ဒီနေ့မှာ ဆယ်နှစ်ပြည့်သွားပြီဖြစ်တဲ့ Apple ရဲ့ ပထမဆုံး iPhone

date_range 29 June 2017

ဒီနေ့မှာ ဆယ်နှစ်ပြည့်သွားပြီဖြစ်တဲ့ Apple ရဲ့ ပထမဆုံး iPhone

visibility 2640 Views

                ပထမဆုံး iPhone ဟာ အခုခေတ် iPhone မျိုးဆက်တွေအားလုံးရဲ့ ဖခင်ကြီးပဲ ဖြစ်ပါတယ်။ ပထမဆုံး iPhone ကို Apple ရဲ့ ဖခင်ကြီး Steve Jobs ကိုယ်တိုင် ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှာ တရားဝင်မိတ်ဆက်ခဲ့ပြီး ၂၀၀၇ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့မှာတော့ အမေရိကန်နိုင်ငံမှာ တရားဝင်ရောင်းချခဲ့ပါတယ်။

                Steve Jobs ၂၀၀၅ ခုနှစ်မှာ အနေနဲ့ Keyboard တွေ၊ Mouse တွေမလိုပဲ Multi-Touch Touchscreen ကိုအသုံးပြုပြီး Computer တစ်လုံးကဲ့သို့ အသုံးချနိုင်မယ့် ပစ္စည်းတစ်ခုကို တီထွင်နိုင်ဖို့ စတင်စိတ်ကူးယဉ်ခဲ့ပါတယ်။ Steve Jobs အနေနဲ့ အချိန်တွေဆွဲမနေပဲ Apple က အတော်ဆုံးအင်ဂျင်နီယာတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး သူရရှိခဲ့တဲ့စိတ်ကူးကို ချက်ချင်းအကောင်အထည်ဖော်ခဲ့ပါတယ်။

                Apple က အင်ဂျင်နီယာတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် Tablet Computer လိုမျိုး ရှေ့ပြေးပုံစံ Product တစ်ခုကို ရရှိခဲ့ပါတယ်။ Steve Jobs အနေနဲ့ ရရှိလာတဲ့ရှေ့ပြေးပုံစံကို ကြည့်ရှုပြီးတဲ့နောက်မှာတော့ ရှေ့ပြေးပုံစံမှာ ပါဝင်လာတဲ့ နည်းပညာသစ်တွေကို Smartphone မှာ ထည့်သွင်းကြည့်ဖို့အတွက် နောက်ထပ်စိတ်ကူးတစ်ခု ထပ်မံရရှိခဲ့ပါတယ်။

                Apple အနေနဲ့ ပထမဆုံး iPhone ကို AT&T နဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တာဖြစ်ပြီး ခန့်မှန်းချေ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့် အသုံးပြုခဲ့ပါတယ်။ ပထမဆုံး iPhone ကို ထုတ်လုပ်နိုင်ဖို့အတွက် အဘက်ဘက်မှကြိုးစားခဲ့ကြတာ လပေါင်း ၃၀ ကြာမြင့်ခဲ့ပါတယ်။ ဒါကြောင့်လဲ Steve Jobs က ပထမဆုံး iPhone ကို မိတ်ဆက်ခဲ့တဲ့ပွဲမှာ

“ကျနော် ဒီအချိန်ကို စောင့်မျှော်နေခဲ့ရတာ နှစ်နှစ်ခွဲတောင် ကြာတယ်ဗျာ”

လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

                ပထမဆုံး iPhone ကို အမေရိကန်နိုင်ငံက Apple Store နဲ့ AT&T Retail Stores တွေမှာ ၂၀၀၇ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှာ တရားဝင်စတင်ရောင်းချခဲ့ပြီး လူပေါင်းထောင်သောင်းမက တန်းစီခဲ့ကြပါတယ်။ လူတွေအရမ်းများခဲ့တဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်အောင်လို့လည်း တာဝန်ချိန်ပြင်ပက ရဲဝန်ထမ်းအချို့ကိုလည်း ငှားရမ်းခဲ့ရပါသေးတယ်။

                ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလမှာတော့ United Kingdom, France, Germany, Portugal, Austria စတဲ့နိုင်ငံတွေမှာ ပထမဆုံး iPhone ကို စတင်ရောင်းချခဲ့ပါတယ်။ Apple အနေနဲ့ ပထမဆုံး iPhone တွေကို အလုံးအရေအတွက် ၆.၁ သန်းအထိ ရောင်းချနိုင်ခဲ့ပါတယ်။

References
Wikipedia
About Author
Assinged Tags
iPhone Steve Jobs
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed