"အချိန်ကို တိုင်းထွာနိုင်တဲ့ အခြေခံအတိုင်းအထွာ ယူနစ်သစ်တစ်ခုကို တီထွင်နိုင်ခဲ့ပြီ" လို့ ကြေငြာလိုက်တဲ့ Facebook

date_range 23 January 2018

"အချိန်ကို တိုင်းထွာနိုင်တဲ့ အခြေခံအတိုင်းအထွာ ယူနစ်သစ်တစ်ခုကို တီထွင်နိုင်ခဲ့ပြီ" လို့ ကြေငြာလိုက်တဲ့ Facebook

visibility 1340 Views

                ခေါင်းစဉ်ဖတ်လိုက်လို့ ကြောင်မသွားပါနဲ့။ တကယ်ကြီးကို Facebook ရဲ့ အင်ဂျင်နီယာတွေက အချိန်ကို တိုင်းထွာနိုင်တဲ့ အခြေခံအတိုင်းအထွာ ယူနစ်သစ်တစ်ခုကို တီထွင်နိုင်ခဲ့တာပါ။ လူသားတွေ အခုလက်ရှိ အချိန်ကို တိုင်းထွာနေတဲ့ ယူနစ်တွေဖြစ်တဲ့ နာရီ၊ မိနစ်၊ စက္ကန့်တို့လို့ပဲ Facebook က တီထွင်လိုက်တဲ့ အချိန်ယူနစ်သစ်ကလည်း အချိန်ကို တိုင်းထွာပေးမှာ ဖြစ်ပါတယ်။

                ဒီ ယူနစ်သစ်ကိုတော့ Facebook က “Flicks” လို့ နာမည်ပေးထားပါတယ်။ လက်ရှိမှာ အသေးငယ်ဆုံး အချိန်တိုင်းထွာတဲ့ ယူနစ်က “nanosecond” ပဲ ဖြစ်ပါတယ်။ Facebook ရဲ့ “Flicks” ကတော့ “nanosecond” ထက်ကြီးတဲ့ ယူနစ်ဖြစ်ပြီး “second” ထက် သေးငယ်မှာ ဖြစ်ပါတယ်။ 

                ကိန်းဂဏန်းနဲ့ဆိုရင် “nanosecond” က ၁/၁,၀၀၀,၀၀၀,၀၀၀ တစ်စက္ကန့်ရဲ့ သန်းတစ်ထောင်ပုံ တစ်ပုံ ရှိမှာဖြစ်ပြီး “Flicks” ကတော့ ၁/၇၀၅,၆၀၀,၀၀၀ ရှိမှာ ဖြစ်ပါတယ်။ ဒီတော့ တွက်ကြည့်မယ်ဆိုရင် 1 Flick မှာ 1.41723345 nanoseconds ရှိမှာ ဖြစ်ပါတယ်။ အပြည့်အစုံ လေ့လာချင်တယ် ဆိုရင်တော့ GitHub မှာ သွားလေ့လာနိုင်ပါတယ်။

                ဟုတ်ပါပြီ။ Facebook ကတော့ အချိန်အတိုင်းအထွာ ယူနစ်သစ်တစ်ကို တီထွင်လိုက်ပြီ။ “ဒီယူနစ်သစ်ကို ဘာအတွက် သုံးမှာလဲ?” လို့ မေးစရာ ရှိလာပါပြီ။ Facebook အဆိုအရ “Flicks” ယူနစ်ဟာ 24hz, 25hz, 30hz, 48hz, 60hz, 90hz, 100hz, 120hz စတဲ့ Video Frame Rates တွေမှာ Video Frame တစ်ခုခြင်းစီရဲ့ Frame Duration ကို တိုင်းထွာပေးနိုင်မယ်လို့ သိရပါတယ်။

                ဘာအတွက် သုံးမှာလဲတော့ သိရပြီ။ "ဘာကြောင့် လိုအပ်တာလဲ?" ဆိုတာကိုလည်း သိဖို့လိုပါတယ်။ Programmer တွေ အနေနဲ့ Frame Syncing လုပ်ဖို့အတွက် C++ မှာ ပါဝင်တဲ့ Built-In Tools တွေကို အသုံးပြုကြရပါတယ်။ ဒါပေမယ့် ခက်တာက တစ်ချို့ Frame Rates တွေကို nanosecond နဲ့ အညီအမျှခွဲလို့ မရပါဘူး။ ပြောရရင် ဒဿမကိန်းပဲ ထွက်လာတယ်ပေါ့။ 

                ဒါကြောင့် CGI သမားတွေ၊ Video Editing သမားတွေနဲ့ Programmer တွေအတွက် Frame Syncing လုပ်တဲ့အခါမှာ ကြိုက်တဲ့ Frame Rate လာခဲ့၊ “Flicks” ယူနစ်ကို အသုံးပြုပြီး အညီအမျှခွဲလို့ ရသွားမယ်လို့ Facebook က ဆိုပါတယ်။ နောက်ပြီး “Flicks” ဆိုတဲ့နာမည်ကလည်း ပေးချင်တိုင်းပေးထားတာ မဟုတ်ပါဘူး။ “Frame-Tick” ဆိုတဲ့ စကားလုံးကိုပေါင်းပြီး “Flicks” ဆိုတဲ့ နာမည် ဖြစ်လာတာလို့ သိရပါတယ်။

                Facebook ကတော့ တီထွင်လိုက်တဲ့ အချိန်ယူနစ်သစ်က တကယ်ကို အထောက်အပံ့ပေးနိုင်မယ်လို့ ဆိုထားပေမယ့် The Verge က Video ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများကတော့ “သီအိုရီအရဆိုရင်တော့ အဆင်ပြေနိုင်တယ်၊ ဒါပေမယ့် တကယ့်လက်တွေ့မှာ အဆင်ပြေ၊ မပြေ ဆိုတာကတော့ ပြောလို့မရသေးဘူး” လို့ ပြောထားပါတယ်။

References
The Verge
About Author
Assinged Tags
Facebook Video Frame Rate Flicks Time Unit
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed