Apple Watch ကို အသုံးပြု၍ သွေးတိုးရောဂါနှင့် Sleep Apnea တို့ကို တိကျစွာရှာဖွေတွေ့ရှိနိုင်ကြောင်း သုတေသနရလဒ်များက ဖော်ပြ

date_range 15 November 2017

Apple Watch ကို အသုံးပြု၍ သွေးတိုးရောဂါနှင့် Sleep Apnea တို့ကို တိကျစွာရှာဖွေတွေ့ရှိနိုင်ကြောင်း သုတေသနရလဒ်များက ဖော်ပြ

visibility 500 Views

                Health Startup တစ်ခုဖြစ်တဲ့ Cardiogram နဲ့ University of California San Francisco (UCSF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ သုတေသနတစ်ခု အရ Apple Watch ကို အသုံးပြုပြီး သွေးတိုးရောဂါ (Hypertension) နဲ့ အိပ်ပျော်နေစဉ် အသက်ရှူရ ခက်ခဲတဲ့ ရောဂါ (Sleep Apnea) တို့ကို ရှာဖွေတွေ့ရှိနိုင်တယ်လို့ သိရပါတယ်။ ဒီ ရလဒ်တွေကို American Heart Association ရဲ့ အစည်းအဝေး တစ်ခုမှာ တင်ပြခဲ့တာ ဖြစ်ပြီး၊ ဒီ ရောဂါတွေ ရှိနေကြောင်းကို Detect လုပ်ရာမှာ သွေးတိုးရောဂါ အတွက် တိကျမှန်ကန်မှု (၈၂%) နဲ့ Sleep Apnea အတွက် တိကျမှန်ကန်မှု (၉၀%) အထိ ရရှိခဲ့ပါတယ်။

                Apple Watch လို နေ့စဉ်သုံး Device တစ်ခုကို အသုံးပြုပြီး လူတစ်ယောက်မှာ သွေးတိုးရောဂါနဲ့ Sleep Apnea တို့ ရှိနေကြောင်းကို သိရှိနိုင်မယ်ဆိုတာက ဆေးပညာအတွက် အများကြီး အထောက်အကူ ပြုနိုင်ပါတယ်။ လက်ရှိအချိန်မှာ ရောဂါ ရှိ၊ မရှိ ကို စစ်ဆေးနိုင်ဖို့ အတွက် ဆရာဝန်နဲ့ သွားရောက် တွေ့ဆုံရလေ့ ရှိပြီး၊ ရောဂါ ရှိနေတာကို မသိခင် သွေးပေါင် အရမ်းတက်လာတဲ့အခါ အသက်အန္တရာယ် ပါ ရှိနိုင်ပါတယ်။ အိပ်နေတုန်းမှာ အသက်ရှူရခက်တဲ့ လက္ခဏာတွေ ပြတတ်တဲ့ Sleep Apnea ရှိနေကြောင်း သိဖို့ဆို ပိုတောင် ခက်ခဲပါသေးတယ်။

                ဒီလို သုတေသန ပြုလုပ်ရာမှာ လူပေါင်း (၆၁၁၅) ယောက်ကို Apple Watch တွေ ကာလတစ်ခုကြာ ဝတ်ဆင်စေခဲ့ပြီး Cardiogram ဆိုတဲ့ Watch App မှ တဆင့် ၎င်းတို့ရဲ့ နှလုံးခုန်နှုန်း မှတ်တမ်းတွေကို စုဆောင်း လေ့လာခဲ့တာ ဖြစ်ပါတယ်။ Apple Watch ဟာ ဝတ်ဆင်ထားသူရဲ့ နှလုံးခုန်နှုန်းကို မိနစ်ပိုင်းအလိုက် ပုံမှန် တိုင်းတာပေးနေတာ ဖြစ်ပြီး၊ အဲ့ဒီ့ တိုင်းတာမှု ရလဒ်တွေကို DeepHeart ဆိုတဲ့ Deep Learning Algorithm တစ်ခုကို အသုံးပြုပြီး ရောဂါတွေ ရှိနေကြောင်း Detect လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

                သုတေသနမှာ ပါဝင်ကူညီတဲ့ လူ စုစုပေါင်းရဲ့ (၇၀%) က ရရှိတဲ့ နှလုံးခုန်နှုန်း အချက်အလက်တွေနဲ့ DeepHeart ကို ပိုမိုကောင်းမွန်အောင် လေ့ကျင့်ပေးခဲ့ပြီး၊ ရောဂါကို Detect လုပ်နိုင်ခြင်း ရှိ၊ မရှိ ကိုတော့ ကျန်တဲ့ (၃၀%) မှာ စမ်းသပ်ခဲ့တာ ဖြစ်ကြောင်း Cardiogram ရဲ့ Co-founder ဖြစ်တဲ့ Brandon Ballinger က ပြောကြားခဲ့ပါတယ်။ ဒီ သုတေသနမှာ Apple Watch ကိုသာ အသုံးပြုပြီး လေ့လာခဲ့ပေမယ့် နည်းပညာတူ Heart Rate Sensor တွေ ပါဝင်တဲ့ အခြား Wearable/Smartwatch တွေကိုလည်း ရောဂါတွေ Detect လုပ်ဖို့ အသုံးပြုနိုင်မယ် လို့ Co-founder နောက်တစ်ဦး ဖြစ်တဲ့ Johnson Hsieh က ဆိုပါတယ်။

“နှလုံးခုန်နှုန်းကို အမြဲမပြတ် စောင့်ကြည့်နေခြင်း အားဖြင့် ကိုယ့်ကိုယ်ကို သွေးတိုးရောဂါ ရှိမှန်း မသိတဲ့သူတွေကို ရောဂါ ရှိနေကြောင်း အသိပေးနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး သူတို့ကို ပိုမို တိကျတဲ့ ဆေးစစ်ချက်တွေ ပြုလုပ်ဖို့နဲ့ ဆေးကုသမှု ခံယူဖို့ လမ်းညွှန်ပေးနိုင်မှာပါ။”

လို့ Hsieh က TechCrunch ကို ပြောကြားခဲ့ပါတယ်။

                Apple Watch ကို Health/Fitness အတွက် အသားပေး ပြုလုပ်ထားတယ် ဆိုတာ အားလုံး သိပြီးသား ဖြစ်မှာပါ။ စက်တင်ဘာလ တုန်းက မိတ်ဆက်ခဲ့တဲ့ watchOS 4 မှာလည်း နှလုံးခုန်နှုန်း ပုံမှန်ထက် များနေရင် Notification နဲ့ သတိပေးမယ့် Feature တွေ ပါဝင်လာပါတယ်။ Heart Rate app ကိုလည်း အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ခဲ့ပြီး ၎င်းက ရရှိတဲ့ Data တွေကို Stanford University နဲ့ ပူးပေါင်း ပြုလုပ်မယ့် “Apple Heart Study” မှာ အသုံးပြုသွားမယ်လို့ ကြေငြာခဲ့ပါတယ်။ အခု Cardiogram ရဲ့ သွေးတိုးရောဂါနဲ့ Sleep Apnea ကို ရှာဖွေပေးနိုင်မယ့် သုတေသနမျိုးတွေလည်း ရှိလာပြီ ဖြစ်တာကြောင့် မကြာခင်မှာ Apple Watch လို Wearable/Smartwatch တွေဟာ ကျန်းမာရေး အတွက် ဒီ့ထက်ပိုပြီး အကျိုးပြုနိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်။

References
Tech Crunch
About Author
Assinged Tags
Gadgets Wearable Apple Watch Sleep Apnea Hypertension Smartwatch Fitness Tracker
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed