EMUI Skin အတွက် Huawei မှ ခေါ်ယူထားတဲ့ Apple ဒီဇိုင်နာဟောင်း ကုမ္ပဏီမှ ထွက်ခွာ

date_range 19 May 2017

EMUI Skin အတွက် Huawei မှ ခေါ်ယူထားတဲ့ Apple ဒီဇိုင်နာဟောင်း ကုမ္ပဏီမှ ထွက်ခွာ

visibility 2200 Views

                ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှာ Huawei ကုမ္ပဏီဟာ iPhone နဲ့ တခြား Apple Products တွေက User Interface ဒီဇိုင်းကို ကူညီရေးဆွဲပေးခဲ့သူတစ်ယောက်ဖြစ်တဲ့ Abigail Brody ကို ခေါ်ယူလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

                အခု ၂ နှစ်နီးပါးအကြာမှာတော့၊ Brody ဟာ Huawei ကုမ္ပဏီကနေ နှုတ်ထွက်သွားပြီဖြစ်ကြောင်း သတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။

                The Information သတင်းဌာနရဲ့ ဖော်ပြချက်အရ၊ Brody ဟာ “ပုဂ္ဂိုလ်ရေးအကြောင်းပြချက်” နဲ့ Huawei ကနေ ထွက်ခွာခဲ့တာဖြစ်ကြောင်း သူမကိုယ်တိုင် အတည်ပြုပြောကြားထားတယ်လို့ သိရပါတယ်။

                Huawei ကုမ္ပဏီဟာ ၂၀၁၅ ခုနှစ်မှာ Brody ကို ခေါ်ယူခဲ့စဉ်တုန်းက ကမ္ဘာ့စမတ်ဖုန်းစျေးကွက်မှာ ယှဥ်ပြိုင်နိုင်ဖို့အတွက် Huawei ဖုန်းတွေက EMUI Skin ကို User Interface ပိုမိုကောင်းမွန်အောင် ပြင်ဆင်ဖို့ ခေါ်ယူခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

                ဒါပေမယ့် The Information ရဲ့ ဖော်ပြချက်အရ Brody ရဲ့ EMUI ပြောင်းလဲမယ့် အိုင်ဒီယာတွေဟာ Huawei ကုမ္ပဏီတွင်းမှာ ထောက်ခံမှုသိပ်မရခဲ့ဘဲ၊ Brody တစ်ယောက် ကုမ္ပဏီနဲ့ အံမဝင်ခွင်မကျဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ ဒီ့အပြင် Huawei ရုံးစိုက်ရာ တရုတ်နိုင်ငံနဲ့ Brody နေတဲ့ San Francisco မြို့တို့က အလှမ်းကွာဝေးလွန်းပြီး၊ Brody ရဲ့ အိုင်ဒီယာတွေကို ကုမ္ပဏီအကြီးပိုင်းအရာရှိတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ခက်ခဲနေတာကလည်း နှစ်ဖက်အဆင်မပြေဖြစ်ရတဲ့အချက်တွေထဲမှာ ပါဝင်နိုင်ပါတယ်။

                Huawei ဟာ Brody ရောက်ပြီး၊ နောက်တစ်နှစ် ၂၀၁၆ ခုနှစ်မှာ EMUI 5.0 အသစ်ကို ထုတ်ပေးခဲ့ပေမယ့်၊ ဒီ UI မှာ Brody ရဲ့ အခန်းကဏ္ဍဘယ်လောက်ပါဝင်လည်းတော့ မသိရပါဘူး။

                Apple ဒီဇိုင်နာဟောင်းတစ်ယောက်ဖြစ်တဲ့ Abigali Brody တစ်ယောက် Huawei ကနေ ပြန်ထွက်ခွာခဲ့ခြင်းက Huawei လိုမျိုး တရုတ်နိုင်ငံအခြေစိုက်စမတ်ဖုန်းကုမ္ပဏီတွေအနေနဲ့ ထိပ်တန်း US ပညာရှင်တစ်ယောက်ကို ခေါ်ယူအသုံးချနိုင်ဖို့ ခက်ခဲနေသေးတဲ့ လက္ခဏာပါပဲ။

References
Android Authority
About Author
Assinged Tags
Huawei EMUI news
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed