အသုံးဝင်ပေမယ့်၊ လူသိနည်းနေသေးတဲ့ Google Products နဲ့ Services များ

date_range 31 March 2017

အသုံးဝင်ပေမယ့်၊ လူသိနည်းနေသေးတဲ့ Google Products နဲ့ Services များ

visibility 11830 Views

                Google ဆိုရင် တော်တော်များများက Search Engine၊ Play Store ၊ Gmail နဲ့ Pixel, Nexus ဖုန်းတွေကိုပဲ ပြေးမြင်ကြပေမယ့် တကယ်တမ်းတော့ Google ဟာ နယ်ပယ်ပေါင်းစုံအတွက် အသုံးဝင်မယ့် Products နဲ့ Services ပေါင်း ရာချီထုတ်လုပ်ပြီး ဖြစ်ပါတယ်။

                သိပ်မကြာခင်ကမှ အသစ်ထုတ်ထားတဲ့ Daydream VR ဆိုရင် စမတ်ဖုန်းနဲ့ တွဲသုံးရတဲ့ VR Headset တွေထဲမှာ အကောင်းဆုံး VR Headset တစ်ခုလို့ ဆိုနိုင်ပါတယ်။ Apps နဲ့ Services တွေမှာ ဆိုရင်လည်း Google Keep, Google Cloud Print, Google Sound Search တို့လို ကိုယ့်အတွက် တကယ်အသုံးဝင်မယ့်အရာတွေ ရှိပါတယ်။

                ဒါပေမယ့် ဒီလိုမျိုး အသုံးဝင်တဲ့ Google Products နဲ့ Services တစ်ချို့က အခုအချိန်ထိ ကျနော်တို့ဆီမှာ လူသိနည်း၊လူသုံးနည်းနေသေးတာကြောင့် သိရှိ၊အသုံးပြုနိုင်အောင် ဒီဆောင်းပါးမှာ မျှဝေပေးမှာပါ။

၁။ Google Keep


                Keep ကို နည်းပညာနယ်ပယ်က လူတော်တော်များများ သိကြပေမယ့်၊ အသုံးပြုမှုနည်းနေသလို သာမန် User တွေဆို နာမည်တောင် ကြားဖူးကြမှာမဟုတ်ပါဘူး။

                Keep ဟာ Note နဲ့ Reminder App တစ်ခုဖြစ်ပြီး၊ App အနေနဲ့ကော Web Service တစ်ခုအနေနဲ့ပါ အသုံးပြုနိုင်ပါတယ်။ အရေးကြီးတဲ့ Notes တွေကို လွယ်လွယ်ကူကူနဲ့ အရိုးရှင်းဆုံး မှတ်သားနိုင်မယ့် App တစ်ခုဖြစ်ပြီး၊ Gmail အကောင့်တစ်ခုရှိရုံနဲ့ Devices တိုင်း Platform တိုင်းလိုလိုမှာ အသုံးပြုနိုင်ပါတယ်။

                ဆိုလိုတာက Internet သုံးနေရင်းနဲ့ ကိုယ်မှတ်ထားချင်တဲ့ Notes လေးတွေ၊ လုပ်စရာရှိတဲ့ အလုပ်လေးတွေကို Browser မှာ မှတ်ထားပြီး၊ နောက် အပြင်ရောက်လို့ ပြန်ကြည့်ချင်တဲ့အခါ ဖုန်းထဲက Keep App ကို ဖွင့်လိုက်တာနဲ့ အဆင်သင့် ပြန်တွေ့နိုင်မှာဖြစ်ပါတယ်။

                Notes တွေကို အရေးကြီးမှုအစဉ်အလိုက် ကိုယ့်ဘာသာ အရောင်လေးတွေ သတ်မှတ်မှတ်ထားနိုင်သလို၊ ပုံနဲ့ တကွပါ မှတ်ထားလို့ရပါတယ်။ App Design ကတော့ Google က လုပ်တာဆိုတော့ ပြောနေစရာမလိုလောက်အောင် ရိုးရှင်းသပ်ရပ်ပါတယ်။

၂။ Google Cloud Print


                Cloud Print က လက်ရှိအချိန်ထိ Beta Project အနေနဲ့ပဲ ရှိသေးပေမယ့် သုံးရတာ အခက်အခဲလုံးဝမရှိပါဘူး။

                Google ရဲ့ Cloud နည်းပညာသုံး Printing Technology တစ်ခုဖြစ်ပြီး၊ Cloud Print မှာ ချိတ်ထားတဲ့ Printer တစ်လုံးကို ကိုယ်ကဘယ်နေရာပဲ ရောက်နေနေ Internet ရှိတာနဲ့ ဘယ် Device ကမဆို လှမ်းပြီး Print ထုတ်လို့ ရပါတယ်။

                Cloud Print ကို Chrome Browser ကနေ ဖုန်းတိုင်း၊ ကွန်ပြူတာတိုင်းမှာ အသုံးပြုလို့ရပြီး၊ Firefox မှာ ဆိုရင်တော့ Add-on တစ်ခု ထည့်ပေးရပါတယ်။ စမတ်ဖုန်းကနေလည်း လှမ်းအသုံးပြုနိုင်ပြီး၊ Cloud Print နဲ့ Print ထုတ်နိုင်တဲ့ Apps တွေကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်။ အဓိကသုံးနေတဲ့ Google Drive, Gmail, Google Docs တွေ ပါဝင်ပြီးသား ဖြစ်တာကြောင့် အဆင်မပြေစရာတော့ မရှိပါဘူး။

                ထူးခြားချက်တစ်ခုက Cloud Ready Printer တွေပဲ အသုံးပြုလို့ရတာမဟုတ်ဘဲ၊ သာမန် Printer တွေလည်း Cloud Print ကို ချိတ်ဆက်အသုံးပြုနိုင်တာပါ။

                ကိုယ်ချိတ်ထားတဲ့ Printer ကို ကိုယ့်လုပ်ဖော်ကိုင်ဖက်၊မိသားစုဝင်တွေလည်း ဘယ်နေရာရောက်ရောက် လှမ်းအသုံးပြုနိုင်ဖို့အတွက် Gmail Address ကနေ Printer Share ပေးလို့ရတာက ပိုလို့တောင် မိုက်ပါသေးတယ်။

၃။ Google Sound Search


                Sound Search ကတော့ Shazam လိုမျိုး ကိုယ်အခု နားထောင်နေတဲ့သီချင်းက ဘာသီချင်းလဲဆိုတာ စက္ကန့်ပိုင်းအတွင်း ရှာပေးနိုင်မယ့် Android App ပါ။

                Digital Assistants တွေဖြစ်တဲ့ Google Assistant, Siri နဲ့ Cortana တို့မှာ ဒီ Feature က တခါတည်း ပါဝင်ပြီးသားဖြစ်တာကြောင့် သိပ်တော့ မလိုဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ကိုယ့်မှာ Digital Assistant မရှိဘူး၊ ရှိရင်လည်း Sound Search သုံးလို့မရသေးဘူးဆိုရင် ဒီ App နဲ့ ဖွင့်ထားတဲ့ သီချင်းနာမည်ကို ရှာလို့ ရပါတယ်။

                ကိုယ်ဖွင့်ထားတဲ့ သီချင်းကို ဘာလို့ ရှာစရာလိုလဲဆိုတဲ့ မေးခွန်းအတွက် အဖြေကတော့ “မေ့တတ်လို့ပါ”။ ပြီးတော့ တခြားလူဖွင့်ထားတဲ့ သီချင်းကို ကြိုက်လို့ နာမည်သိချင်ရင်လည်း Google Sound Search နဲ့ ရှာနိုင်ပါတယ်။

၄။ Google Docs Editors


                Google Documents ကလည်း နည်းပညာသမားတွေ အတွက် မစိမ်းတဲ့ Service တစ်ခုပါ။ ဒါပေမယ့် ခက်တာက သာမန်လူတွေအတွက်လည်း တကယ်ကို အသုံးဝင်မယ့် Service ဖြစ်ပေမယ့်၊ တော်တော်များများက မသိကြပါဘူး။

                Google Documents မှာ ဘာ Software မှ သီးသန့်သွင်းစရာမလိုဘဲ အွန်လိုင်းပေါ်မှာတင် လှပသေသပ်တဲ့ Sheets, Slides, Docs နဲ့ Forms တွေ အကုန် ဆောက်နိုင်ပြီး၊ Devices တိုင်းမှာ ပြန်လည် အသုံးပြုနိုင်ပါတယ်။

                မိုဘိုင်းမှာဆိုရင်လည်း တစ်ခုချင်းစီ အတွက် App သီးသန့်ရှိတာကြောင့် Browser ကနေ မဟုတ်လည်း အသုံးပြုနိုင်ပါတယ်။

                ကိုယ် Create လုပ်ထားတဲ့ Google Docs ကို တခြား Gmail Users တွေနဲ့လည်း Share လုပ်နိုင်တာကြောင့် အလုပ်ကိစ္စတွေအတွက် တော်တော်အဆင်ပြေတဲ့ Google ရဲ့ နောက်ထပ်ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။

၅။ Google Arts & Culture


                နိုင်ငံအသီးသီးရဲ့ ထုံးတမ်းစဉ်လာတွေ၊ အနုပညာလက်ရာတွေကို စိတ်ဝင်စားသူတွေ တကယ်သဘောကျမယ့် Google ရဲ့ Project တစ်ခုဖြစ်ပါတယ်။

                တစ်ကမ္ဘာလုံးက အနုပညာကျောင်းတွေ၊ပြတိုက်တွေနဲ့ Google တို့ ပူးပေါင်းဖန်တီးထားတဲ့ Web Service တစ်ခုဖြစ်ပြီး၊ နာမည်ကြီး အနုပညာလက်ရာတွေကို Resolution အမြင့်စားနဲ့ အိမ်ကနေ မခွာဘဲ လေ့လာကြည့်ရှုနိုင်မှာပါ။

                ပြတိုက်တစ်ခုချင်းစီကို Virtual Tour လုပ်လို့ရသလို၊ ကိုယ်စိတ်ဝင်စားတဲ့ အနုပညာပစ္စည်း၊ ရှေးဟောင်းပစ္စည်းတွေရဲ့ အချက်အလက်တွေကိုလည်း တခါတည်း ဖတ်ရှုလေ့လာနိုင်ပါတယ်။

၆။ Google Goggles


                နာမည်ကတော့ လျှာလိပ်ချင်လောက်တဲ့ နာမည်ဖြစ်ပေမယ့်၊ သူကလည်း တော်တော်အသုံးဝင်တဲ့ Android App တစ်ခုပါ။ အရင်တုန်းက iOS မှာ ရပေမယ့် အခု ပြန်ဖြုတ်သွားပါပြီ။

                Goggles ဟာ အပြင်က Image တစ်ခုခုကို ဓာတ်ပုံရိုက်ပြီး အသုံးဝင်မယ့် Information တွေ တန်းရှာလို့ရတဲ့ App တစ်ခုပါ။ Barcode နဲ့ QR Code တွေကိုလည်း စကင်ဖတ်ပြီး၊ information ရှာဖွေနိုင်သလို၊ ဂျာမန်၊ စပိန်။ ပေါ်တူဂီ စတဲ့ ဘာသာစကားတွေရဲ့ စာသားတွေကိုလည်း ဓာတ်ပုံရိုက်ပြီး ဘာသာပြန်နိုင်ပါတယ်။

၇။ Google Daydream VR


                စမတ်ဖုန်းတိုင်းနဲ့ အသုံးပြုလို့ရတဲ့ VR Headset မဟုတ်ဘဲ၊ Daydream-ready ဖုန်းတွေမှာပဲ အသုံးပြုနိုင်သေးတဲ့ Google ရဲ့ VR Headset အသစ်ဖြစ်ပါတယ်။

                Daydream-ready ဖုန်းတွေဟာ VR သုံးဖို့ အဆင်ပြေအောင်လို့ Resolution အမြင့်စား Display ၊ တိကျအကောင်းမွန်ဆုံး Sensor တွေ သုံးထားတာဖြစ်တာကြောင့် စျေးကတော့ နည်းမှာမဟုတ်ပါဘူး။ လောလောဆည်လည်း Daydream သုံးနိုင်တဲ့ ဖုန်းက လက်ချိုးရေလို့ ရပါသေးတယ်။ အသုံးပြုနိင်တဲ့ ဖုန်းစာရင်းကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်။

                တခြား ရိုးရိုး VR Headset တွေနဲ့ မတူတာက Controller သက်သက် ပါရှိပြီး၊ VR Games တွေကို Sensor သက်သက်ပါဝင်တဲ့ Controller နဲ့ အဆင်ပြေပြေဆော့နိုင်မှာပါ။ စျေးကတော့ တခြား Smartphone VR Headset တွေထက် နည်းနည်းများပြီး၊ ၇၉ ဒေါ်လာ ရှိပါတယ်။

၈။ Google Home


                Amazon ရဲ့ Echo Speaker လိုမျိုး စမတ်စပီကာဖြစ်ပြီး၊ Google Assistant ပါဝင်တဲ့ စပီကာဖြစ်တာကြောင့် အသံနဲ့တင် ထိန်းချုပ်နိုင်ပါတယ်။

                Chromecast တို့လို တခြား Smart Devices တွေနဲ့လည်း တွဲသုံးနိုင်တာကြောင့် အိမ်ထဲက မီးလုံးကို ပိတ်ချင်တယ်ဆိုရင်လည်း Google Home စပီကာကို လှမ်းပြောလိုက်ရုံပါပဲ။ Home က လုပ်နိုင်တဲ့ Features တွေအကုန်လုံးကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

၉။ Google Sky


                Google Sky မှာ အာကာသတစ်ခွင်ကို ပြဲပြဲစင်အောင် လျှောက်ကြည့်လေ့လာနိုင်ပါတယ်။

                NASA ဂြိုလ်တုတွေက ပုံရိပ်တွေ၊ Hubble Telescope က ပုံရိပ်တွေနဲ့ Sloan Digital Sky Survey က ပုံရိပ်တွေကို အသုံးပြုထားတာကြောင့် တိကျပြတ်သားမှုကတော့ မေးစရာမလိုပါဘူး။

                Google Sky ကို Android မှာလည်း AR App တစ်ခုအနေနဲ့ အသုံးပြုနိုင်ပါတယ်။

၁၀။ Google Fonts


                ကိုယ့် Website နဲ့ Projects တွေမှာ အခမဲ့အသုံးပြုနိုင်မယ့် Font Families တွေကို ရှာဖွေ၊ အသုံးပြုနိုင်မယ့် Service တစ်ခုပါ။

နောက်ထပ် အသုံးဝင်ပြီး၊ လူသိနည်းနေသေးတဲ့ Google Products တွေ အများကြီးရှိပေမယ့်၊ ဒီမှာတော့ ဒီလောက်ပဲ ဖော်ပြထားပါတယ်။ တကယ်လို့ သင်သဘောကျတဲ့ Google Products တွေ ရှိရင်လည်း မျှဝေပေးဖို့ ဖိတ်ခေါ်ပါရစေ။


References
TechX Myanmar
About Author
Assinged Tags
Google Featured Articles Google Products
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed