PlayStation 5 ထွက်လာတော့မယ်လို့ Sony အတည်ပြု

date_range 04 July 2017

PlayStation 5 ထွက်လာတော့မယ်လို့ Sony အတည်ပြု

visibility 300 Views

                PlayStation 5 ထွက်လာမှာ သေချာပြီဆိုတဲ့အကြောင်း Sony က အတည်ပြုလိုက်ပါပြီ။ PS4 ရဲ့ အရိုက်အရာကို ဆက်ခံမယ့် PS5 ဟာဆိုရင် ၂၀၁၈ ခုနှစ်ထဲမှာ ထွက်ရှိဖို့ အလားအလာ ရှိနေပါတယ်။

                ဒီအကြောင်းကို Sony က သူတို့အနေနဲ့ PS4 နေရာကို ဆက်ခံမယ့် နောက်ထပ် မျိုးဆက်သစ် Console တစ်ခုကို ဖြန့်ချိသွားမယ်ဆိုပြီး ထုတ်ဖော်ပြောသွားခဲ့တာပါ။ 

                Sony Interactive Entertainment America ရဲ့ CEO ဖြစ်သူ Shawn Layden ကလည်း PS5 ကို ထုတ်လုပ်သွားမယ့်အကြောင်းကို ဂျာမန်ဝက်ဘ်ဆိုက်တစ်ခုနဲ့ အင်တာဗျူးမှာ အတည်ပြုခဲ့ပါတယ်။ သူက PS5 အနေနဲ့ ထွက်ရှိလာတော့မှာဖြစ်ကြောင်းနဲ့ သိရသလောက်တော့ ဖြန့်ချိဖို့ အချိန်တစ်ခုကြာဦးမှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ 

                အဲဒီအကြောင်းကိုပဲ ဂျပန် နည်းပညာကျွမ်းကျင်သုံးသပ်သူ Damian Thong က The Wall Street Journal ကို ပြောပြခဲ့တာမှာတော့ PS5 ကို ခန့်မှန်းခြေ ၂၀၁၈ ရဲ့ ဒုတိယနှစ်ဝက်မှာ ဖြန့်ချိနိုင်တယ်လို့ သိရပါတယ်။ 

                PS4 အနေနဲ့လည်း ဈေးကွက်မှာ ကောင်းကောင်းအလုပ်ဖြစ်နေတဲ့အချိန်၊ နောက် PS4 Pro ကလည်းထွက်ရှိထားတာ သိပ်မကြာခင်မှာပဲ PS5 ကို ထပ်ပြီး ဖြန့်ချိသွားမယ်ဆိုတဲ့သတင်းက သံသယဖြစ်စရာကောင်းပေမယ်လို့ ထောက်ပြစရာ အဓိကအချက် တစ်ခုကလည်း ရှိနေပါသေးတယ်။

                အခုလိုပြောရတာကလည်း PS5 ကို ၂၀၁၈ မှာ ထွက်လာမယ်လို့ ခန့်မှန်းခဲ့တဲ့ Thong ဆိုတာ Sony ရဲ့ PS4 Slim နဲ့ PS4 Pro ထွက်ရှိလာမယ့်အကြောင်းကို ကြိုတင်ခန့်မှန်းနိုင်ခဲ့တဲ့သူတစ်ယောက် ဖြစ်တာကြောင့်ပါ။ အဲဒီ Console နှစ်ခုကို Sony က တရားဝင် မကြေညာခင် လပိုင်းအလိုကတည်းက သူက ခန့်မှန်းထားခဲ့တာ ဖြစ်ပါတယ်။

                ကောလဟလတွေအရလည်း Sony က PS5 ကို ထုတ်မယ့်အစား အဲဒါနဲ့ အလားသဏ္ဍာန်တူတဲ့ Model တစ်ခုကို စမတ်ဖုန်းတွေအတွက် ဖြန့်ချိသွားမယ်၊ ပြီးရင် နှစ်တွေအများကြီးကြာမှ တစ်ခါ ကြီးကြီးမားမား ပြောင်းလဲမှုတွေ လုပ်တာထက် နှစ်စဉ် Update လုပ်သွားမယ်လို့လည်း သိရပါသေးတယ်။ 

                ဘယ်လိုပဲ ကောလဟလတွေက ပြောနေပါစေ PS5 ထွက်ရှိလာဖို့အတွက် စောင့်နေကြတဲ့ သူတွေအတွက်လည်း ကြိုပြီးရင်ခုန်ရမယ့် အချက်တချို့လည်း ရှိနေပါသေးတယ်။ 

                အဲဒါတွေကတော့ တကယ်လို့ Sony က PS5 ကို ဖြန့်ချိသွားဖို့ စီစဉ်နေတယ်ဆိုရင်လည်း ပရိတ်သတ်တွေ ကြိုပြီးရင်ခုန်လို့ရအောင် အခုလာမယ့် ဒုတိယနှစ်ဝက်မှာ ကြေညာသွားမယ့်ပုံမှာ ရှိတာကြောင့်ပါ။ နောက်ပြီး Microsoft က Xbox One X ကို စတင်မိတ်ဆက်မယ့် အချိန်တဝိုက်မှာ ကြေညာခဲ့မယ်ဆိုရင်လည်း သူတို့ရဲ့ အဓိက ပြိုင်ဘက်အပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါသေးတယ်။ 

                ၂၀၁၇ ထဲမှာ ကြေညာဖို့ဆိုရင် အဓိက ပွဲကြီးတွေအနေနဲ့ စက်တင်ဘာမှာ ကျင်းပမယ့် Tokyo Game Show နဲ့ ဒီဇင်ဘာမှာ ကျင်းပမယ့် PlayStation Experience ပွဲတွေတော့ ကျန်နေပါသေးတယ်။

                ပုံမှန်ဆိုရင်တော့ console အသစ်တွေကို ဇွန်လမှာ ကျင်းပပြီးစီးခဲ့တဲ့ E3 နဲ့ တခြား သီးသန့်ကျင်းပတဲ့ ပွဲတွေမှာ ကြေညာလေ့ရှိတာပါ။ 

                E3 ပွဲကတော့ PS5 အကြောင်း တစ်စုံတစ်ရာမှ ကြေညာသွားတာမရှိဘဲ ပြီးသွားခဲ့လို့ PS4 နဲ့ PS4 pro သမားတွေအတွက်တော့ စိတ်အေးလက်အေးနဲ့ Upgrade တွေကို စောင့်နိုင်သွားပြီလို့ ပြောရမှာပါ။ 

                PS4 အနေနဲ့ တော်တော်လေး အလုပ်ဖြစ်နေချိန်မှာ Sony အနေနဲ့ PS5 ကို ကြေညာလိုက်တဲ့အတွက် အတော်များများကို အံ့အားသင့်သွားစေခဲ့တာကတော့ အမှန်ပါပဲ။

This Article is Contributed by Min Hein Kyaw
References
DailyStar
About Author
Assinged Tags
Gaming News Sony PlayStation PS4 Consoles PS4 Pro PlayStation 5 Sony PlayStation
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed