Spying Device များ ဖြစ်လာနိုင်တာကြောင့် ကလေးများအတွက် ထုတ်လုပ်ထားသည့် Smartwatch များအား အသုံးမပြုကြရန် ဂျာမန် အစိုးရ တားမြစ်

date_range 22 November 2017

Spying Device များ ဖြစ်လာနိုင်တာကြောင့် ကလေးများအတွက် ထုတ်လုပ်ထားသည့် Smartwatch များအား အသုံးမပြုကြရန် ဂျာမန် အစိုးရ တားမြစ်

visibility 580 Views

                ကလေးတွေ အတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ Smartwatch တွေကို လုံးဝ အသုံးမပြုကြဖို့ ဂျာမနီနိုင်ငံရဲ့ Federal Network Agency (FNA) က တားမြစ်လိုက်ပါတယ်။ ကလေးတွေ သုံးတဲ့ Smartwatch တွေကို မသမာတဲ့ ရည်ရွယ်ချက်နဲ့ Spying Device တွေ အဖြစ် အသုံးပြုနိုင်တာကြောင့် အခုလို ပိတ်ပင်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

                အသက် (၅) နှစ် ကနေ (၁၂) နှစ် အတွင်း ကလေးတွေကို ရည်ရွယ်ထုတ်လုပ်ထားတဲ့ Smartwatch တွေရဲ့ Microphone က ဖမ်းယူတဲ့ အသံတွေကို တစ်စုံတစ်ယောက်က ခိုးယူနားထောင်နေနိုင်မှာ ဖြစ်ပြီး၊ မိဘတွေကိုလည်း ၎င်းတို့ ကလေးတွေအတွက် Smartwatch ဝယ်ထားပြီးသား ဖြစ်နေရင် ဖျက်ဆီး ပစ်ဖို့တောင် ညွှန်ကြားထားပါတယ်။ နာရီကို ဖျက်ဆီးနေတာကို ဓာတ်ပုံ/ဗီဒီယို ရိုက်ကူးပြီး Online ပေါ် တင်ဖို့လည်း တောင်းဆိုထားပါတယ်။ အဲ့လို ဖျက်ဆီးလိုက်ပြီ ဆိုရင်တော့ FNA က “Certificate of Destruction” ကို ပေးအပ်သွားမယ်လို့ ဆိုပါတယ်။ (နည်းနည်းတော့ ထူးဆန်းပါတယ်။)

“App တစ်ခု သုံးလိုက်ရုံနဲ့တင် ကလေး တစ်ယောက်ရဲ့ ပတ်ဝန်းကျင်က အသံတွေကို မိဘတွေက အခြားတစ်နေရာကနေ တိတ်တဆိတ် နားထောင်နိုင်ပါတယ်၊ ဒီလို လုပ်ဆောင်မှုမျိုးဟာ ခွင့်ပြုချက် မရှိဘဲ အသံဖမ်းယူမှု အဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။”

လို့ FNA ရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ Jochen Homann က BBC ကို ပြောကြားခဲ့ပါတယ်။

                Smartwatch တွေဟာ ကလေးငယ်တွေ တင်မဟုတ်ဘဲ အခြား ဘယ်သူ့ကိုမဆို လျှို့ဝှက် ထောက်လှမ်း နေနိုင်ပါတယ်။ စာသင်ခန်းထဲက ဆရာ၊ ဆရာမ တွေရဲ့ အသံကို မိဘတွေက တတ်တဆိတ် နားထောင်လေ့ ရှိတယ် ဆိုတာကိုလည်း စုံးစမ်းတွေ့ရှိခဲ့ပါတယ်။ ခွင့်ပြုချက် မရှိဘဲ အသံဖမ်းယူတာဟာ ဂျာမနီမှာ ပြစ်မှု မြောက်ပါတယ်။ ကလေးတစ်ယောက်ရဲ့ Smartwatch ကနေ ဒီလို ခိုးယူနားထောင်နေတာဟာ ကျောင်းဆရာ တွေရဲ့ Privacy ကို ချိုးဖောက်ရာလည်း ရောက်တာကြောင့် ဆရာတွေ အနေနဲ့ ကျောင်းသားတွေရဲ့ Smartwatch တွေကို သတိထားဖို့ ညွှန်ကြားခဲ့ပါတယ်။

                အရွယ်ရောက်ပြီးသူတွေ အတွက် အဓိက ထုတ်လုပ်ထားတဲ့ Apple Watch လို Smartwatch တွေကိုတော့ ဂျာမနီမှာ ပိတ်ပင်ထားခြင်း မရှိပါဘူး။ ကလေးတွေ သုံးတဲ့ Smartwatch တွေကသာ Baby Monitor လိုမျိုး အချိန်မရွေး စောင့်ကြည့်လို့ ရနေတဲ့ Feature တွေ ပါနေတာကြောင့် ပြဿနာ ဖြစ်နေရတာပါ။

                Smartwatch/Wearable တွေ ခေတ်စားလာတာနဲ့ အမျှ ကလေးငယ်တွေ အသုံးပြုတဲ့ Device တွေနဲ့ ပက်သက်ပြီး Privacy ချိုးဖောက်မှုတွေကို စိုးရိမ်မှု မြင့်တက်လာနေတာ ဖြစ်ပါတယ်။ အောက်တိုဘာလ တုန်းကလည်း ဥရောပမှ စောင့်ကြည့်လေ့လာရေး အဖွဲ့ တစ်ခု ဖြစ်တဲ့ Norwegian Consumer Council (NCC) က GPS-enabled Device တွေရဲ့ လုံခြုံရေးနဲ့ ပက်သက်လို့ ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။ မိဘတွေက ကိုယ့်ကလေး ဘယ်ရောက်ပြီး ဘာတွေလုပ်နေလဲ ဆိုတာ ထောက်လှမ်းနိုင်တာ မှန်ပေမယ့် အခြား မသမာသူတွေကလည်း အလွယ်တကူ Hack လုပ်ပြီး ကလေးတွေကို အန္တရာယ်ပေးလာနိုင်တာကို သတိပြုဖို့ ပြောကြားခဲ့ပါတယ်။

“ဒီလို သတိပေးချက်တွေမှာ ဖော်ပြထားတဲ့ အားနည်းချက်တွေကို မပြင်ဆင်ရသေးတာကြောင့် မိမိ ကလေးတွေကို လုံခြုံမှု ရှိစေချင်တဲ့ မိဘတိုင်းဟာ Smartwatch တွေ မဝယ်ခင် သေသေချာချာ စဉ်းစားဖို့ လိုပါတယ်”

လို့ NCC က ရေးသားခဲ့ပါတယ်။

                NCC ရဲ့ Report မှာ ကလေးသုံး Smartwatch Brand တချို့ ဖြစ်တဲ့  Gator 2, Tinitell, Viksfjord နဲ့ Xplora တို့ကိုသာ သတိပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက် ဂျာမနီ FNA ကတော့ ကလေးတွေ သုံးတဲ့ Smartwatch မှန်သမျှကို တားမြစ် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ ဂျာမနီမှာ Consumer Device တစ်ခုကို ဖျက်ဆီးပစ်ဖို့ ညွှန်ကြားတာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ဖေဖော်ဝါရီလ တုန်းကလည်း Built-in Microphone နဲ့ Bluetooth စနစ် ပါဝင်တဲ့ My Friend Cayla ဆိုတဲ့ ကလေး အရုပ်ကို Privacy ပြဿနာ တချို့ကြောင့် ဖျက်ဆီးပစ်ဖို့ ညွှန်ကြားခဲ့ပါသေးတယ်။

                အခုဆိုရင် My Friend Cayla လိုပဲ ကလေးသုံး Smartwatch တွေဟာ ဂျာမနီမှာ တရားမဝင်တဲ့ Spying Device တွေ အဖြစ် သတ်မှတ်ခံလိုက်ရပါပြီ။ Product တွေကို အသုံးမပြုဖို့ တားမြစ်ရုံတင် မဟုတ်ဘဲ၊ ဖျက်ဆီးပစ်ဖို့ပါ တောင်းဆိုတတ်တဲ့ ဂျာမန်အစိုးရ ကြောင့် Smartwatch ကုမ္ပဏီတွေ ပိုပြီး သတိထားရတော့မှာ ဖြစ်ပြီး၊ နောက်ထွက်မယ့် Product တွေမှာ Privacy/Security ပြဿနာတွေ ထပ်မရှိလာဖို့ မျှော်လင့်ရပါတယ်။

References
Tech Crunch Mashable
About Author
Assinged Tags
Gadgets Smartwatch Privacy Wearable Ban Spying Germany
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed