သက်တော်ရှည် PlayStation 3 ဂိမ်းစက်တွေရဲ့ နေဝင်ချိန်

date_range 31 May 2017

သက်တော်ရှည် PlayStation 3 ဂိမ်းစက်တွေရဲ့ နေဝင်ချိန်

visibility 1000 Views

                နောက်ဆုံးမှာတော့ ဂျပန်နိုင်ငံမှာ Sony က PlayStation 3 ဂိမ်းစက်တွေကို အရောင်းဆိုင်တွေဆီ ဖြန့်ချိပေးနေရာက ရပ်နားလိုက်ပြီလို့ သိရပါတယ်။

                ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက 500 GB standard model PlayStation 3 ဂိမ်းစက်တွေကို နိုင်ငံအတွင်းမှာ ထုတ်လုပ်တာကို ရပ်နားလိုက်တဲ့သတင်းတွေကို ကြားခဲ့ရအပြီး အခုတစ်ကြိမ် PlayStation Japan ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ သတင်းအရဆိုရင်တော့ နောက်ဆုံးကျန်ရှိနေတဲ့ PlayStation 3 ဂိမ်းစက်တွေအားလုံးကို အရောင်းဆိုင်တွေဆီ ပို့လိုက်ပြီလို့ ဆိုပါတယ်။

                လွန်ခဲ့တဲ့ ၁၁ နှစ်က စတင်ထုတ်လုပ်ခဲ့တဲ့ PlayStation 3 ဂိမ်းစက်တွေကို ဂျပန်နိုင်ငံမှာ ဆက်လက်ထုတ်လုပ်ခြင်း မရှိတော့ပေမယ့် ဂိမ်းစက်အသစ်တွေကို ဝယ်ယူချင်သေးတယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာရှိတဲ့ အခြားနိုင်ငံတွေမှာ ဆက်လက်ထုတ်လုပ်နေဆဲပဲ ဖြစ်ပါတယ်။

                ၇ နှစ်တာ ကာလအတွင်းမှာတင် အလုံးရေပေါင်း သန်း ၇၀ ကျော် ရောင်းချခဲ့ရတဲ့ PlayStation 3 ဟာ အများက အသိအမှတ်ပြုခံခဲ့ရတဲ့ console ဂိမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အခုလို အောင်မြင်မှုတွေရခဲ့ပေမယ့် အစောပိုင်းနေ့ရက်တွေမှာ PlayStation 3 ရဲ့ အဖွင့်ကတော့ သိပ်မလှခဲ့ပါဘူး။ အရောင်းသွက်တဲ့ PlayStation 2 ဂိမ်းစက်တွေနဲ့ Sony က ဈေးကွက်ကိုကြီးစိုးထားတဲ့အချိန်မှာပဲ PlayStation 3 အနေနဲ့ အဲဒီအချိန်က များတယ်လို့ ပြောလို့ရတဲ့ ဈေးနှုန်းဖြစ်တဲ့ ၄၉၉ ဒေါ်လာနဲ့ ပွဲထွက်လာခဲ့တာပါ။ ဒီအချက်ကို ပရိတ်သတ်တွေ သဘောမကျတာကို သိတဲ့ ထုတ်လုပ်သူတွေက Uncharted, Heavy Rain, The Last of Us နဲ့ Metal Gear Solid တို့လိုမျိုး exclusive ဂိမ်းတွေနဲ့ ဆွဲဆောင်နိုင်ခဲ့လို့သာ Sony အဖို့ စားသာခဲ့တာပါ။ 

                အခုလို ကမ္ဘာ့အရှေ့ပိုင်းမှာ သက်တော်ရှည်ဂိမ်းစက်ဖြစ်တဲ့ PlayStation 3 နေဝင်သွားခဲ့တာဟာ အခြားနေရာတွေမှာရှိတဲ့ PlayStation 3 ဂိမ်းစက်တွေ အတွက်လည်း ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး။

                ဒီသတင်းရဲ့ အရင်ကလည်း Sony က သူ့ရဲ့ PlayStation Now ဝန်ဆောင်မှုကို PlayStation 4 နဲ့ PC အတွက်ပဲ သီးသန့် ထားရှိတော့မယ်လို့ ကြေညာထားခဲ့ပါတယ်။ (PlayStation Now ဆိုတာကတော့ PS3 ဂိမ်းတွေကို PS4, PS Vita နဲ့ PS TV တွေမှာ ခေတ္တ ငှားရမ်းပြီးဖြစ်စေ ပုံမှန်ကြေးပေးသွင်းပြီးဖြစ်စေ ကစားနိုင်မယ့် Sony ရဲ့ Cloud Gaming ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်)

                ကစားသူ အနည်းစုက အခုလို တန်ဖိုးကြီးတဲ့ ဝန်ဆောင်မှုမျိုးကို ဆုံးရှုံးလိုက်ရလို့ စိတ်မချမ်းမသာဖြစ်နေချိန်မှာ PlayStation 3 ဂိမ်းစက်ပိုင်ရှင်အများစုကတော့ PlayStation Plus က အခမဲ့ ဂိမ်းတွေနဲ့ PlayStation Store က content အသစ်တွေကို ဒေါင်းလုဒ်ရယူပြီး ဟန်ကျနေဆဲပဲလို့ သိရပါတယ်။ Sony က အခုလို PlayStation 3 console တွေကို လက်စသတ်နေပြီဖြစ်တဲ့အတွက် ကစားသူတွေအနေနဲ့ အထက်မှာ ဖေါ်ပြခဲ့တဲ့ ဝန်ဆောင်မှုတွေကိုလည်း အချိန်ကြာကြာ အသုံးပြုလို့ မရတော့မယ့်ပုံမှာ ရှိပါတယ်။

This Article is Contributed by Min Hein Kyaw
References
Engadget
About Author
Assinged Tags
Gaming News Playstation 3 Sony PlayStation Consoles PlayStation Now
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed