်အသွေးမြင့် Android စမတ်ဖုန်းတစ်လုံးကို ကိုင်ချင်တဲ့သူတွေကြားမှာ Xiaomi ရဲ့ စမတ်ဖုန်းတွေက ပြောစရာမလိုအောင်ကို နာမည်ရပြီးသားပါ။

                တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ဟာ Specifications အမြင့်စား စမတ်ဖုန်းတွေကို တန်ဖိုးနည်းနည်းနဲ့ ထုတ်ပေမယ့်၊ အရည်အသွေးပိုင်းကတော့ ကျဆင်းခြင်းမျိုးမရှိဘဲ၊ တရုတ်စမတ်ဖုန်းဆို ကောင်းပါ့မလားလို့ ထင်ခဲ့ကြတဲ့ ကျနော်တို့ရဲ့ အမြင်တွေကိုပါ ရိုက်ချိုးပြခဲ့ပါတယ်။

                အခုလည်း၊ Xiaomi ဟာ သူတို့ရဲ့ Flagship စီးရီး “Mi” ရဲ့ နောက်ဆုံးမော်ဒယ် “Mi 6” ကို မနေ့က တရားဝင် မိတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်။ “Flagship” ဆိုတာ ကုမ္ပဏီတစ်ခုရဲ့ အဓိကကုန်ပစ္စည်းမော်ဒယ်ဖြစ်ပြီး၊ အရည်အသွေးကော တန်ဖိုးကော အမြင့်ဆုံးကုန်ပစ္စည်းတွေဖြစ်ပါတယ်။ ဥပမာပြောရရင် Samsung ရဲ့ “Galaxy S” စီးရီးက Flagship စီးရီးဖြစ်ပြီး၊ “A စီးရီး” က “Mid-Range” ၊ “J စီးရီး” တို့က Budget စီးရီးတွေ ဖြစ်သွားပါတယ်။ Xiaomi မှာဆိုရင်တော့ “Mi” စီးရီးက Flagship ဖြစ်ပြီး၊ “Redmi” စီးရီးကျတော့ “Mid-Range” ဒါမှမဟုတ် “Budget” ဖြစ်သွားပါတယ်။

                Xiaomi ကနေ အခုအသစ်မိတ်ဆက်လိုက်တဲ့ “Mi 6” ဟာ တန်ဖိုးက ၃၆၀ ဒေါ်လာထဲ ရှိပေမယ့်၊ Specifications တွေကတော့ လုံးဝအလန်းစားတွေလို့ ဆိုရမှာပါ။ Samsung ရဲ့ Galaxy S8 မှာ သုံးထားတဲ့ Snapdragon 835 Processor ကို Mi 6 မှာ တွေ့ရမယ်။ iPhone 7 Plus လိုပဲ 12 MP Dual-Camera နှစ်လုံးပါမယ်။ ဒါပေမယ့် စျေးကတော့ အထက်က ပြိုင်ဘက်စမတ်ဖုန်းတွေရဲ့ ထက်ဝက်စျေးလောက်ပဲ ရှိတာကြောင့် နောက်ဆုံးပေါ် အရည်အသွးမြင့်စမတ်ဖုန်းတစ်လုံးကို လက်လှမ်းမီလောက်တဲ့စျေးနဲ့ ကိုင်နိုင်မယ့် အခွင့်အရေးလို့ ပြောနိုင်ပါတယ်။

                အခု ဒီဆောင်းပါးမှာတော့ Xiaomi ကနေ ပထမဆုံး စတင်မိတ်ဆက်ခဲ့တဲ့ “Mi 1” Flagship စမတ်ဖုန်းကနေ ယခု “Mi 6” အထိ Xiaomi Flagship စမတ်ဖုန်းတွေရဲ့ တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲလာပုံ အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။ ကြားထဲက Mi Max နဲ့ Mi MIX စမတ်ဖုန်းတွေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

၁။ Xiaomi Mi 1


                Xiaomi ရဲ့ ပထမဆုံး Mi စမတ်ဖုန်းဖြစ်တဲ့ Mi 1 ကို ၂၀၁၁ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာပါ။ ထူးခြားတာတစ်ခုက Xiaomi ဟာ ဒီဖုန်းကို မိတ်မဆက်ခင် တစ်နှစ်အလိုကတည်းက Mi ဖုန်းတွေမှာ အသုံးပြုတဲ့ MIUI ကို စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး၊ MIUI ထွက်ပြီးမှ ပထမဆုံး Mi ဖုန်း ထွက်လာခဲ့တာဖြစ်ပါတယ်။

                ၂၀၁၁ ခုနှစ်၊ သြဂတ်စ်လမှာ မိတ်ဆက်ခဲ့တဲ့ Mi 1 စမတ်ဖုန်းကို အောက်တိုဘာလမှာ စတင်ရောင်းချခဲ့ပြီး၊ စတင်ရောင်းချချိန်က ဒေါ်လာ ၃၀၀ နဲ့ဖြစ်ပါတယ်။

                Xiaomi ကို ရန်ပုံငွေထောက်ပံ့ထားတဲ့ Qualcomm ကုမ္ပဏီရဲ့ Snapdragon S3 (dual core, 1.5GHz) Processor ကို အသုံးပြုထားပြီး၊ GPU က Adreno 220 နဲ့ ဖြစ်ပါတယ်။

                Mi 1 ဖုန်းဟာ မျက်နှာပြင်က ၄ လက်မအကျယ်သာရှိပြီး၊ Sharp က ထုတ်ပေးတဲ့  854x480 pixels LCD Display နဲ့ ဖြစ်ပါတယ်။ RAM ကလည်း 1GB သာ ပါရှိပြီး၊ Android 2.3 Gingerbread စနစ်အခြေခံ MIUI V2.3 နဲ့ ထွက်ရှိခဲ့တာပါ။ ဘက်ထရီကတော့ 1900mAh ဘက်ထရီနဲ့ပါ။

                ပလတ်စတစ်ကိုယ်ထည်နဲ့သာ ပြုလုပ်ထားတဲ့ Mi 1 ဖုန်းကို စတင် Pre-Order မှာလို့ ရတဲ့ရက်မှာတင် ၂၄ နာရီအတွင်း အလုံးရေ ၃ သိန်းလောက် Pre-Order ရရှိခဲ့တာကြောင့် Xiaomi ဟာ အစကတည်းက တာထွက်ကောင်းခဲ့တယ်လို့ ပြောရမှာပါ။

                Mi 1 ဖုန်းထွက်ပြီး သိပ်မကြာခင်မှာပဲ ပိုမိုမြန်ဆန်တဲ့ Processor သုံးထားတဲ့ Mi 1S ဆိုတဲ့ စမတ်ဖုန်းကို ထပ်မံထုတ်လုပ်ခဲ့ပြီး၊ Mi 1S မှာတော့ Android 4.0 Ice Cream Sandwich စနစ်အခြေခံ MIUI V5 နဲ့ ဖြစ်သွားပါတယ်။ 

၂။ Xiaomi Mi 2


                ဒုတိယမြောက် Mi စမတ်ဖုန်းဖြစ်တဲ့ Mi 2 ကိုတော့ ၂၀၁၂ ခုနှစ်မှာ မိတ်ဆက်ခဲ့ပြီး၊ ဒီဖုန်းကလည်း အဲ့ဒီအချိန်တုန်းက ဖုန်းတွေအရွယ်အစားအတိုင်း မျက်နှာပြင်အကျယ်က ၄.၃ လက်မအကျယ်သာ ရှိပါတယ်။ Qualcomm Snapdragon S4 Pro Processor နဲ့ ဖြစ်ပြီး၊ RAM က 2GB အထိ ရှိလာပါတယ်။ Storage ကတော့ 16GB ရှိပြီး၊ Android 4.1 စနစ်အခြေခံ MIUI 5 နဲ့ ထွက်ခဲ့တာပါ။

                ကင်မရာမှာတော့ အရင် Mi 1 ဖုန်းတုန်းကအတိုင်းပဲ LED Flash ပါ 8-megapixel ကျောကင်မရာ၊ 2-megapixel ရှေ့ကင်မရာတို့နဲ့ပါပဲ။

                ဘက်ထရီက 2000mAh ဘက်ထရီနဲ့ ဖြစ်သွားပြီး၊ စျေးနှုန်းကတော့ Mi 1 အတိုင်း အပြောင်းအလဲမရှိပဲ ဒေါ်လာ ၃၀၀ နဲ့ပဲ ဖြစ်ပါတယ်။ Xiaomi ဟာ Mi 2 စမတ်ဖုန်းကို Upgrade လုပ်ထားတဲ့ Mi 2A နဲ့ Mi 2S ဆိုပြီး နောက်ထပ်မော်ဒယ်နှစ်မျိုး ထုတ်လုပ်ရောင်းချခဲ့ပါသေးတယ်။ Mi 1 ကော Mi 2 ဖုန်းတွေ အကုန်လုံးက SIM တစ်ကတ်ပဲသုံးနိုင်တဲ့ 3G ဖုန်းတွေ ဖြစ်ပါတယ်။

၃။ Xiaomi Mi 3


                Mi ဖုန်းတွေ အောင်မြင်လာတဲ့အကြောင်းရင်းထဲမှာ Mi 3 စမတ်ဖုန်းက အဓိကနေရာက ပါတယ်လို့ ဆိုရမှာပါ။

                ၂၀၁၃ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Mi 3 စမတ်ဖုန်းဟာ အရင် Mi 1 ၊ Mi 2 ဖုန်းတွေထက် တော်တော်လေး ပိုမြင့်သွားပြီး၊ အဲ့ခေတ်အခါတုန်းက အမြင့်ဆုံး Processor လို့ ပြောလို့ရတဲ့ Snapdragon 800 Processor ၊ ၅ လက်မအကျယ် full-HD LCD Display ၊ RAM 2GB ၊ Storage 16GB or 64GB တို့နဲ့ ထွက်ရှိလာခဲ့တာပါ။ ဒီဇိုင်းကတော့ အရင် Mi 1 နဲ့ Mi 2 တို့လို မဟုတ်တော့ဘဲ လေးထောင့်ကျကျဒီဇိုင်းဖြစ်သွားခဲ့ပါတယ်။

                ကင်မရာပိုင်းမှာလည်း ကျောကင်မရာက 13-Megapixel အထိဖြစ်သွားပါတယ်။ ဘက်ထရီကလည်း မျက်နှာပြင်ကြီးလာတာကြောင့် 3050mAh ဘက်ထရီအထိ ဖြစ်သွားတာကို တွေ့ရပါတယ်။

                ဘော်ဒီပိုင်းမှာတော့ အရင်လို ပလတ်စတစ်ချည်းပဲ မသုံးတော့ဘဲ၊ အတွင်းဖရိန်ကို အလူမီနီယမ်နဲ့ မဂ္ဂနီဆီယမ် သတ္တုစပ်ကို အသုံးပြုခဲ့ပြီး၊ အပြင်ကိုယ်ထည်ကတော့ ပိုလီကာဘွန်နိတ်ကိုယ်ထည်နဲ့ဖြစ်ပါတယ်။

                Android 4.4 KitKat စနစ်အခြေခံ MIUI 5 နဲ့ ပဲဖြစ်ပြီး၊ နောက်ပိုင်းမှာ ဒီဖုန်းအတွက် MIUI 6,7 ကနေ အခု MIUI 8 အထိ ထုတ်ပေးခဲ့ပါတယ်။ အခုဆို Mi 3 ဖုန်းကို Lollipop ကနေ အခုနောက်ဆုံး Android 7.1.1 Nougat အထိ တင်နိုင်တဲ့ Custom ROM တွေလည်း တပုံကြီးရှိပါတယ်။

                Mi 3 စမတ်ဖုန်းဟာ Xiaomi ကုမ္ပဏီသမိုင်းကြောင်းမှာ အမြန်ဆုံးရောင်းချခဲ့ရတဲ့ ပထမဆုံးစမတ်ဖုန်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး၊ တရုတ်ပြည်တွင်းမှာ စတင်ရောင်းချပြီး ၃ မိနစ်ကြာချိန်မှာပဲ  အလုံးရေ ၂ သိန်းရောင်းချခဲ့ရပါတယ်။

                Mi 3 ဖုန်းရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုက Snapdragon 800 ဗားရှင်းအပြင်၊ Nvidia ရဲ့ Tegra 4 Processor နဲ့ Geforce GPU သုံး Mi 3 ဖုန်းပါ ထွက်ရှိခဲ့တာပါ။ ဒါပေမယ့် Nvidia မော်ဒယ်ကတော့ သိပ်အောင်မြင်မှုမရခဲ့သလိုပါပဲ။

၄။ Xiaomi Mi 4


                Xiaomi ရဲ့ စတုတ္ထမြောက် Mi မျိုးဆက်ဖြစ်တဲ့ Mi 4 စမတ်ဖုန်းဟာ မြန်မာနိုင်ငံမှာလည်း သုံးစွဲသူအများအပြား ရရှိခဲ့တဲ့ စမတ်ဖုန်းဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်တုန်းက တရုတ်ပြည်မှာ စထွက်ခဲ့တာပါ။

                MiBand လက်ပတ်နဲ့အတူ ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းဖြစ်ပြီး၊ MIUI 6 အသစ် ၊ ဒီဇိုင်းအသစ်၊ Specifications အသစ်တွေနဲ့ ပွဲထုတ်ခဲ့တဲ့ ဖုန်းဖြစ်ပါတယ်။

                မျက်နှာပြင်အကျယ်က ၅ လက်မ full HD Display ၊ Gorilla Glass အုပ်ထားတယ်။ Snapdragon 801 quad-core Processsor သုံးထားတယ်။ RAM 3GB ပါတယ်။ Storage က 64GB အထိရတယ်။ 4G လည်း သုံးလို့ရတယ်။ 13-megapixel ကင်မရာက 4K Video တွေပါ ရိုက်နိုင်လာတယ်။ 3080mAh ဘက်ထရီမှာ Quick Charge 2.0 ပါလာတယ်။ ရှေ့ကင်မရာက 8-Megapixel Sensor အထိဖြစ်သွားတယ်။

                Xiaomi Mi 4 စမတ်ဖုန်းဟာ Antutu Benchmark စစ်ဆေးမှုတွေအရ အဲဒီအချိန်တုန်းက အမြန်ဆုံး Android စမတ်ဖုန်းဖြစ်ပြီး၊ Xiaomi ကုမ္ပဏီကိုယ်တိုင်ကလည်း “အမြန်ဆုံးနဲ့ အလှပဆုံး Mi စမတ်ဖုန်း” လို့ ကြွေးကြော် ရောင်းချခဲ့တာပါ။

                Xiaomi ဟာ Mi ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ Mi 4 ဖုန်းမှာ သတ္တုကိုယ်ထည်ကို စတင်အသုံးပြုခဲ့ပြီး၊ ဘေးဖရိန်တွေကအစ စတိန်းလက်စ်စတီးနဲ့ ပါပဲ၊ ဒါပေမယ့် တော်တော်များများက ဒီဖုန်းဟာ Apple ရဲ့ iPhone 5S နဲ့ တော်တော်တူတယ်လို့တော့ ဝေဖန်ခဲ့ကြပါတယ်။

၅။ Xiaomi Mi 5


                Xiaomi ဟာ Flagship စမတ်ဖုန်းမော်ဒယ်အသစ်တွေကို တစ်နှစ်ပြီးတစ်နှစ် ပုံမှန်ထုတ်နေရာကနေ Mi 5 ထုတ်ဖို့ကိုတော့ နှစ်နှစ်အချိန်ယူခဲ့ရပြီး၊ Mi 4 ထွက်ရှိပြီးအကြာ၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ၊ MWC ပွဲကျမှ Mi 5 ကို မိတ်ဆက်ခဲ့ပါတယ်။

                Mi 5 ဟာ Mi စီးရီးဖုန်းတွေရဲ့ ထုံးစံအတိုင်း ရှေ့မော်ဒယ်နဲ့ မတူအောင် တော်တော်လေးပြောင်းလဲထားတာတွေ့ရပြီး၊ ဒီဇိုင်းကော Hardware ပါ ပြောင်းလဲပစ်ထားပါတယ်။

                Gorilla Glass 4 အုပ်ထားတဲ့ ၅.၁၅ လက်မအကျယ် မျက်နှာပြင်၊ curved 3D Ceramic Glass တို့နဲ့ ဖြစ်လာပြီး၊ Mi စီးရီးဖုန်းတွေမှာ ပထမဆုံးအနေနဲ့ ဖုန်းရှေ့ဘက်မှာ Physical Home Button ပါဝင်လာပါတယ်။ Fingerprint Sensor ကလည်း Home Button မှာ ပါဝင်လာခဲ့ပါတယ်။

                Mi 5 ထွက်ရှိချိန်တုန်းက အမြင့်ဆုံးလို့ပြောလို့ရတဲ့ Snapdragon 820 Processor ၊ Adreno 530 GPU တို့လို အမြင့်ဆုံး Hardware တွေကို အသုံးပြုထားပြီး၊ Nano-SIM နှစ်ကတ်အသုံးပြုလာနိုင်ပါတယ်။ RAM အနေနဲ့ 3GB နဲ့ 4GB မော်ဒယ်နှစ်မျိုး ထွက်ရှိခဲ့ပြီး၊ Storage အနေနဲ့ 32GB ကနေ 64GB, 128GB အထိ မော်ဒယ်တွေ ထွက်ရှိခဲ့ပါတယ်။

                Mi 5 ဖုန်းကို မျက်နှာပြင်ပိုကြီးတဲ့ Mi 5s Plus ၊ Snapdragon 821 ပြောင်းသုံးထားတဲ့ Mi 5s ၊ Xiaomi ရဲ့ ကိုယ်ပိုင် SoC Surge S1 သုံးထားတဲ့ Mi 5c ဆိုပြီး နောက်ထပ်ဗားရှင်းအသစ်တွေ ထပ်မံထုတ်ထားပါသေးတယ်။ Mi 5 ပြီးနောက်မှာ Mi စီးရီးအတွက် Mi Max နဲ့ Mi MIX စမတ်ဖုန်းတွေကို ထုတ်လုပ်ခဲ့သေးပေမယ့်၊ Mi စီးရီးအစဥ်အလိုက်အတွင်းမှာ မရှိတဲ့အတွက် ချန်လှပ်ထားခဲ့ပါတယ်။

၆။ Xiaomi Mi 6


                မနေ့က ထွက်ရှိလာတဲ့ Mi 6 ကတော့ လက်ရှိအချိန်မှာ Hot အဖြစ်နေဆုံး Android ဖုန်းလို့ ပြောရမှာပါ။

                iPhone 7 Plus နဲ့ ကင်မရာနည်းပညာတူ 12MP dual-lens၊ Galaxy S8 မှာသုံးထားတဲ့ Snapdragon 835 SoC တွေကို Mi 6 မှာ အသုံးပြုထားပြီး စျေးကတော့ Mi စီးရီးဖုန်းတွေထုံးစံအတိုင်း ဒေါ်လာ ၃၀၀ ဝန်းကျင် (၃၆၀ ဒေါ်လာ) ပဲ ပေးရမှာပါ။ S8 မှာ ပါဝင်လာတဲ့ Bluetooth နည်းပညာအသစ် Bluetooth 5.0 ပါ ပါဝင်လာပါသေးတယ်။ အခုလောလောဆည်မှာ Bluetooth 5.0 သုံးနိုင်တဲ့ဖုန်းက S8 နဲ့ ယခု Mi 6 နှစ်မျိုးပဲ ရှိပါသေးတယ်။

                Mi 6 ဖုန်းရဲ့ အထူးခြားဆုံးပြောင်းလဲမှုကို ကြည့်မယ်ဆိုရင် Headphone jack ကို ဖြုတ်လိုက်တာဖြစ်ပြီး၊ USB C မှာပဲ နားကြပ်တပ်အသုံးပြုရမှာပါ။ ဒါမှမဟုတ် Wireless နားကြပ်နဲ့ သုံးရမှာပေါ့။

                နောက်ထပ်ထူးခြားချက်အနေနဲ့ကတော့ ရေစိုခံနိုင်မှု လုံးဝမရှိခဲ့တဲ့ Mi စီးရီးဖုန်းတွေနဲ့ ထုံးစံကနေ ဖောက်ထွက်လိုက်ပြီး၊ Splash Resistance လုပ်ပေးလိုက်ပါတယ်။ Splash Resistance ဆိုတော့ ရေဖိတ်စင်မှုလောက်ပဲ ကာကွယ်ပေးနိုင်မှာဖြစ်ပြီး၊ လုံးဝ ရေစိုခံနိုင်မှာတော့ မဟုတ်ပါဘူး။ ဒီအတွက်ကြောင့် ရေနဲ့ဖုန်မှုန့်စိမ့်ဝင်နိုင်မှုကနေကာကွယ်ပေးနိုင်မှု အဆင့်သတ်မှတ်ချက်ဖြစ်တဲ့ IP Rating တော့ ဒီဖုန်းမှာ ပေးထားတာ မတွေ့ရပါဘူး။

                Mi 6 ဖုန်းရဲ့ နောက်ထပ်ထူးခြားချက်တွေကတော့ RAM 6GB အထိ ပါဝင်လာမယ်။ Premium ဗားရှင်းဖြစ်တဲ့ Mi 6 Ceramic ၊ Mi 6 Silver Edition တို့က လုံးဝ မှန်တစ်ချပ်လို ပြောင်လက်နေတဲ့ ဒီဇိုင်းနဲ့ ထွက်ရှိလာမယ်။

                Mi ပရိတ်သတ်တွေ မျှော်လင့်ထားသလို မျက်နှာပြင်က လုံးဝ ဘောင်မဲ့ဒီဇိုင်းမဟုတ်တာကတော့ ပြောစရာတစ်ခုဖြစ်ပြီး၊ ဒီဇိုင်းက Mi 5 နဲ့တော့ သိပ်မကွာခြားသွားပါဘူး။ Mi 5 မှာတုန်းက သုံးထားတဲ့ 3D Curved Ceramic Glass body ကို ပြန်သုံးထားတယ်။ Dual-curved design မဟုတ်တော့ဘဲ ကျောဘက်ဖန်သားကိုယ်ထည်က လေးဘက်စလုံးကွေးသွားတဲ့ဒီဇိုင်း ( four-sided curved glass) ဖြစ်သွားတာရယ်၊ Home Button က Fingerprint Sensor ကို Display အပေါ်က ဖန်သားရဲ့ အောက်ဘက်မှာ ထည့်ထားတာရယ်ပဲ ရှိမှာပါ။ ဒါက Mi 5s မှာလည်း တွေ့ပြီးသားဒီဇိုင်းဆိုတော့ သိပ်တော့ထူးခြားမှုမရှိပါဘူး။

                Mi 6 ဟာလည်း Xiaomi ဖုန်းတွေရဲ့ ထုံးစံအတိုင်း လုံးဝအမြင့်ဆုံး Specifications, အလန်းဆုံးဒီဇိုင်းတွေကို သက်သက်သာသာစျေးနဲ့ ရရှိနိုင်အောင် လုပ်ပေးထားတဲ့ ဖုန်းတစ်လုံးဖြစ်တာကြောင့် လူကြိုက်များဦးမှာ မလွဲမသွေပါပဲ။

                ၂၀၁၁ ခုနှစ်ကနေ Mi 1 စမတ်ဖုန်းနဲ့ စခဲ့တဲ့ Xiaomi ရဲ့ Mi စီးရီးဟာ အခုဆိုရင် Mi 6 အထိ ရောက်ရှိလာပြီဖြစ်ပြီး၊ အခုအချိန်ထိ နာမည်ကောင်း ရရှိနေတာကြောင့် Xiaomi ရဲ့ ဗျူဟာကတော့ ချီးကျူးရမှာပါပဲ။ နောက်ထပ်လည်း ဘယ်လိုထူးခြားတဲ့ Mi စမတ်ဖုန်းတွေကို ထပ်မံ ထုတ်လုပ်လာဦးမလဲ ဆိုတာကတော့ ကျနော်တို့ စောင့်ကြည့်ရမှာပါ။

References
Gadgets NDTV BGR
About Author
Assinged Tags
Xiaomi Android Smartphones Xiaomi Mi 6 Xiaomi Mi Smartphones
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed