AMD ကို အောင်မြင်မှုတွေ ပေးနိုင်ခဲ့တဲ့ Ryzen Processor တွေရဲ့ သမိုင်းကြောင်း

date_range 15 January 2018

AMD ကို အောင်မြင်မှုတွေ ပေးနိုင်ခဲ့တဲ့ Ryzen Processor တွေရဲ့ သမိုင်းကြောင်း

visibility 4260 Views

                AMD (Advanced Micro Device) ကို နာမည်တော့ ကြားဖူးကြပေမယ့် AMD CPU တွေ GPU တွေကိုတော့ အသုံးနည်းကြပါလိမ့်မယ်။ ဒါပေမယ့် AMD အနေနဲ့ CPU ပိုင်းမှာဆိုရင် Intel နဲ့ အပြိုင် x86 နဲ့ x64 အခြေခံ Consumer-level Processors တွေကို ယှဉ်ပြိုင်ထုတ်လုပ်ခဲ့ရသလို GPU ပိုင်းမှာဆိုရင်လည်း Nvidia နဲ့ ယှဉ်ပြိုင်ခဲ့ရပေမယ့်လည်း အောင်မြင်မှု ကြီးကြီးမားမား မရရှိခဲ့ပါဘူး။

                AMD ဟာ Ryzen Processors တွေ မိတ်မဆက်ပေးခင်တုန်းက Processors စျေးကွက်မှာ Intel လောက် အောင်မြင်မှုမရခဲ့သလို GPU ဈေးကွက်မှာလည်း Nvidia ကို မယှဉ်နိုင်ခဲ့ပါဘူး။ နောက်ပြီး Gaming လောကမှာဆိုရင်လည်း AMD ဟာ သူ့ရဲ့ APU (Accelerated Processing Unit) လို့ခေါ်တဲ့ Mobile Chip တွေကို အားထားခဲ့ရပါတယ်။

                ဘာလို့လဲဆိုတော့ Console ဂိမ်းစက်တွေ ထုတ်နေတဲ့ Microsoft နဲ့ Sony တို့က AMD ကိုယ်တိုင်ပြုပြင်ထားတဲ့ Custom Jaguar Processor နဲ့ Radeon Graphic Unit ၂ မျိုးပါဝင်တဲ့ APU ကိုနှစ်စဉ် သူတို့ရဲ့ ဂိမ်းစက်တွေမှာ အသုံးပြုနေခဲ့တာကြောင့် AMD အနေနဲ့ ဈေးကွက်ထဲမှာ အသက်ရှူချောင်ခဲ့ရတာ ဖြစ်ပါတယ်။

                AMD ဟာ Ryzen Processors တွေမိတ်မဆက်သေးခင် လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းက Bulldozer Architecture အသုံးပြုထားတဲ့ Processor တွေနဲ့ စျေးကွက်ဖောက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ အဲ့ဒီတုန်းက CPU စျေးကွက်အတွင်းမှာ Tick and Tock ဆိုတဲ့ Processor ထုတ်လုပ်မှုနဲ့ ဆိုင်တဲ့ Cycle က လွှမ်းမိုးထားတာဖြစ်ပြီး မကြာခဏဆိုသလို Intel က မိတ်ဆက်ပေးနေတဲ့ Intel Processor အသစ်တွေကြောင့် AMD ရဲ့ Processor တွေဟာ စျေးကွက်အတွင်းမှာ ဝယ်လိုအားနည်းနေခဲ့တာလည်း ဖြစ်ပါတယ်။

Tick – Tock ဆိုတာ ဘာလဲ

                ဒီနေရာမှာ Tick နဲ့ Tock ဆိုတာ နားလည်သွားအောင် အရင်ပြောပြပါ့မယ်။ Intel အနေနဲ့ ၂၀၀၇ ခုနှစ်လောက် ကတည်းက အဲ့ဒီ Tick & Tock Cycle ကို ကျင့်သုံးနေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီမှာ Tick ဆိုတာက Processor Generation တစ်ခုမှာ Fabrication Process လို့ခေါ်တဲ့ Processors တွေရဲ့ Size (nm) ကိုကျုံ့သွားအောင် ဒါမှမဟုတ် နည်းသွားအောင် ပြုလုပ်တာလို့ ပြောနိုင်ပါတယ်။

                Theory အရဆိုရင်လည်း Processors တွေရဲ့ Die Size နည်းလေ ထည့်သွင်းလို့ရမယ့် Transistors အရေအတွက် ပိုများလေ ဖြစ်တာကြောင့် Processors တွေအားလုံးမှာ Model မြင့်လာလေ Die Size (nm) နည်းသွားလေ ဖြစ်သွားတာပါ။ များသောအားဖြင့် Tick Cycle မှာ အခြား Processor နည်းပညာသစ်တွေကို မိတ်ဆက်ပေးလေ့ရှိကြပါတယ်။ ဥပမာ 22nm Microarchitecture Process နဲ့ ထုတ်လုပ်ထားတဲ့ Intel Processor Series မှာဆိုရင် Broadwell 5th Generation ဟာ 4th Generation Haswell Processors တွေရဲ့ Tick Model ပဲ ဖြစ်ပါတယ်။

                နောက် Tock ဆိုတာက Die Size (nm) နည်းသွားပြီး Microarchitecture အသစ် အသုံးပြုထားတဲ့ Processor တွေကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ Intel ရဲ့ 14nm Microarchitecture အသုံးပြုထားတဲ့ 6th Generation Processors တွေဟာ အရင် 22nm Microarchitecture အသုံးပြုထားတဲ့ Broadwell Processors တွေရဲ့ Tock Model ဖြစ်ပါတယ်။

                ဒီတစ်ခေါက် Intel က 14nm Process နဲ့ထုတ်ထားတဲ့ Processor Lineup မှာ Tick Update အနေနဲ့ 8th Generation Processor တွေမှာ ပိုများတဲ့ Core အရေအတွက်နဲ့ Intel HD/UHD Integrated Graphics ထည့်သွင်းပေးခဲ့ပြီး Optimization Refresh တစ်ခုလုပ်ခဲ့ပါတယ်။ ရည်ရွယ်ချက်က Single-Threaded Performance ရော Multi-Threaded Performance မှာပါ အားသာမှုရှိနေတဲ့ AMD ရဲ့ 14nm Microarchitecture Ryzen Processors တွေကို ယှဥ်ပြိုင်နိုင်ဖို့အတွက် ဖြစ်ပါတယ်။

Ryzen Processors


                Bulldozer Processor တွေရဲ့ Tock Model ဖြစ်တဲ့ “Zen” Architecture အသုံးပြု Ryzen Series Processor တွေကို AMD အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ မတ်လတုန်းက မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ Ryzen Series Processor တွေကို 14nm Fabrication Process နဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပြီး Summit Ridge နဲ့ White Haven ဆိုပြီး ခွဲထားပါတယ်။ Summit Ridge ဟာ Desktop Processors တွေကို ရည်ညွန်းတာဖြစ်ပြီး ဒီ Code Name အောက်မှာ Ryzen 3၊ Ryzen 5 နဲ့ Ryzen 7 ဆိုပြီး ၃ မျိုး ခွဲထားပါသေးတယ်။ အဲ့ဒီ ၃ မျိုးရဲ့ စွမ်းဆောင်ရည်ကို အနီးစပ်ဆုံး ဥပမာ ပေးရရင် Intel ရဲ့ Core i3၊ Core i5 နဲ့ Core i7 Processor တွေနဲ့ အတူတူပါပဲ။


                Entry Level ဖြစ်တဲ့ Ryzen 3 မှာတောင် 4 Cores/4 Threads  ပါဝင်မှာဖြစ်ပြီး Processor ရဲ့ Core တစ်လုံးချင်းစီမှာ Level2/3 Cache Size ပမာဏ 512KB စီ ပါဝင်မှာဖြစ်တဲ့အပြင် Cache Size အများဆုံး 8MB အထိ ထောက်ပံ့ပေးထားပါတယ်။ နောက် Core ၂ လုံးပဲပါတဲ့ Intel ရဲ့ 7th Generation Core i3 Processor တွေထက် စွမ်းဆောင်ရည် ပိုသာတဲ့အပြင် စျေးနှုန်းအနေနဲ့လည်း ကန်ဒေါ်လာ ၁၂၉ လောက်ပဲ ရှိခဲ့ပါတယ်။

                White Haven ကတော့ High End Processor အမျိုးအစားဖြစ်ပြီး သူ့ရဲ့ Code Name ကတော့ Ryzen ThreadRipper ဖြစ်ပါတယ်။ ဒီ ThreadRipper Processor တွေမှာ Cores အနည်းဆုံး ၈ လုံးကနေ အများဆုံး ၁၆ လုံးထိရှိတာကြောင့် Threads အနေနဲ့လည်း 32 Threads ထိရှိပါတယ်။ “Zen” Core Architecture အတိုင်း ဒီ ThreadRipper ရဲ့ Core တစ်လုံးချင်းစီမှာလည်း L2/L3 Cache 512KB ရှိမှာဖြစ်ပြီး အများဆုံး Cache Size 32 MB ပါဝင်ပါတယ်။

                အဲ့သလို စွမ်းဆောင်ရည် ကောင်းမွန်တဲ့ Ryzen Processors တွေကြောင့် AMD ဟာ စတင်မိတ်ဆက်ပေးခဲ့တဲ့ ၂၀၁၇ မတ်လလောက်ကစပြီး အောင်မြင်မှုတွေ ရရှိခဲ့ပြီး CPU ဈေးကွက်မှာ Intel ကို စတင်တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ AMD ရဲ့ နှစ်စဉ် Report တွေအရ Processor စျေးကွက်မှာ အမြတ်ငွေ ပမာဏ များများရရှိခဲ့ပြီး ၂၀၁၇ နှစ်လယ်ပိုင်းမှာ Net Growth ၁၉% ထိရှိနေခဲ့ကာ ၂၀၁၇ နှစ်ဆုံးထိ နောက်ထပ် ၂၃% ခန့် ထပ်မံ တိုးတက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီ First Gen Ryzen Processor ၂ မျိုးစလုံးမှာ AMD က Integrated Graphic ကိုတော့ ထည့်သွင်းပေးထားခဲ့ခြင်း မရှိပါဘူး။

                Ryzen Processor တွေကြောင့် အောင်မြင်မှု လမ်းကြောင်းပေါ် စတင်လျှောက်လှမ်းနိုင်ခဲ့တဲ့ AMD ဟာ အခုဆိုရင် အမေရိကန်နိုင်ငံ Las Vegas မှာပြုလုပ်နေတဲ့ CES (Consumer Electronic Show) 2018 မှာတော့ Summit Ridge အမွေဆက်ခံထားတဲ့ Tick Model “Zen+” Architecture အသုံးပြုထားပြီး Code Name “Raven Ridge” 2nd Generation Ryzen Processors တွေကို မိတ်ဆက်ပေးခဲ့ပြီး Intel ကို ထပ်မံစိန်ခေါ်လိုက်ပြီ ဖြစ်ပါတယ်။ နောက်ပြီး ဒီ Raven Ridge Lineup မှာ “Vega Raven Ridge” လို့ ခေါ်တဲ့ Integrated Radeon RX Vega APU တွေကို အသုံးပြုသွားမှာပဲ ဖြစ်ပါတယ်။


Radeon Vega Graphics ဆိုတာဘာလဲ

                Radeon Vega Graphics ကို စပြီး မိတ်ဆက်ပေးခဲ့တာ ၂၀၁၇ နှစ်လယ်လောက်တုန်းက ဖြစ်ပါတယ်။ အဲ့ဒီတုန်းက HBM 2 [High Bandwidth Memory] နည်းပညာ အသုံးပြုထားတဲ့ Radeon RX Vega 56 နဲ့ Radeon RX Vega 64 Graphic Card ၂ မျိုးကို Desktop တွေအတွက်ပဲ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

                HBM2 Memory Architecture အရ GPU Package တစ်ခုမှာ Memory Size 4GB ပါဝင်တာဖြစ်ပြီး ဒီ RX Vega ကတ်တွေမှာတော့ 8GB ပမာဏပါဝင်မှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည် အရလည်း ဒီ RX Vega 64 နဲ့ RX Vega 56 ကတ် ၂ မျိုးစလုံးဟာ Nvidia ရဲ့ GTX 1080 နဲ့ GTX 1070 ထက် စွမ်းဆောင်ရည်ပိုကောင်းပြီး စျေးနှုန်းလည်း ပိုသက်သာပါတယ်။

                AMD ပြောထားတဲ့အတိုင်းဆိုရင် Radeon Technology အသုံးပြုထားတဲ့ RX Vega Graphics တွေကို 2nd Generation Ryzen Processors တွေမှာ Integrated Graphics အနေနဲ့ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒီ Mobile Version RX Vega Graphics တွေမှာလည်း HBM2 နည်းပညာကိုပဲ အသုံးပြုထားမှာဖြစ်ပြီး နောက် Computing စွမ်းဆောင်ရည်နဲ့ Graphic စွမ်းဆောင်ရည်အတွက် AMD ရဲ့ SenseMI ဆိုတဲ့ Intelligence Technology နဲ့ထပ်ပြီး အားဖြည့်ပေးထားပါသေးတယ်။ အဲ့ဒါအပြင် Ryzen 2nd Generation Mobile Processors တွေဟာ ပါဝါအသုံးနည်းသလို Battery အားချွေတာနိုင်တဲ့ အားသာချက်လည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။

                အဲ့ဒီလို Graphic စွမ်းဆောင်ရည် ကောင်းမွန်တဲ့ Radeon RX Vega Graphics ကို 7nm အရွယ်အစားရှိ Mobile Integrated Graphic Unit (APU)  အနေနဲ့ 2nd Generation Ryzen Processors တွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ လက်ရှိ Notebookcheck.net က အချက်အလက်တွေအရဆိုရင် ဒီ RX Vega Mobile Graphics ရဲ့ Graphic စွမ်းဆောင်ရည်ဟာ Nvidia ရဲ့ Geforce 940MX နဲ့ Geforce MX150 (GT 1030 Variant) တို့အကြားမှာ ရှိနေပါတယ်။

                AMD အနေနဲ့ 1st Generation Ryzen Processor တုန်းကလိုပဲ Ryzen 3၊ Ryzen 5 နဲ့ Ryzen 7 ဆိုပြီး 2nd Generation “Raven Ridge” Ryzen Processor ၃ မျိုးကို CES 2018 မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ လောလောဆယ်မှာ Desktop တွေအတွက် Ryzen 3 နဲ့ Ryzen 5 ၂ မျိုးပဲရနိုင်ဦးမှာဖြစ်ပြီး Ultrabook နဲ့ Premium Laptop တွေအတွက် Ryzen Mobile Processor နဲ့ Ryzen Pro Mobile Processor ဆိုပြီး ၂ မျိုး ထပ်ခွဲထားပါတယ်။

AMD ရဲ့ 2nd Generation Ryzen Processor Series

                အောက်ကဇယားမှာကတော့ လက်ရှိ AMD ကကြေငြာထားတဲ့ 2nd Generation Ryzen Processor တွေကို ပြထားပါတယ်။ Desktop အတွက် ထွက်ရှိလာမယ့် Ryzen 2nd Generation Processor တွေမှာ Graphic စွမ်းဆောင်ရည် ကောင်းမွန်တဲ့  Radeon™ RX Vega 11 နဲ့ Vega 8 Graphics ၂ မျိုးကို အသုံးပြုထားပါတယ်။ အဲ့ဒီမှာ G ဆိုတဲ့စကားလုံးက Graphics ကိုရည်ညွန်းတာ ဖြစ်ပါတယ်။


                Ryzen Pro Processors တွေကိုတော့ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Premium Laptop တွေအတွက် ထုတ်လုပ်ထားတာဖြစ်ပြီး Graphics ပိုင်းအတွက်လည်း စွမ်းဆောင်ရည်ကောင်းမွန်တဲ့ RX Vega Graphics အသုံးပြုပေးထားပါတယ်။


                2nd Generation Ryzen U (Ultra Low Voltage) Processor တွေကိုတော့ Ultrabook လို ပါးလွှာတဲ့ Laptop တွေအတွက် ရည်ရွယ်ထားတာဖြစ်ပြီး Graphic ပိုင်းအတွက် စွမ်းဆောင်ရည် ကောင်းမွန်တဲ့ Radeon Vega Graphics တွေနဲ့ အားဖြည့်ထားပါတယ်။


                2nd Generation Ryzen Processors တွေဟာ Integrated Radeon Vega GPU တွေကြောင့် Graphics ပိုင်းမှာ Intel CPU တွေနဲ့ ယှဉ်မယ်ဆိုရင် အားသာချက်ရှိနေပါတယ်။ လက်ရှိ Notebookcheck.net မှာပြောထားတဲ့ သုံးသပ်ချက်တွေအရဆိုရင်လည်း Nvidia ကထုတ်တဲ့ Mid-range Graphic Cards တွေကို ကောင်းကောင်းယှဥ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့် AMD က ဒီ 2nd Generation Ryzen Processors တွေရဲ့ စျေးနှုန်းအတိအကျကိုတော့ ကြေငြာထားခြင်း မရှိသေးပါဘူး။

This Article is contributed by 2puu. 
References
AMD
About Author
Assinged Tags
Intel Nvidia AMD AMD Processor AMD Graphics AMD Ryzen Radeon Pro Vega
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed