Android O မှာ ပါဝင်လာတဲ့ အကောင်းဆုံး Features အသစ် (၇) မျိုး

date_range 22 March 2017

Android O မှာ ပါဝင်လာတဲ့ အကောင်းဆုံး Features အသစ် (၇) မျိုး

visibility 1800 Views

                Google ဟာ မနေ့ညက Android OS မျိုးဆက်သစ် Android O (Android 8) ကို မိတ်ဆက်လိုက်ပါပြီ။

                မနှစ်ကထွက်ရှိထားတဲ့ Android Nougat တောင် Android OS အသုံးပြုသူအားလုံးရဲ့ ၃ ရာခိုင်နှုန်းသာ ရှိသေးတဲ့အချိန်မှာပဲ Google က နောက်ထပ် Android OS အသစ်ကို ထပ်မိတ်ဆက်လိုက်တာကတော့ တော်တော်မြန်တယ်ပြောရမှာပါ။

                Android O ကို လက်ရှိမှာတော့ Code Name အတိအကျမပေးရသေးဘဲ၊ O လို့ပဲ အကြမ်းဖျဉ်းနာမည်ပေးထားပါတယ်။ Developer Preview ပဲရှိသေးတာကြောင့်၊ နောက်ထပ် Features အသစ်တွေလည်း အများအပြား ပါဝင်လာဖို့ရှိပါတယ်။

                လောလောဆည်တော့ Android O မှာ လတ်တလော ပါဝင်ထားတဲ့ Features အသစ်တွေကို ကျနော်တို့နဲ့ အတူ လေ့လာကြည့်လိုက်ရအောင်။ စာဖတ်သူတွေအတွက် နားလည်ရလွယ်ပြီး၊ အသုံးဝင်မယ့် Features တွေကိုသာ ဖော်ပြထားပြီး၊ Developers တွေအနေနဲ့ အကုန်အစုံသိချင်တယ်ဆိုရင် Google ရဲ့ Official Blog Post မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

၁။ Background Limits

                Android 7.0 Nougat က စပြီးတော့၊ Android စနစ်ဟာ Applications တစ်ခုချင်းစီက နောက်ကွယ် (Background) မှာ လုပ်ဆောင်နေတဲ့အရာ (Activities) တွေကို ကန့်သတ်နိုင်ခဲ့ပါတယ်။

                Android O မှာတော့ ဒီစနစ်က ပိုမိုကောင်းမွန်လာပြီး၊ ဖုန်းအသုံးပြုသူက ဘာမှလုပ်စရာမလိုဘဲနဲ့ ဘက်ထရီအစားသက်သာအောင်နဲ့ Performance ပိုကောင်းအောင် Apps တွေရဲ့ Background အသုံးပြုမှုကို Restrict လုပ်ပေးမှာဖြစ်ပါတယ်။

                Background အသုံးပြုမှုကန့်သတ်ရာမှာ အဓိကအပိုင်းသုံးပိုင်း သတ်မှတ်ထားပါတယ်။

                ပထမတစ်ခုက App တစ်ခု ဒါမှမဟုတ် Service တစ်ခုကနေ တခြား Apps တွေအတွက် Signal ထုတ်လွှင့်မှုကို တားဆီးပေးမယ့် “Implicit Broadcasts” ဖြစ်ပါတယ်။ ဘယ်လိုလဲဆိုတော့ ကိုယ့်ဖုန်းကို အင်တာနက်လိုင်းနဲ့ Disconnect လုပ်ထားရာကနေ ပြန်ချိတ်လိုက်တဲ့အခါ Service ကနေ တခြား Apps တွေကို အင်တာနက်လိုင်းရပြီဖြစ်ကြောင်း Broadcast လှမ်းလုပ်လိုက်တာကြောင့်၊ Sleep ဖြစ်နေတဲ့ Apps အမြောက်အများ Active ဖြစ်လာတာကို ခေါ်တာပါ။ ဖုန်းအင်တာနက်ဘက်ထရီ အကုန်မြန်တဲ့ အဓိကအချက်တွေထဲမှာ ဒီကောင်ကလည်း တော်တော်ပါတယ်။

                နောက်တစ်ခုကတော့ “Background Services” ဖြစ်ပြီး၊ ဖုန်းစခရင်ပိတ်ထားတဲ့ အချိန်မှာ Apps တွေရဲ့ မလိုအပ်တဲ့ Background Activities တွေကို ကန့်သတ်ပေးမှာပါ။

                တတိယတစ်ခုကတော့ “Location Updates” ဖြစ်ပြီး၊ App တစ်ခုအနေနဲ့ Background ရောက်နေချိန်မှာ Location တွေကို Update မလုပ်ဖို့ တားဆီးတာဖြစ်ပါတယ်။

                ဒီအချက်သုံးချက်ကြောင့် Android Apps Developers တွေအနေနဲ့လည်း ကိုယ့် App က အသုံးပြုသူရဲ့ ဖုန်းဘက်ထရီနဲ့ Performance ကို ထိခိုက်နေမှုမရှိအောင် အလိုအလျောက်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ “Background Execution Limits” နဲ့ “Background Location Limits” အကြောင်း အသေးစိတ်အချက်အလက်တွေကို Documentation နဲ့ Google က ဖော်ပြပေးထားပါတယ်။

၂။ Notification Channels


                Android O ရဲ့ အဓိကထူးခြားချက်ကတော့ “Notification Channels” လို့ ပြောရမှာပါ။ Notifications တွေကို သူ့အမျိုးအစားအလိုက် Categories လေးတွေ ခွဲလိုက်တဲ့ သဘောပါ။

                App တစ်ခုရဲ့ Notifications တွေကို Categories ကဏ္ဍတွေ (Channels) တွေနဲ့ ခွဲခြားထားနိုင်မှာဖြစ်သလို၊ User အနေနဲ့  Channel တစ်ခုချင်းစီက Notification တွေကို ဖုန်းမှာပြဖို့၊ မပြဖို့ ထိန်းချုပ်နိုင်မှာပါ။

                ဥပမာအားဖြင့် - သတင်းဝဘ်ဆိုဒ် App တစ်ခုမှာ “Technology” သတင်းတွေပဲ Noti ယူချင်တယ်ဆိုရင် Notification Channel မှာ Technology ကိုပဲ Permit ပေးထားနိင်မှာဖြစ်ပါတယ်။
 
၃။ Autofill APIs 

                Android user အတော်များများဟာ Password Managers တွေလိုမျိုး Login နဲ့ တခြားအချက်အလက်တွေကို အလိုလိုဖြည့်ပေးတဲ့ Apps တွေကို အားကိုးနေကြပါတယ်။ Android O မှာတော့ User တစ်ယောက်အနေနဲ့ ကိုယ့်ဖုန်းအတွက် Keyboard App ရွေးပေးသလိုမျိုး Autofill App တစ်ခုကို ရွေးပေးထားနိုင်ပြီး၊ အဆိုပါ App ကနေ လိုအပ်တဲ့အချက်အလက်တွေဖြစ်တဲ့ User name, Addresses အပြင် Passwords တွေကိုပါ Autofill လုပ်ပေးဖို့ ခိုင်းထားနိုင်မှာပါ။ Autofill သုံးချင်တဲ့ Apps တွေအတွက် Google က API ထုတ်ပေးလိုက်တာကလည်း Android O ရဲ့ အမိုက်စား Feature တစ်ခုလို့ ပြောလို့ရပါတယ်။

၄။ PIP Mode


                Picture in Picture (PIP) Display mode က Android stock မဟုတ်တဲ့ ဖုန်းကုမ္ပဏီတစ်ချို့ရဲ့ Custom OS တစ်ချို့မှာ ပါပြီးသားပါ။ User အနေနဲ့ ဗီဒီယိုတစ်ခုကြည့်နေရင်း တခြား Apps တွေ Services တွေကို တစ်ပြိုင်တည်း သုံးနိုင်မှာဖြစ်ပါတယ်။ Aspect Ratio နဲ့ ပေါ်မယ့်ခလုတ် (Play/Pause) တွေကိုလည်း ရွေးချယ်ထားနိုင်ပါတယ်။

၅။ Font Resources in XML

                Android O မှာ Fonts တွေဟာ Fully Supported Resource Type ဖြစ်သွားပါပြီ။ Apps တွေမှာ XML Layout နဲ့ Font  တွေကို ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ကျနော်တို့  Web မှာ  Font Families တွေ၊ Font Style တွေ၊ Font Weight  တွေကို လိုသလိုညှိယူလို့ရသလိုမျိုး Android O မှာလည်း ညှိယူလို့ရတော့မှာပါ။ Developer တွေအားလုံး Font အတွက် ခေါင်းစားစရာမလိုတော့ပါဘူး။

၆။ Adaptive Icons

                Android O မှာ Developer တွေအနေနဲ့ Device UI အလိုက် App Icons ပုံစံတွေကို သတ်မှတ်ဖန်တီးနိုင်မှာပါ။ ဒီ့အပြင် Adaptive Icons တွေကိ Interact ဖြစ်တဲ့အခါ Animations တွေကိုလည်း ပြပေးသွားမှာဖြစ်ပါတယ်။ Adaptive Icons တွေကို Launcher, shortcuts, sharing dialogs တွေအပြင် Settings ထဲမှာတောင် အသုံးပြုနိုင်မှာပါ။

၇၊ Connectivity

                Sony ရဲ့ LDAC Codec လိုမျိုး အသံအရည်အသွေးမြင့်တဲ့ Bluetooth audio codecs တွေကို Android O မှာ Support ပေးလိုက်တာကြောင့် Android O မှာ အသံအရည်အသွေးက အများကြီးပိုကောင်းလာဖို့ရှိပါတယ်။

                နောက် Connectivity တစ်ခုကတော့ Android O မှာ “Wi-Fi Aware” လို့ နာမည်ပေးထားတဲ့ Wi-Fi Feature အသစ်တစ်ခုလည်း ပါဝင်လာပါတယ်။ သင့်လျော်တဲ့ Hardware ရှိတဲ့ Devices တွေအနေနဲ့ တခြား ဘာ Apps မှာ ခံစရာမလို၊ Configuration လုပ်စရာမလိုဘဲ အချင်းချင်း ရှာဖွေချိတ်ဆက်ကာ၊ ဂိမ်းဆော့တာ၊ File Sharing လုပ်နိုင်တာတွေ လုပ်နိုင်ပါပြီ။ ဒီနည်းပညာက Wi-Fi Alliance ရဲ့ နည်းပညာကို အသုံးပြုထားတာပါ။

                နောက်ထပ် Android O မှာ ပါဝင်လာတဲ့ Features အသစ်တွေကို ထပ်မံဖော်ပြပေးသွားပါမယ်။

References
Google
About Author
Assinged Tags
Features Android Android O
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed