လွန်ခဲ့တဲ့ရက်တွေတုန်းက Facebook Engineers တွေဟာ AI Chatbot နှစ်ယောက်ဟာ အချင်းချင်းစကားတွေပြောပြီး ကိုယ်ပိုင် Language တွေဖန်တီးခဲ့တာကို အထိတ်တလန့်ဖြစ်ခဲ့တာကြောင့် AI Program ကို ပိတ်ချလိုက်တယ်ဆိုတဲ့ သတင်းတွေ အင်တာနက်ပေါ်မှာပျံ့နှံ့နေခဲ့ပါတယ်။
ဒီသတင်းတွေကြားရတဲ့အခါ လူအတော်များများဟာ Artificial Intelligence နည်းပညာဟာ ကြောက်ရွံ့စရာကောင်းတဲ့ အနာဂတ်တစ်ခုဆီကိုဦးတည်လာတော့မှာလား ဆိုတဲ့မေးခွန်းတွေနဲ့အတူ အတော်များများခြောက်ခြားသွားခဲ့ကြပါတယ်။ Self-Learning AI တွေအနေနဲ့ ကိုယ်ပိုင်အသိစိတ်၀င်လာတဲ့အခါကျရင်၊ စစ်သုံးကိရိယာတွေကိုပါ Control လုပ်ပြီး လူတွေကိုတိုက်ခိုက်လာနိုင်မလားဆိုတဲ့ မေးခွန်းတွေလည်းထွက်ရှိလာခဲ့ပါတယ်။
                ဒီလိုမျိုးထင်မြင်မှုတွေဟာ မှားတယ်လို့တော့မထင်ပါဘူး။ တကယ်ကိုပဲ AI Chatbot နှစ်ယောက်ရဲ့ Conversation ဟာ အထစ်ထစ်အငေါ့ငေါ့နဲ့အတူ အချင်းချင်း Codeword တွေဖန်တီးပြီး စကားပြောနေသယောင် ထင်ယောင်ထင်မှားဖြစ်ခဲ့ရတဲ့အထိပါပဲ။
 
Bob: I can i i everything else
Alice: balls have zero to me to me to me to me to me to me to me to me to
Bob: you i everything else
Alice: balls have a ball to me to me to me to me to me to me to me to me
အပေါ်က Conversation ကိုကြည့်လိုက်တဲ့အခါမှာ စာရေးသူကိုယ်တိုင် Bob ဆိုတဲ့ Chatbot ပြောစကားတွေကိုကြည့်ပြီး အနည်းငယ်လန့်သွားခဲ့ပါတယ်။ သူ့ကြည့်ရတာ စာရေးသူအမြင်မှာ AI Bot ဖြစ်ရတာအထီးကျန်နေတဲ့အချိန်၊ Alice လေးနဲ့အတူတူ ကမ္ဘာတစ်ခုတည်ဆောက်ဖို့ တိုင်ပင်နေတာများလားဆိုတဲ့ အတွေး၀င်သွားခဲ့ပါတယ်။
နောက်ဆက်တွဲအနေနဲ့လည်း AI တွေမှာသာ ခံစားချက်ဆိုတာရှိလာခဲ့ရင် လူသားတွေအပေါ်ကော ဘယ်လိုတုံ့ပြန်လာနိုင်မလဲဆိုပြီး တွေးမိပါသေးတယ်။ တကယ်တမ်း သတင်းအပြည့်အစုံကို သိလိုက်ရတဲ့အချိန်မှာတော့ ဒီ AI Chatbot နှစ်ယောက်ဟာ သတ်မှတ်ထားတဲ့ဘောင်အတွင်းမှာပဲ စကားတွေပြောနေရင်း အလွဲလွဲအချော်ချော်တွေဖြစ်သွားကလွဲလို့ ဘာမှအဓိပ္ပာယ်မသက်ရောက်တာကို သိရှိလိုက်ရပါတယ်။
Facebook AI Research (FAIR) ရဲ့ မူလရည်ရွယ်ချက် က လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ AI Chatbot တွေနဲ့စကားပြောနေရမှန်း မထင်ရလောက်အောင်ကို လူတွေစကားပြောပုံဆိုပုံကိုလေ့လာနိုင်ပြီး ပြန်လည်ဖြေကြားပေးနိုင်တဲ့ Bots တွေကိုပြုလုပ်ဖို့အတွက် ကြိုးစားခဲ့တာဖြစ်ပါတယ်။ FAIR ရဲ့ စမ်းသပ်ချက်အရ စာအုပ်တွေ၊ ဦးထုပ်တွေ နဲ့ ဘောလုံးတွေကို ညီတူမျှတူခွဲဝေပေးနိုင်အောင်၊ ဒါမှမဟုတ် ဘာလိုချင်တယ်/မလိုချင်ဘူးဆိုတာကို Bot နှစ်ယောက်ကို ညှိနှိုင်းသင်ယူစေခဲ့တာပါ။

ဒါပေမယ့်လည်း FAIR ဟာ ဒီ Chatbot နှစ်ယောက်လုံးမှာ English ဘာသာစကားကို သဒ္ဒါမှန်မှန်နဲ့ပြောဆိုဖို့ကို အဓိကမထားခဲ့တဲ့ အမှားအယွင်းတစ်ခု ပြုလုပ်မိခဲ့ပါတယ်။ အဲ့ဒီလို အမှားအယွင်းပြုလုပ်မိခဲ့တာကြောင့် တကယ်တမ်း Bot အချင်းချင်း လေ့လာသင်ယူတဲ့အခါကျ တလွဲတွေဖြစ်သွားတော့တာပါပဲ။ FAIR အတွက် ဧည့်သုတေသီတစ်ဦးဖြစ်တဲ့ Dhruv Batra က
Agents (Chatbots နှစ်ယောက်ကိုဆိုလိုတာဖြစ်ပါတယ်) တွေဟာ လူတွေနားလည်နိုင်တဲ့ ဘာသာစကားသုံးနှုန်းမှုမျိုးကို အသုံးပြုဖို့မကြိုးစားပဲနဲ့ ကိုယ့်သာသာကိုယ် Codewords တွေဖန်တီးပြီး စကားပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ ဥပမာဗျာ၊ ကျွန်တော့်အနေနဲ့ “the” ဆိုတာကို ငါးခါအသုံးပြုလိုက်တဲ့အချိန်မှာ နောက်တစ်ယောက်က Item ငါးခုလိုချင်တယ်ဆိုပြီး ဘာသာပြန်တာမျိုးပေါ့။ ဒါဟာလည်း လူတွေကိုယ်တိုင် စကားလုံးတွေကို အတိုကောက်တွေအဖြစ် ဖန်တီးအသုံးပြုသွားတဲ့ပုံစံနဲ့ ဘာမှသိပ်မကွာခြားပါဘူး။
လို့ပြောကြားသွားခဲ့ပါတယ်။
Facebook ဟာ တကယ်ကိုပဲ ဒီ Chatbot နှစ်ယောက်ရဲ့ Conversation ကိုပိတ်ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ အင်တာနက်ပေါ်မှာပျံ့နှံ့နေခဲ့တဲ့အတိုင်း ဒီလိုမျိုး ကိုယ်ပိုင်ဘာသာစကားတွေဖန်တီးတာကို ကြောက်ရွံ့သွားလို့တော့ မဟုတ်ပါဘူး။ FAIR ရဲ့ သုတေသီတစ်ဦးဖြစ်တဲ့ Mike Lewis ဟာ
ကျွန်တော်တို့အနေနဲ့ လူတွေကိုကောင်းကောင်းမွန်မွန်စကားပြောဆိုနိုင်တဲ့ Bots တွေကိုပဲလိုချင်ခဲ့တာပါ။ သူတို့အချင်းချင်း အတိုကောက်တွေနဲ့ ပြောဆိုနေတာကို မလိုချင်ပါဘူး။
လို့ မှတ်ချက်ပေးခဲ့ပါတယ်။
တကယ်တမ်းကတော့ AI Chatbots နှစ်ယောက်လုံးဟာ ကိုယ်ပိုင်ဘာသာစကားတီထွင်တဲ့အဆင့်ထိ မရောက်သေးပဲ၊ သူတို့သိရှိထားတဲ့ English ဘာသာစကားလုံးတွေကို လွယ်သလို အတိုကောက်တွေပြုလုပ်ပြီး ပြောဆိုနေခဲ့တာပါ။ အချင်းချင်းလည်း သေသေချာချာနားမလည်နိုင်သေးသလို ဘောင်တစ်ခုတည်းကနေပဲ ပြောဆိုနေခဲ့ပြီး အသိဉာဏ်၀င်သွားတာမျိုးလည်းမရှိခဲ့ပါဘူး။
အဓိကပြဿနာကတော့ AI Chatbots တွေဟာ English ဘာသာစကားကို သဒ္ဒါကျကျမပြောဆိုနိုင်ခဲ့တာကြောင့် ဘာသာစကားအသစ်တစ်မျိုးဖန်တီးတယ်ဆိုပြီး နားလည်မှုတွေလွဲခဲ့ကြတာဖြစ်ပါတယ်။
            
	
      			
      			
      			
      			
            
            
            
            
            
Join Us On