ချောက်ချားစရာအကောင်းဆုံး Survival Horror အတွေ့အကြုံတွေကို ပေးစွမ်းသွားမယ့် Visage

date_range 20 September 2017

ချောက်ချားစရာအကောင်းဆုံး Survival Horror အတွေ့အကြုံတွေကို ပေးစွမ်းသွားမယ့် Visage

visibility 340 Views

                ၂၀၁၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Silent Hills ဂိမ်းရဲ့ Playable Teaser ကို အားလုံးမှတ်မိကြမယ်လို့ ထင်ပါတယ်။ သစ်လွင်ဆန်းပြားပြီး သူမတူတဲ့ Survival Horror ဂိမ်းအတွေ့အကြုံတွေကို ပေးစွမ်းခဲ့လို့ Gamer အားလုံး မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်ဆိုင်းခဲ့ရတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ အိမ်ကြီးထဲက ထူးဆန်းတဲ့အဖြစ်အပျက်တွေ၊ ချောက်ချားဖွယ်အတိရှိတဲ့ပတ်ဝန်းကျင်နဲ့ မသတီစရာကောင်းတဲ့ မြင်ကွင်းတွေကို ထပ်ဆင့်ထပ်ဆင့် ပြန်လည်တွေ့မြင်ရတဲ့ပုံစံကြောင့် မိနစ်အနည်းငယ်သာဆော့ရပေမယ့် Gamer တွေ လုံးဝ အကြိုက်တွေ့ခဲ့ပါတယ်။

                ကံမကောင်းစွာနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဂိမ်းကိုဖျက်သိမ်းလိုက်ပေမယ့် ဆန်းပြားတဲ့ Survival Horror ဂိမ်းအသစ်ကိုတောင့်တနေကြတဲ့ Gamer တွေရဲ့ မျှော်လင့်ချက်တွေကတော့ မပျောက်ဆုံးသွားပါဘူး။ အဲဒီမျှော်လင့်ချက်၊ တောင့်တချက်တွေကို ဖြည့်စွက်လိုက်တဲ့အနေနဲ့ အခု Visage ဆိုတဲ့ Survival Horror ဂိမ်းတစ်ခုလာပါပြီ။


                ၂၀၁၇ ဇန်နဝါရီလကထည်းက Trailer နဲ့တကွ Gameplay ဗီဒီယိုထွက်ရှိတဲ့ Visage ဂိမ်းဟာ SadSquare ဂိမ်းဖန်တီးသူများအဖွဲ့က လွတ်လပ်စွာဖန်တီးထားပြီး Unreal အင်ဂျင်ကိုအသုံးပြုထားတဲ့ First-Person Survival Horror ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Silent Hills ဂိမ်းရဲ့နေရာမှာ ဖြည့်စွက်အစားထိုးသွားမယ့် Visage ဂိမ်းက ဒါဆိုဘယ်လိုမျိုးလဲ? သိသင့်သိထိုက်တဲ့အချက်တွေကို ဒီမှာ တစ်ချက်ကြည့်လိုက်ရအောင်။



လျှို့ဝှက်တဲ့အတိတ်သမိုင်းကြောင်း၊ ဖြစ်ရပ်ဆိုးတွေနဲ့အိမ်ကြီး


                ဂိမ်းကို ၁၉၈၀ တဝိုက်က လူသူကင်းမဲ့တဲ့ မြို့တစ်မြို့မှာရှိတဲ့ အိမ်ကြီးတစ်လုံးထဲမှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီ လူသူမရောက်အပျောက်နည်းလှတဲ့ ၁၉၈၀ ခုနှစ်ဝန်းကျင်ကအိမ်ကြီးထဲမှာ မိသားစုပေါင်း၊ လူပေါင်းများစွာ နေထိုင်ခဲ့ဖူးကြပါတယ်။ ဒါပေမယ့် ရာစုနှစ်အဆက်ဆက် နေထိုင်ခဲ့သူတို့တွေအားလုံးဟာ သွေးပျက်စရာ ဖြစ်ရပ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အသက်ဝိညာဉ်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြလို့ ကျိန်စာသင့်အိမ်ကြီးတစ်လုံး ဖြစ်ခဲ့တာပါ။

                ဘယ်လိုအကြောင်းကြောင်းကြောင့် အဲဒီလို ချောက်ချားစရာအဖြစ်ဆိုးတွေ ဆက်တိုက်ဖြစ်ပေါ်နေလည်းဆိုတာ မသိရပေမယ့်၊ လျှို့ဝှက်နက်နဲလှတဲ့ အတိတ်သမိုင်းကြောင်းတွေက ကိန်းအောင်းတည်ရှိနေပါတယ်။ ဂိမ်းရဲ့ဇာတ်လမ်းက အဲဒီအိမ်ကြီးရဲ့  လျှို့ဝှက်တဲ့ကြောက်မက်ဖွယ်အမှန်တရားကို တဖြည်းဖြည်း တစ်ဆင့်ချင်းရှာဖွေဖော်ထုတ်ရမယ့် အနေအထားမှာရှိနေပါတယ်။

အိမ်ကြီးထဲမှာ ကိန်းအောင်းနေကြတဲ့ မြောက်မြားစွာသောဝိညာဉ်တွေ


                ရာစုနှစ်အဆက်ဆက် လူ့အသက်တွေ ဆုံးရှုံးခဲ့တဲ့အတွက် သေဆုံးသွားခဲ့ကြတဲ့ လူတွေရဲ့ဝိညာဉ်တွေဟာ အဲဒီအိမ်ကြီးထဲမှာ အကြောင်းအမျိုးမျိုးသော အဖြစ်အပျက်ဆိုးတွေနဲ့အတူ တည်ရှိနေပါတယ်။ နာရီလေးတစ်လုံး၊ ထိုင်ခုံလေးတစ်ခုံ၊ ဘောပင်လေးတစ်ချောင်းကနေတဆင့် ဆက်စပ်စူးစမ်းလေ့လာရင်းနဲ့ သူတို့ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်တွေကို မျက်ဝါးထင်ထင်တွေ့မြင်ကြရမှာပါ။ ဒါပေမယ့် အဲလိုဇာတ်လမ်းတွေနဲ့ မကြုံရခင် နာကျည်းချက်အပြည့်နဲ့ ဝိညာဉ်တွေက ဇာတ်လမ်းတစ်လျှောက် ကိုယ့်ကိုဘယ်လိုမျိုး ခြောက်လှန့်သွားမလဲဆိုတာကတော့ Gamerများ ကိုယ်တိုင်ပဲ တွေ့မြင်ခံစားရမှာပါ။

Silent Hills (PT) နဲ့ အသွင်တူတဲ့ ဂိမ်းကစားပုံစံ


                အရာအားလုံးကို စူးစမ်းရမယ်၊ အဲဒီလိုမျိုး အိမ်ကြီးထဲမှာ သွားလာရှာဖွေရင်းနဲ့ ထိတ်လန့်မှုတွေက ဆီးကြိုနေပါတယ်။ ဘယ်လိုအချိန်မှာ ဘယ်လိုမျိုး သွေးပျက်စရာတွေနဲ့ တွေ့မလဲဆိုတာကတော့ လုံးဝအတပ်ပြောလို့မရပါဘူး။ ကိုယ် ကိုင်တွယ်ထိတွေ့လိုက်တဲ့အရာတွေကနေတဆင့် ကွင်းဆက်တွေနဲ့ တကယ့်အဖြစ်အပျက်ကပုံပေါ်လာအောင် ကြိုးစားရမှာပါ။ ဂိမ်းထဲမှာ သေလုဆဲဆဲ ပြေးလွှားတာတွေလည်း ပါမှာဖြစ်သလို၊ ရုတ်တရတ်ခြောက်လှန့်မှုတွေလည်း အမြောက်အမြားကြုံတွေ့ရမှာပါ။


                ဘယ်လိုဇာတ်ကောင်မျိုးကို ကိုင်ပြီးဆော့ရမလဲဆိုတာတော့ အတိအကျ မသိရသေးပေမယ့်၊ လောလောဆည် ကြည့်ရသလောက်တော့ တန်ပြန်တိုက်ခိုက်တာမျိုးအခန်းတွေ မတွေ့ရပါဘူး။ ဂိမ်းထဲမှာ ကျင်လည်ရင်းနဲ့မှ ဂိမ်းကစားပုံစံအသစ်တွေ ထပ်တိုးလာမလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

ဖြန့်ချိမယ့်ရက်နဲ့ ဆော့နိုင်မယ့်ပလက်ဖောင်းတွေ


                ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှာ စတင်ကြေညာခဲ့တဲ့ ဂိမ်းဖြစ်ပေမယ့်လည်း အားလပ်ရက်ရာသီနဲ့ ခံသွားခဲ့တဲ့အတွက် ဂိမ်းဖန်တီးမှုအဆင့်တွေမှာ အချိန်အနည်းငယ်ကြာသွားခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်နှစ်နှစ်လောက်ကြာသွားပြီး၊ ၂၀၁၇ ဇန်နဝါရီလမှာ Alpha Gameplay ဗီဒီယိုတွေ ထွက်ရှိခဲ့ပေမယ့်လည်း တကယ့်ဂိမ်းကတော့ ထွက်ရှိမလာခဲ့ပါဘူး။ ဒါပေမယ့် Visage ဂိမ်းကို ၂၀၁၇ နှစ်ကုန်ပိုင်းမှာ ထွက်ရှိမယ်လို့ သုံးသပ်ကြပြီး ၂၀၁၇ အတွင်းမထွက်ခဲ့ဘူးဆိုရင်တော့ ၂၀၁၈ နှစ်ဆန်းပိုင်းကို ကူးသွားဖို့ အခြေအနေရှိပါတယ်။



                ဂိမ်းပလက်ဖောင်းတွေအနေနဲ့ ဆိုရင်တော့ PC, PS4 နဲ့ Xbox တို့မှာ အသီးသီး ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒီတော့ Survival Horror အတွေ့အကြုံအသစ်တွေကိုမှ ကိုယ်တိုင်ကိုယ်ကျ ခံစားချင်ကြတဲ့ ပရိသတ်တွေကတော့ ဇွဲရှိရှိစောင့်နေမှ ဖြစ်ပါလိမ့်မယ်။ 

                အမိုက်စားဂိမ်းတွေကိုလည်း နောက်ပိုင်းမှာ ညွှန်းပေးသွားမှာမို့လို့ နောက်တစ်ခေါက်မှ ပြန်ဆုံကြပါမယ်လို့ ပြောရင်းနဲ့၊ SadSquare ဂိမ်းဖန်တီးသူများအဖွဲ့ရဲ့ အပြောင်မြောက်ဆုံး လက်ရာသစ်ဖြစ်တဲ့ Visage ဂိမ်းကို စောင့်နေကြပါလို့ ပြောလိုက်ချင်ပါတယ်။

This Article is Contributed by Yan
References
Kotaku IGN Wikia
About Author
Assinged Tags
PS4 PC Games PC Xbox Horror Survival Survival SadSquare
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed