ဂိမ်မာတွေ သတိမထားမိတဲ့ PlayStation 2 Loading Screen နောက်ကွယ်က အနက်အဓိပ္ပါယ်



date_range 29 January 2018

ဂိမ်မာတွေ သတိမထားမိတဲ့ PlayStation 2 Loading Screen နောက်ကွယ်က အနက်အဓိပ္ပါယ်



visibility 1320 Views


                Playstation 2 ဂိမ်းကို ဘယ်လောက် Resolution ပေးနိုင်တဲ့ တီဗီမျိုးနဲ့ ဆော့ဆော့ပါ။ ဂိမ်းကိုစဆော့ဖို့အတွက်ဆိုရင် ကျွန်တော့်တို့ဟာ ပါဝါခလုတ်ကို အရင်ဆုံး စဖွင့်ရပါတယ်။ ပါဝါခလုတ်စဖွင့်လိုက်တာနဲ့ တီဖီဖန်သားပြင်မှာ ပထမဦးဆုံးမြင်ကြရတာက Sony Computer Entertainment ဆိုတဲ့စာတန်းပါပဲ။ ဒီစာတမ်းရဲ့ အနောက်မှာတော့ မျိုးမျှော်တိုက်တွေလိုမျိုး 3D အကြည်ရောင်ဘလော့တုံးတွေ အစီအရီ ဖန်သားပြင်ပေါ်မှာ ထိုးထောင်ပြီးတက်တာပါပဲ။ 

                အဲဒီလို အနိမ့်အမြင့် ဘလော့တုံးတွေကြားမှာ အနီ၊ အပြာ၊ အစိမ်း လေဆာတန်းလေးတွေ လှည့်လည်၊ ဝေ့ဝိုက်နေတာကိုပါ တစ်ခါတည်း တွေ့မြင်ရမှာပါ။ အဲဒီအချိန်မှာ ကိုယ်က ဘာဂိမ်းခွေမှ မထည့်ထားဘူးဆိုရင် အပြာရောင်အကြည်လုံးလေးတွေ စက်ဝိုင်းပုံစံလည်ပတ်နေတဲ့ Setup နဲ့အတူ Browser နဲ့ System Configuration ဆိုပြီး ရွေးချယ်မှုနှစ်ခု ပေးထားတာကို မြင်ရပါလိမ့်မယ်။


                ဒါပေမယ့် PS2 ဂိမ်းခွေလည်းထည့်ထားတယ်၊ အဲဒီဂိမ်းခွေကလည်း အလုပ်လုပ်တယ် ဆိုရင်တော့ အမည်းရောင်နောက်ခံမှာ Playstation 2 ဆိုတဲ့ အဖြူရောင်စာတန်းကြီး ဘွားကနဲ တက်လာပါလိမ့်မယ်။ အဲဒီလိုစာတန်း ပေါ်လာခဲ့တဲ့ အချိန်တိုင်းဟာ ကျွန်တော်တို့လို Playstation 2 ကို သဲကြီးမဲကြီး ဆော့ကစားခဲ့သူတွေအတွက် ကျွမ်းထိုးမတတ် ပျော်ရွှင်ခဲ့ရတဲ့ အခိုက်အတန့်တွေပါပဲ။

                Save မှတ်တဲ့နေရာကို မရောက်ခင် တစ်နေရာရာမှာထစ်ပြီး ဆက်မသွားတော့တာတွေ၊ Loading မှာ တုံ့ဆိုင်းနေတာတွေ၊ စက်ချို့ယွင်းသွားတာမျိုးတွေ၊ ပြီးတော့ ဘော့စ်တွေနဲ့ ရင်ဆိုင်ရတော့မယ့်အချိန်မှာ လျှပ်စစ်မီး ပျက်တောက်သွားတာမျိုးတွေ၊ အဲဒီလိုအချိန်တွေမှာဆိုရင် လက်ရှိဆော့နေတဲ့ဂိမ်းစက်နဲ့ ဂိမ်းခလုတ်ကို ရိုက်ခွဲချင်စိတ်ပေါက်လာတာကို ဂိမ်မာတိုင်းလိုလို ကြုံဖူးမှာပါ။


                

ဒါပေမယ့် အဲဒီလို အနိမ့်အမြင့်ဖြစ်နေတဲ့ 3D အကြည်ရောင်ဘလော့တုံးတွေ Microsoft Windows Startup လိုမျိုး အနီ၊ အပြာ၊ အစိမ်း လေဆာတန်းလေးတွေ လှည့်လည်ဝေဝိုက်နေတဲ့ PS2 Loading Screen ကို Sony က ဖွင့်ဆိုထားတဲ့ အဓိပ္ပါယ်ရှိပါတယ်။ ကျွန်တော်အပါအဝင် များစွာသော ဂိမ်မာများက ဒီလျှို့ဝှက်ချက်ကို သတိမထားမိကြဘူးလို့ ထင်ပါတယ်။ အဲ့ဒီ့ လျှို့ဝှက်ချက်ကို ကျွန်တော် ဒီမှာ ပြောပြသွားမှာပါ။

                အဲဒီလျှို့ဝှက်ချက်ရဲ့ အနက်အဓိပ္ပါယ်က ဘာလဲဆိုတော့ Loading Screen မှာ မိုးမျှော်တိုက်တွေလိုမျိုး ထိုးထောင်ထွက်လာနေတဲ့ 3D ဘလော့တုံးတွေရဲ့ ပမာဏဟာ ကျွန်တော်တို့ဆော့ထားတဲ့ ဂိမ်းတွေရဲ့ သက်တမ်းအပေါ်မှာ မူတည်နေပြီး ဘလော့တုံးတွေရဲ့ ပြသချိန်ကြာမြင့်မှုဟာ ကျွန်တော်တို့ မှတ်သားထားတဲ့ ဂိမ်းဖိုင်တွေကို ကိုယ်စားပြုနေတယ် ဆိုတာပါပဲ။ Memory Card ကိုတစ်ခါတည်းထိုးစိုက်ပြီး PS2 ဂိမ်းစက်ပါဝါကို ဖွင့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ ဆော့ထားသမျှဂိမ်းတွေအပေါ်မှာ မူတည်ပြီး အဲဒီ 3D ဘလော့တုံးတွေဟာ ဖန်သားပြင်ပေါ်ကို ထိုးတက်လာမှာပါ။


                ဒါတင်မသေးပါဘူး၊ အဲဒီဘလော့တုံးတွေရဲ့ အနိမ့်အမြင့်ကွာဟချက်ဟာ ကျွန်တော်တို့ဆော့ခဲ့တဲ့ဂိမ်းတွေ ဘယ်လောက်အတိုင်းအတာထိ ရောက်နေပြီ ဆိုတာကိုပါ ဖော်ပြနေတာပါ။ ပြောရမယ်ဆိုရင် ဘလော့တုံးတွေ ရှည်လျားမြင့်မားလေ၊ ကိုယ်ဆော့ထားတဲ့ဂိမ်းတွေက ခရီးအတော်ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။ 

                အဲဒီလို 3D ဘလော့တုံးတွေ ထိုးတက်လာနေတဲ့အချိန်မှာ Memeory Card ကို ရုတ်တရတ်ဖြုတ်လိုက်မယ် ဆိုရင်တော့ အထက်စာပိုဒ်မှာဖော်ပြခဲ့တဲ့အတိုင်း အားလုံးဟိုးအစက Setup ကို ပြန်ရောက်သွားမှာပါ။ တကယ်လို့ PS2 ရှိလို့ စမ်းသပ်ကြည့်ချင်သူများကလည်း စမ်းသပ်ကြည့်နိုင်သလို အဲဒီစမ်းသပ်ချက်ဟာ PS2 မှာတင်မကပဲ PS1 Memory Card များမှာလည်း အကျုံးဝင်တယ်ဆိုတဲ့အကြောင်းကို ဒီကနေတဆင့် အားလုံးသိသွားရအောင် မျှဝေလိုက်ရပါတယ်။

This Article is contributed by Yan.
References
Standard.Co
About Author
Assinged Tags
Sony PlayStation Consoles Sony PlayStation PlayStation 2 Console Game PS2 Loading Screen
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed