Web Tracker နဲ့ ကြော်ငြာတွေကို အလိုအလျောက်ပိတ်ပစ်နိုင်တဲ့ Firefox Focus Browser ကို Android မှာ စတင်ရရှိ

date_range 21 June 2017

Web Tracker နဲ့ ကြော်ငြာတွေကို အလိုအလျောက်ပိတ်ပစ်နိုင်တဲ့ Firefox Focus Browser ကို Android မှာ စတင်ရရှိ

visibility 540 Views

                Mozilla ဟာ Ad-Blocker တပါတည်းပါဝင်လာပြီး၊ လုံခြုံရေးအသားပေး Mobile Browser တစ်ခုဖြစ်တဲ့ “Firefox Focus” ကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှာ iOS အတွက် စတင်ထုတ်ပေးခဲ့ပြီး၊ ယနေ့မှာတော့ Android အတွက်ပါ ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

                Android အတွက် Firefox Focus မှာ iOS version ကလိုပဲ ကျနော်တို့ရဲ့ အင်တာနက်အသုံးပြုမှုကို မှတ်သားထားနိုင်လောက်တဲ့ Web Tracker တွေကို အလိုအလျောက် ပိတ်ပေးမှာဖြစ်ပြီး၊ User ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ကြော်ငြာတွေကိုလည်း အလိုအလျောက် ပိတ်ပေးမှာဖြစ်ပါတယ်။

                ဒီလိုမျိုး Ad-trackers တွေ၊ Website Ads တွေကို ပိတ်ပစ်လိုက်တာကြောင့် Firefox Focus ကနေ Website တွေ ဝင်ကြည့်မယ်ဆိုရင် Website Loading Time သိသိသာသာ မြန်ဆန်လာတာ တွေ့ရမှာဖြစ်ပြီး၊ အင်တာနက်ဒေတာ အသုံးပြုမှုလည်း အနည်းငယ်နည်းပါးသွားတာကို တွေ့ရမှာပါ။ ဒီ့အပြင် User တွေအနေနဲ့ အင်တာနက်အသုံးပြုပြီးတဲ့အခါ ကိုယ့်ရဲ့ Browsing History ၊ Passwords နဲ့ Cookies တွေကို အောက်မှာ ပေါ်နေတဲ့ အမှိုက်ပုံးပုံလေးကို နှိပ်လိုက်တာနဲ့ အလွယ်တကူမြန်ဆန်စွာ Delete လုပ်ပစ်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ မနှိပ်လိုက်မိဘူးဆိုရင်လည်း Back လုပ်လိုက်တာနဲ့ Browsing History ကို Auto-delete လုပ်ပေးမှာပါ။

                Firefox Focus မှာ Default Search Engine က Yahoo ဖြစ်နေပေမယ့်၊ Settings ထဲမှာ Google ဖြစ်ဖြစ် ကိုယ့်စိတ်ကြိုက် Search Engine ကို ပြန်ပြောင်းထားနိုင်ပါတယ်။


                iOS Version မှာ မပါဝင်တဲ့ Features တွေအနေနဲ့ Web Trackers ဘယ်လောက်ကို Block လုပ်ထားပြီးပြီဆိုတဲ့ အရေအတွက်ပြသမှု၊ Settings ကနေ Tracker Blocker ကို အဖွင့်အပိတ် လုပ်နိုင်မှုတို့ ပါဝင်လာပါတယ်။ ဒီ့အပြင် iOS တုန်းက Firefox Focus ကို Default Browser အဖြစ် သတ်မှတ်ထားလို့ မရပေမယ့်၊ Android မှာတော့ သတ်မှတ်ပေးထားနိုင်ပါတယ်။

                Firefox Focus ဟာ Privacy ဦးစားပေးဖြစ်ပြီး၊ User တွေအနေနဲ့ ကြော်ငြာတွေကြောင့် အာရုံနောက်စရာမလိုအောင် သီးသန့်လုပ်ပေးထားတဲ့ Browser ဖြစ်တာကြောင့်၊ Browser ကြီးတွေလို Feature အစုံအလင်တော့ ပါမှမဟုတ်သလို၊ နောက်ထပ် Tab တစ်ခုတောင် ထပ်ဖွင့်လို့ ရမှာမဟုတ်ပါဘူး။ UI ကလည်း အရိုးရှင်းဆုံးပုံစံနဲ့ ပါပဲ။


                စမ်းသပ်အသုံးပြုကြည့်သလောက်ကတော့ ကြော်ငြာတော်တော်များများကို ချက်ချင်းပိတ်မပစ်နိုင်ဘဲ၊ Website ထဲရောက်ပြီး Blocker ကို အဖွင့်အပိတ်ပြန်လုပ်ပေးလိုက်မှ ကြော်ငြာတွေ ပိတ်ပစ်နိုင်တာ တွေ့ရပါတယ်။ Speed ကတော့ တော်တော်မြန်ပြီး၊ Privacy အတွက် ခေါင်းရှုပ်မခံချင်ရင် အသုံးပြုသင့်တဲ့ Mobile Browser တစ်ခုဖြစ်ပါတယ်။


References
The Verge
About Author
Assinged Tags
Browser History Security Browser Firefox Privacy Firefox Focus Mobile Browser Ad-Blocker Web Trackers
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed