Messenger ထဲမှာပါ ကြော်ငြာပြဖို့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စမ်းသပ်နေပြီဖြစ်တဲ့ Facebook

date_range 12 July 2017

Messenger ထဲမှာပါ ကြော်ငြာပြဖို့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စမ်းသပ်နေပြီဖြစ်တဲ့ Facebook

visibility 2100 Views

                Facebook ကတော့  သူတို့ App ထဲမှာကော၊ Instagram နဲ့ တခြား Apps တွေ Website တွေမှာပါ ကြော်ငြာပြရတာ မဝလို့ အခုဆို Messenger ထဲကိုပါ ကြော်ငြာတွေ ထိုးထည့်ဖို့ စတင်စမ်းသပ်နေပါပြီ။

                သြစတြေးလျနဲ့ ထိုင်းနိုင်ငံတို့မှာ စတင်စမ်းသပ်ခဲ့တဲ့ Messenger Ads တွေဟာ စိတ်ကျေနပ်စရာကောင်းလောက်အောင် အောင်မြင်မှုရရှိခဲ့တာကို တွေ့မြင်ခဲ့တဲ့ Facebook ဟာ အခုဆို ဒီ Feature ကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ထပ်မံစမ်းသပ်နေပါပြီ။ နောက်ဆို ကိုယ့်ဘာသာ စကားစမြည်လေးပြောဖို့သုံးတဲ့ Messenger မှာပါ ဘာမဆိုင်ညာမဆိုင် ကြော်ငြာတွေ မြင်လာရဖို့ ရှိပါတယ်။


                Messenger Home Page ဖြစ်တဲ့ မက်ဆေ့တွေစုထားတဲ့ Inbox နေရာမှာ၊ Chat တစ်ခုနဲ့တစ်ခုကြား ကြော်ငြာနေရာတွေကို တွေ့မြင်လာရမှာဖြစ်ပြီး၊ ကြော်ငြာရှင်တွေအနေနဲ့လည်း ဒီ Ads Space (ကြော်ငြာနေရာ) တွေမှာ သူတို့ကြော်ငြာထိုးဖို့ ရွေးချယ်လာနိုင်မှာဖြစ်ပါတယ်။

                Messenger သုံးတဲ့လူအရေအတွက်က လက်ရှိ Facebook ထုတ်ပြန်ထားချက်အရဆိုရင် ၁.၂ ဘီလီယံတောင် ရှိတာကြောင့်၊ Facebook ကုမ္ပဏီအတွက် နောက်ထပ်ငွေရပေါက်ကြီးတစ်ခု ထပ်တိုးလာတယ်လို့ ပြောရမှာပါ

                Messenger ထဲ ကြော်ငြာပြမယ့်နေရာနဲ့ ပတ်သတ်ပြီး၊ TechCrunch သတင်းဌာနကို Facebook က ပြောကြားချက်အရ ကြော်ငြာပုံစံက User တစ်ယောက်က သူ့ Messenger ထဲမှာ ပြောထားတဲ့ Chat အရေအတွက်၊ User ကိုင်နေတဲ့ ဖုန်းရဲ့ စခရင်အရွယ်အစား နဲ့ Pixel Density (PPI) တို့အပေါ်  မူတည်မှာဖြစ်တယ်လို့ သိရပါတယ်။

                Messenger ထဲမှာ ကြော်ငြာတွေပြမယ့်ပုံစံကို အောက်ပါဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။



                ယခု Ads Feature ကို စမ်းသပ်ပြီး နောက်တစ်လလောက်အကြာမှာ၊ တစ်ကမ္ဘာလုံးက ကြော်ငြာရှင်တွေအတွက် ထုတ်ပေးသွားမှာဖြစ်ပြီး၊ ကြော်ငြာရှင်တွေအနေနဲ့ ဒီကြော်ငြာတွေကို ကျနော်တို့ အရင်အတိုင်း Facebook မှာ ကြော်ငြာထည့်နေကြပုံစံအတိုင်း Ads Manager ဒါမှမဟုတ် Power Editor ကနေ ဝယ်ယူထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

                လောလောဆည် Facebook အနေနဲ့ သူ့ App ထဲမှာမဟုတ်ဘဲ၊ သူတို့ပိုင်တဲ့ Instagram ရယ်၊ Facebook Pixel နဲ့ ချိတ်ဆက်ထားတဲ့ Audience Network ( တခြားပြင်ပ Websites နဲ့ Apps  ) တွေရယ်မှာပါ ကြော်ငြာတွေ ပြနေတာကြောင့်၊ အခု Messenger နဲ့ဆို Facebook Main App အပါအဝင် စုစုပေါင်း ကြော်ငြာပလက်ဖောင်း လေးခုတိတိ ရှိလာမှာဖြစ်ပါတယ်။

                ယခု Feature ကို ကျနော်တို့ ကိုယ်ပိုင်အမြင်ရ ပြောရရင်တော့ လုံးဝမကြိုက်ပါဘူး။ User တွေအနေနဲ့ ကိုယ့်ဘာသာ သူငယ်ချင်း၊မိတ်ဆွေတွေနဲ့ အေးအေးလူလူစကားပြောဖို့နေရာမှာ ကြော်ငြာတွေမြင်လာရတာက တော်တော်စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ ဒါပေမယ့်လည်း မကြိုက်ဘူးလို့ ပြောနိုင်ရုံမှတပါး ဘာမှလုပ်လို့ ရမှာတော့ မဟုတ်ပါဘူး။

                Messenger Lite မှာကော ကြော်ငြာပါလာဖို့ ရှိလားဆိုတာကိုလည်း မသိရသေးပါဘူး။

References
Facebook Business Tech Crunch
About Author
Assinged Tags
Facebook Messenger Facebook Messenger Social Media Ads Messenger Ads
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed