Friday The 13th: The Game Review

date_range 24 August 2017

Friday The 13th: The Game Review

visibility 3280 Views

                ကျွန်တော်တို့ Game Review တွေလည်း မလုပ်ရတာကြာပြီဆိုတော့ အခု Horror Survival Game တစ်ခုအကြောင်းကို Review လုပ်ချင်ပါတယ်။ Friday The 13th လို့ပြောလိုက်တာနဲ့ Horror ဇာတ်ကားကြိုက်နှစ်သက်တဲ့သူတွေအဖို့တော့ မျက်နှာဖုံးကြီးတပ်ပြီး လူလိုက်သတ်တဲ့ Jason ကို ပြေးမြင်ကြမှာပါ။ တကယ်လို့သာ သင်ကိုယ်တိုင် Jason နေရာက၀င်ပြီး Online ကနေ အခြားလူတွေကို လိုက်သတ်ရမယ်၊ ဒါမှမဟုတ် Jason ကြီးရဲ့ ရန်ကနေ လွတ်မြောက်အောင် မိနစ် နှစ်ဆယ်အတွင်း ပြေးဖို့ကြိုးစားရမယ်ဆိုရင်ကော?


                အခုမိတ်ဆက်ပေးမယ့်ဂိမ်းကတော့ Friday The 13th: The Game အကြောင်းပဲဖြစ်ပါတယ်။ Horror Survival Game ဆိုပေမဲ့ လက်ရှိအချိန်မှာတော့ Multiplayer တစ်မျိုးတည်းကစားနိုင်ပြီး Round အလိုက်ကစားရတဲ့ဂိမ်းအမျိုးအစားဖြစ်နေပါတယ်။ ဇာတ်လမ်းလည်းမရှိသလို Player ရှစ်ယောက်ပြည့်တာနဲ့ Round စတင်ပါတယ်။ တစ် Round ကို အချိန် မိနစ် နှစ်ဆယ်ပေးထားပြီး Jason က လိုက်၊ Counselor တွေကလွတ်အောင်ပတ်ပြေး စ တဲ့ လိုက်တမ်း၊ ပြေးတမ်းဆော့ရတဲ့ ဂိမ်းပုံစံမျိုးပါ။

Introduction

                Friday The 13th: The Game ကို IllFonic ကနေ Developed လုပ်ခဲ့ပြီး Gun Media မှ ဖြန့်ချီပေးခဲ့ပါတယ်။ ဒီဂီမ်းကို မေလ ၂၆၊ ၂၀၁၇ ခုနှစ်မှာ မိတ်ဆက်ပေးခဲ့ပြီး Microsoft Windows, PlayStation 4 နဲ့ Xbox One စတဲ့ Platform တွေမှာ ကစားလို့ရအောင် ပြုလုပ်ပေးထားပါတယ်။ 

                ဒီဂိမ်းကို Paramount Pictures ရဲ့ Horror ဇာတ်လမ်းဖြစ်တဲ့ Friday The 13th ကိုအခြေခံပြီးပြုလုပ်ထားတာပဲဖြစ်ပါတယ်။ Friday The 13th နဲ့ ပတ်သက်လို့ ဇာတ်လမ်း ၁၃ ခုထွက်ရှိထားပါတယ်။ 

                အစတုန်းကတော့ Slasher Vol. 1: Summer Camp အမည်နဲ့ Develop လုပ်ဖို့ IllFonic မှရည်ရွယ်ခဲ့ပါတယ်။ ဒါပေမဲ့ Gun Media မှ Friday The 13th ရဲ့ Director တစ်ဦးဖြစ်တဲ့ Sean S. Cunningham ဆီကနေ လိုအပ်တဲ့ License နဲ့ Rights တွေ ရရှိခဲ့တာကြောင့် Slasher Vol. 1: Summer Camp အစား Friday The 13th: The Game အမည်နဲ့ Develop ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

                Friday The 13th: The Game မှာ IllFonic ဟာ အသုံးပြုနေကြ CryEngine ကိုစွန့်ခွာပြီး၊ Unreal Engine 4 ကိုအသုံးပြုထားပါတယ်။

                ဂိမ်းထဲမှာ Map အနေနဲ့ သုံးမျိုးရှိပြီး Packanack, Crystal Lake နဲ့ Higgins Haven စတဲ့ Friday The 13th ဇာတ်လမ်းတွေ အခြေပြုရိုက်ကူးထားတဲ့နေရာတွေကို Map အနေနဲ့ ကစားရမှာဖြစ်ပါတယ်။ Third Person ဂိမ်းအမျိုးအစားဖြစ်ပြီး Map ပေါ်မှာလိုသလို ၀င်ရောက်၊ သွားလာနိုင်တဲ့ Semi-Open World ပုံစံ ပြုလုပ်ထားပါတယ်။

Main Menu & Interface


                အရင်ဦးဆုံး ဂိမ်း စ ၀င်၀င်ချင်းမှာတွေ့ရတဲ့ Main Menu အကြောင်းပြောပါမယ်။ လူသတ်သမား Jason ရဲ့ 3D Model ပုံစံကို ရှုထောင့်မျိုးစုံကနေ ရိုက်ပြထားတဲ့ မြင်ကွင်းနဲ့အတူ Main Menu ကိုပြုလုပ်ထားတာဟာ သေသပ်ပြီး ရိုးရှင်းတယ်လို့ ယူဆမိပါတယ်။ တစ်ချက် တစ်ချက်တော့ Menu တွေကို နှိပ်ရပြုရတာ Lag သွားတာမျိုးရှိပေမဲ့ ဒါဟာအပြစ်ပြောစရာကြီးတစ်ခုရယ်လို့တော့ မသတ်မှတ်ထားပါဘူး။ 

                Main Menu မှာ ရွေးချယ်စရာ ကိုးခုပါ၀င်ပါတယ်။ တစ်ခုချင်းစီကို အသေးစိတ်ရှင်းပြသွားပေးပါမယ်။

                Quick Play – Gameplay Mode တစ်မျိုးဖြစ်ပြီး နှိပ်လိုက်တာနဲ့ ချက်ချင်း Online ပေါ်မှာရှိတဲ့ အခြား Player တွေနဲ့ချိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Ready နှိပ်ပြီး လူရှစ်ယောက်ပြည့်သွားတာဖြစ်ဖြစ်၊ Timer ပြည့်သွားတာပဲဖြစ်ဖြစ် Round စ တင်နိုင်ပါတယ်။ Round တစ်ပွဲ စတင်ဖို့အတွက် အနည်းဆုံး လူနှစ်ယောက်လိုအပ်ပါတယ်။  Map အနေနဲ့တော့ ရွေးချယ်ခွင့် များသောအားဖြင့် မရရှိပါဘူး။ Host ဖြစ်ခွင့်ရမှသာ Map ရွေးချယ်နိုင်မှာဖြစ်ပါတယ်။  တကယ်လို့ သူများထောင်ထားတဲ့ပွဲကို ၀င်ရောက်မိခဲ့ရင်တော့ အဆိုပါ Host ရဲ့ ရွေးချယ်ထားတဲ့ Map မှာပဲ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ 

                Private Match – Gameplay Mode နောက်တစ်မျိုးဖြစ်ပြီး သူငယ်ချင်းတွေနဲ့ပဲ Private ဆော့ကစားလိုတဲ့အခါ တစ်ယောက်က Host လုပ်ပြီး ကျန်တဲ့သူတွေကို Invite လုပ် ဆော့ကစားနိုင်ပါတယ်။ Private Match ဆော့ကစားရင်လည်း Quick Play ကအတိုင်း Experience Point တွေရရှိမှာဖြစ်ပါတယ်။ 

                How To Play – Jason နဲ့ Coulselor နှစ်မျိုးအကြောင်းကို အသေးစိတ်ရှင်းပြပေးထားတာပါ။ Jason အနေနဲ့ ဆော့ကစားရတဲ့အခါ သိသင့်တာတွေ၊ Counselor တွေအနေနဲ့ Jason ကိုဘယ်လိုရှောင်ရှားပြီး အသက်ရှင်ကျန်နေအောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေ အသေးစိတ်ရေးပေးထားပါတယ်။ Tutorial မပါ၀င်တဲ့အတွက် အခုမှ စ တင်ကစားမယ့်သူတွေအတွက် How To Play ကိုအရင်ဖတ်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။

                Customize – Customize မှာ Counselor, Jason နဲ့ Spawn Preference ဆိုပြီး သုံးမျိုးရှိပါတယ်။ 

                Counselor အတွက်ကတော့ Perk တွေ Equip လုပ်တာ၊ Clothes တွေရွေးချယ်တာနဲ့ Counselor တစ်ယောက်ချင်းစီရဲ့ အားနည်းချက်၊ အားသာချက်တွေကိုပါ တစ်ပါတည်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Clothes တွေကိုတော့ Level တက်လာတာနဲ့အမျှ Counselor တစ်ယောက်ချင်းစီအတွက် အင်္ကျီ၊ ဘောင်းဘီ နဲ့ ဖိနပ် စသဖြင့် Unlock ပွင့်သွားမှာပါ။ (Perk အကြောင်းကိုတော့ Counselor အကြောင်းမှာ သပ်သပ်ထပ်ရှင်းပြပေးသွားပါမယ်။) 

                Jason အတွက်ကတော့ Skin ကိုပြောင်းပေးနိုင်တာနဲ့ Grab Kills (လူကိုအရင် ဆွဲမပြီး သတ်တာ) ပုံစံမျိုးစုံကို ရွေးချယ်ပေးနိုင်ပါတယ်။ Grab Kills စတိုင်တွေကိုလည်း Customization Points နဲ့၀ယ်ယူနိုင်ပါတယ်။

                Spawn Preferences မှာတော့ Jason အနေနဲ့ဆော့ချင်တာလား၊ ဒါမှမဟုတ် Counselor အနေနဲ့အများဆုံးဆော့ချင်တာလား ရွေးချယ်နိုင်ပါတယ်။ တစ်ခုသတိထားရမှာက ဒီလိုရွေးချယ်ထားပေမယ့်လည်း များသောအားဖြင့် Random ပဲကျနေတတ်တာမို့ Jason ကိုရွေးချယ်ထားခဲ့ရင် Jason အနေနဲ့ဆော့ရဖို့ ရာခိုင်နှုန်းပိုများတာကလွဲ ဘာမှထူးထူးဆန်းဆန်းကြီးမဟုတ်ပါဘူး။ 

                Progression – Progression Menu ထဲမှာတော့ Badges, Pamela Tapes နဲ့ Achievements စတဲ့ Sub-Menu သုံးမျိုးထပ်ပါ၀င်ပါတယ်။ 

                Badges မှာတော့ Counselor/Jason အနေနဲ့ ဆော့ကစားတဲ့အခါမှာ ပြလုပ်ရမယ့် Task အချို့ကို ဘယ်လောက်များများပြီးမြောက်တယ်ဆိုတာကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ သတ်မှတ်ထားတဲ့ အရေအတွက်အထိ ပြီးမြောက်အောင်လုပ်ဆောင်နိုင်ခဲ့တယ်ဆိုရင် Badge လေးက လင်းနေမှာပါ။ ဥပမာ- ကားပြင်တာ ၁၃ ခါအထိပြုလုပ်ဖူးတယ်ဆိုရင် ကားပုံစံ Icon လေးက လင်းနေမှာဖြစ်ပါတယ်။ 

                Pamela Tapes ဆိုတာကတော့ Friday The 13th အတွက် ဇာတ်လမ်းထဲမှ Plot အချို့နဲ့ အခြား Jason အကြောင်းတွေကို Audio Tapes အနေနဲ့ In-Game မှာ ရှာဖွေတွေ့ရှိနိုင်တဲ့ Item တွေကိုပြောတာပါ။ စားပွဲတွေရဲ့ အံဆွဲတွေနဲ့ အခြားနေရာအချို့မှာလည်း ရှာဖွေတွေ့ရှိနိုင်တယ်လို့ဆိုကြပါတယ်။ Pamela Tapes တွေရရှိဖို့လည်း မလွယ်ကူသလို ပွဲတိုင်းမှာလည်းတွေ့နိုင်ဖို့ဆိုတာတော့ မသေချာပါဘူး။ 

                Achievements ကတော့ သက်ဆိုင်တဲ့ Platform မှာ Friday The 13th: The Game အတွက် ရရှိထားတဲ့ Achievements တွေကို၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

                Settings – Settings မှာတော့ Audio, Video, Input, Game, Controller နဲ့ Mouse & Keyboard Mappings စ တဲ့ Sub-Menu ၆ ခုပါ၀င်ပါတယ်။ Settings တွေကတော့ ဂိမ်းဆော့တဲ့သူတိုင်း မြင်တွေ့နေကြ၊ ချိန်ညှိနေကြဖြစ်တာမို့ ကျွန်တော် အထူးတလည်ရှင်းပြမနေတော့ပါဘူး။

                Credits - ဒီနေရာမှာတော့ ဒီဂိမ်းကိုဖြစ်မြောက်ဖို့အတွက် ဘယ်သူတွေပါ၀င်ကူညီပေးထားတယ်ဆိုတာကို မြင်တွေ့နိုင်မှာပါ။ အရေးကြီးတဲ့အစိတ်အပိုင်းမဟုတ်လို့ အသေးစိတ်ရှင်းပြမနေတော့ပါဘူး။

                Quit - ဂိမ်းထဲက ပြန်ထွက်ချင်ရင် ဒီ Menu လေးကိုနှိပ်ပြီးထွက်နိုင်ပါတယ်။  

                Create Party – မိမိသူငယ်ချင်းတွေနဲ့အတူ Party ထောင်ပြီး Quick Play မှာ၀င်ရောက်ကစားနိုင်ပါတယ်။ Party ထောင်လိုက်တယ်ဆိုရင်တော့ Private Match ကစားလို့ရတော့မှာ မဟုတ်ပါဘူး။ 

Gameplay


                ကျွန်တော်တို့ Interface ပိုင်းတွေအကုန်ရှင်းပြပြီးသွားပြီဆိုတော့ Gameplay အပိုင်းပြောကြရအောင်။ ဒီဂိမ်းမှာ Round System ကို အဓိက ထားထားပြီး Round ၁ ပွဲကို မိနစ်နှစ်ဆယ်သတ်မှတ်ပေးထားပါတယ်။ Player ရှစ်ယောက်ထဲကမှ Random အနေနဲ့ တစ်ယောက်က Jason လုပ်ရမယ်။ ကျန်တဲ့ ခုနှစ်ယောက်ကတော့ Counselor အနေနဲ့ Jason လက်ကလွတ်ဖို့ ပုန်းတာ၊ ရှောင်တာနဲ့ ထွက်ပြေးဖို့အတွက် ကြိုးစားရပါ့မယ်။

                Jason အနေနဲ့ကတော့ Counselor တွေအားလုံးကို မိနစ်နှစ်ဆယ်အတွင်းမှာ လိုက်သတ်ဖို့ကြိုးစားရပါမယ်။ မသတ်နိုင်ရင် Jason လုပ်တဲ့သူ ရှုံးပါတယ်။ Counselor တွေဟာ မိနစ်နှစ်ဆယ်အတွင်းမှာ Jason လိုက်သတ်တဲ့ ရန်ကလွတ်အောင် တတ်နိုင်သမျှရှောင်ရှားရပါမယ်။ 

                ဒီနေရာမှာ သတိထားရမှာက Jason ဟာ Counselor တွေထက် အင်အားအလွန်ကြီးမားပါတယ်။ ဒါကြောင့်မို့ Jason ကို Stun (မူးသွားအောင်) လက်နက်အချို့နဲ့ ပြန်ချတာကလွဲလို့ တခြားကြီးကြီးမားမား Damage တွေတော့ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ (Jason ကိုသတ်လို့ရပေမဲ့ Teamwork တအားလိုပြီး အဆင့်နည်းနည်းရှုပ်ပါတယ်။ ဘယ်လိုသတ်ရတယ်ဆိုတာကို အောက်ပိုင်းမှာ ဆက်လက်ရှင်းပြပေးသွားပါ့မယ်။)


                ဂိမ်းတစ်ခုပြီးတိုင်းမှာ ကိုယ်ကြိုးစားမှုအပေါ်မူတည်ပြီး Experience တွေရရှိပါလိမ့်မယ်။ Experience တွေရရှိပြီး Level တက်သွားတဲ့အခါမှာ Customization Point တွေ၊ Character တွေနဲ့ Counselor တွေအတွက် Clothes တွေ ရရှိလာမှာဖြစ်ပါတယ်။ 

Jason


                Jason မှာ Morph, Sense, Shift, Stalk နဲ့ Rage ဆိုပြီး Ability ငါးမျိုးပါ၀င်ပါတယ်။ Ability တစ်ခုချင်းစီမှာ Cooldown ပါ၀င်ပါတယ်။ ကိုယ်ကိုင်ထားတဲ့ Jason ပေါ်မူတည်ပြီး Ability တစ်ခုချင်းစီမှာ Cooldown မြန်တာ/မမြန်တာနဲ့၊ Ability အားသာချက်/အားနည်းချက် ကွဲပြားနိုင်ပါတယ်။ 

                Morph အနေနဲ့ မြေပုံတစ်ခုလုံးကို ကြိုက်တဲ့နေရာကို Teleport လုပ်နိုင်ပါတယ်။ ဂိမ်းစတင်ချင်းမှာပဲ Cooldown ပြည့်သွားတာနဲ့ ဒီ Ability ကို စတင်အသုံးပြုနိုင်ပါတယ်။ 

                Sense အနေနဲ့ Counselor တွေ ဘယ်နေရာမှာရှိတယ်ဆိုတာကို ဖောက်ထွင်းကြည့်ရှုနိုင်ပါတယ်။ Counselor အနီးအနားမှာရှိတယ်ဆို အနီရောင်နဲ့ ထင်ထင်ရှားရှားပြသပေးမှာပါ။ ဒါပေမဲ့ ဒီ Ability ကို Radio ဖွင့်တာပဲဖြစ်ဖြစ်၊ အခြားဆူညံသံတွေနဲ့ပဲဖြစ်ဖြစ် Counselor တွေရှိနေသယောင် မှောက်မှားသွားအောင် Counselor တွေဘက်မှ ပြုလုပ်နိုင်ပါတယ်။ Sense Ability ကို ဂိမ်း စ တင်ပြီး ၄၅ စက္ကန့်အကြာမှ ရရှိမှာဖြစ်ပါတယ်။

                Shift အနေနဲ့ကတော့ ကိုယ်ပျောက်ပြီး အနီးအနားကို အမြန်ပြေးပြီးသွားလာနိုင်ပါတယ်။ Shift အသုံးပြုနေတုန်း Third-Person View ကနေ First-Person View တော့ပြောင်းသွားမှာပါ။ Shift Ability ကိုဂိမ်း စ တင်ပြီး ၂ မိနစ်နဲ့ ၁၅ စက္ကန့်အကြာမှ စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

                Stalk အနေနဲ့ Jason ဟာ Counselor တွေအနားကို ဘာအသံမှမကြားအောင် တိုးတိုးတိတ်တိတ်သွားနိုင်သလို၊ Counselor တွေဆီက ထွက်တဲ့အသံတွေကိုလည်း ပိုပြီးရှင်းရှင်းလင်းလင်းကြားနေရမှာဖြစ်ပါတယ်။ Stalk Ability ကို ဂိမ်း စ တင်ပြီး ၄ မိနစ်နဲ့ ၁၅ စက္ကန့်ကြာမှ ရရှိမှာဖြစ်ပါတယ်။ 

                Rage Ability ဟာ Jason ရဲ့ Ultimate Ability ပါပဲ။ ဂိမ်းစတင်ပြီး ၁၅ မိနစ်ကြာရင် ရရှိလာပါတယ်။ အသုံးပြုရတဲ့ပုံစံမျိုးမဟုတ်ပဲ သူ့အလိုလိုပွင့်လာတတ်တာမျိုးပါ။ အခြား Ability ၄ ခုကိုအသုံးပြုတဲ့အခါ Cooldown ပိုမြန်လာသလို၊ Shift နဲ့ Stalk ကိုလည်း အချိန်ကြာကြာအသုံးပြုလာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် တံခါးတွေနဲ့ အခြားအတားအဆီးတွေကိုလည်း အလွယ်တကူဖျက်ဆီး၀င်ရောက်လာနိုင်မှာဖြစ်ပါတယ်။ Rage ဟာ အချိန်သတ်မှတ်ထားတာမျိုးမရှိပဲ ပွင့်ပြီးသွားတာနဲ့ ပွဲပြီးတဲ့အထိ ရရှိနေမှာဖြစ်ပါတယ်။

                ဂိမ်းစတင်ပြီး ၁၅ မိနစ်မှ ရရှိတယ်ဆိုပေမယ့် Counselor တွေရဲ့ ကြောက်ရွံ့မှုတွေ၊ မြန်မြန်သတ်နိုင်တာတွေနဲ့အတူ၊ Bear Traps နဲ့ အခြားလက်နက်တွေကနေ Damage ရရှိတာမျိုးတွေဟာ Rage Ability ကို မြန်မြန်ရရှိဖို့ နှိုးဆော်နေတာနဲ့ အတူတူပါပဲ။ တကယ်လို့သာ Counselor တွေဟာ Jason နဲ့လုံး၀ထိပ်တိုက်မတွေ့ဘူး၊ ပုန်းနေတာကများရင်တော့ Rage ကို ဂိမ်း စ ပြီး ၁၅ မိနစ်ကြာမှပဲ ရရှိနိုင်မှာဖြစ်ပါတယ်။ 

                လက်နက်ကတော့ ကိုယ်ကိုင်ထားတဲ့ Jason အပေါ်မူတည်ပြီး Axe, FireAxe, Spear, Pick Axe, Machete စတဲ့ လက်နက်လေးမျိုးထဲက တစ်ခုကိုပဲ ကိုင်ဆောင်နိုင်မှာဖြစ်ပါတယ်။ 

                လမ်းတစ်လျှောက်မှာတော့ ပေါက်ဓားတွေနဲ့ Bear Traps တွေကောက်ပြီး၊ ဓားနဲ့ပစ်ပေါက်တာနဲ့ Bear Traps ထောင်ဖမ်းတာမျိုး ပြုလုပ်နိုင်ပါတယ်။ ကိုယ့် Bear Traps အပေါ် ကိုယ်ပြန်တက်မနင်းမိဖို့တော့အရေးကြီးပါတယ်။ မဟုတ်ရင် အကြာကြီးမူးနေပြီး လှုပ်မရပဲ ဖြစ်နေမှာမို့ပါ။

                Jason ဟာ မသေနိုင်ပါဘူး။ သတ်ဖို့အတွက်ကလည်း Counselor တွေညီညီညွတ်ညွတ်နဲ့ အဆင့်တွေအများကြီး ပြုလုပ်ဖို့လိုပါတယ်။ သတ်ဖို့လည်း နည်းတစ်နည်းပဲရှိပါတယ်။ လက်နက်တွေနဲ့လည်း မသေနိုင်ပါဘူး။ မူးသွားအောင်ပဲ ပြုလုပ်လို့ရပါတယ်။ ဒါဟာ Jason ရဲ့ အားသာချက်တစ်ခုလည်းဖြစ်ပါတယ်။ Ability တွေကို အကျိုးရှိရှိအသုံးချမယ်ဆိုရင်တော့ လမ်းမှာတွေ့နေတဲ့ Counselor တွေကိုသတ်ရတာ အလွန်လွယ်ကူပါတယ်။


                Counselor တွေဟာ ပြန်ခုခံနိုင်ပေမဲ့ Jason ကနေ ဆွဲမလိုက်တာနဲ့ ရုန်းဖို့အတော်လေးခက်ခဲသွားပါပြီ။ Jason ဆော့တဲ့သူတွေအနေနဲ့ အတော်လေးကို အလှမ်းဝေးမှသာ လိုက်ခုတ်တာနဲ့ ဓားနဲ့ပစ်ပေါက်တာမျိုးကို ပြုလုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Combat Stance အရ Counselor တွေကနေ အရင်လက်ဦးသွားတဲ့အခါကျ Jason ဟာ မူးနေပြီး လွတ်မြောက်သွားတတ်လို့ပါ။ အနီးကပ်နေရင်တော့ ဆွဲသာ မ လိုက်ပါ။ ဒါပေမဲ့လည်း Counselor နှစ်ယောက်လောက်ရှိတယ်ဆို အချိန်မဆွဲပဲ နီးရာလူကို အမြန်ဆုံးဆွဲမပြီး သတ်ပစ်သင့်ပါတယ်။ ဆွဲ မ နေတဲ့အချိန် အနောက်ကနေ Counselor တစ်ယောက်က လက်နက်တစ်ခုခုနဲ့ ဝင်ခုခံပေးတယ်ဆိုရင် မ ထားတဲ့ Counselor ပါပြုတ်ကျသွားတဲ့အပြင် အချိန်အနည်းငယ်လောက် မူးနေတတ်ပါတယ်။ 

                Jason ဟာ အဆောက်အဦးတွေထဲကို ပြတင်းပေါက်ကနေတစ်ဆင့် ကျော်ခွဝင်လို့မရပါဘူး။ တံခါးပေါက်ကနေပဲ ဝင်ရောက်နိုင်ပါတယ်။ ဒါဟာ အားနည်းချက်တစ်ခုပါပဲ။ Counselor တွေအနေနဲ့ ပြတင်းပေါက်တွေကနေ လိုသလို ကျော်ခွသွားလာနိုင်တဲ့အချိန်မှာ Jason ဟာ တံခါးပေါက်ကိုပဲအသုံးပြုရလို့ တစ်ခါတလေ လိုက်နေရင်းနဲ့ လွတ်သွားတာမျိုးတွေ ရှိပါတယ်။

                ဒါပေမဲ့လည်း Jason အနေနဲ့ ပြတင်းပေါက်တွေကို ဖျက်ဆီးပစ်လို့ရပါတယ်။ ဒီလိုဖျက်ဆီးပစ်လိုက်ခြင်းအားဖြင့် Counselor တွေ ပြတင်းပေါက်ကနေ ကျော်ခွတဲ့အခါ ဒဏ်ရာရသွားမှာဖြစ်ပါတယ်။ ဒဏ်ရာရနေတာနဲ့အမျှ သူတို့ လှုပ်ရှားမှုတွေဟာ နှေးကွေးလေးလံလာမှာမို့လို့ Jason အနေနဲ့ လိုက်သတ်ရ ပိုမိုလွယ်ကူလာမှာဖြစ်ပါတယ်။ 

                ဒီလိုတွေ ပြုလုပ်လို့ရနေပေမယ့် Jason ဟာ တံခါးကပဲ အဆောက်အဦးတွေထဲ ဝင်ရောက်လို့ရတာက အဓိကအားနည်းချက်ဖြစ်နေတုန်းပါပဲ။ Rage Ability မရရှိသေးတဲ့အချိန်မှာဆို တံခါးတွေကို Lock ချထားတာ၊ အတားအဆီးတစ်ခုခုနဲ့ပိတ်ဆို့ထားခဲ့ရင် ပုဆိန်နဲ့ သုံးလေးချက်ခုတ်ပြီး အရင်ဖျက်ဆီးပစ်ရပါတယ်။ ဒီလိုဖျက်ဆီးနေတဲ့အချိန်မှာတင် Counselor တွေက ပြတင်းပေါက်တစ်နေရာက ခုန်ချပြီး ထွက်ပြေးသွားလောက်ပါပြီ။ 

                နောက်ထပ် Jason ရဲ့အားနည်းချက်တစ်ခုက Counselor နားရောက်နေတဲ့အချိန်မှာ Counselor တွေအနေနဲ့ နောက်ခံ Music ပြောင်းလဲသွားပြီး၊ Horror ဇာတ်လမ်းတွေထဲက သည်းထိတ်ရင်ဖိုတီးလုံးတွေ ထွက်လာမှာဖြစ်ပါတယ်။ Stalk Ability အသုံးပြုတာဖြစ်ဖြစ်၊ Rage Ability ရရှိတာပဲဖြစ်ဖြစ် တစ်ခုခုအသုံးပြုထားရင်တော့ Counselor တွေအနေနဲ့ Jason အနားမှာ ရှိ/မရှိကို သိရှိနိုင်မှာမဟုတ်ပါဘူး။ တကယ်လို့ ဒီ Ability နှစ်ခု မရရှိသေးဘူးဆိုရင်တော့ Jason အနေနဲ့ Counselor တွေကို လိုက်သတ်ရတာ အနည်းငယ်ခက်ခဲမှာဖြစ်ပါတယ်။ 

                Jason အနေနဲ့ Electric Box တွေကိုဖျက်ဆီးပြီး အဆောက်အအုံတစ်ချို့ကို အမှောင်ချပစ်တာတို့လည်း ပြုလုပ်နိုင်ပါသေးတယ်။ Counselor တွေအနေနဲ့ ဗီဒိုတွေနဲ့ ကုတင်တွေအောက်ပုန်းနေတဲ့အခါ Jason မှ အလွယ်တကူရှာမတွေ့နိုင်ပေမဲ့ တွေ့သွားတဲ့အခါကျရင်လည်း တစ်ခါတည်းသတ်ပစ်လိုက်လို့ရပါတယ်။ 

Counselor 

                Counselor တွေအနေနဲ့ကတော့ Jason ရဲ့သတ်ဖြတ်မယ့်ရန်ကနေ မိနစ်နှစ်ဆယ်အတွင်းမှာ လွတ်မြောက်အောင်ထွက်ပြေးရမှာဖြစ်ပါတယ်။ 

                ပွဲစပြီဆိုတာနဲ့ Counselor တွေမှာ Mini-Map ပြသပေးထားမှာဖြစ်ပြီး အနီးအနားမှာရှိတဲ့ အိမ်၊ ယာဉ်တွေနဲ့ Location အချို့ကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ Jason လိုတော့ မြေပုံတစ်ခုလုံးကို ပွဲစကတည်းက တွေ့မြင်နိုင်မှာမဟုတ်ပဲ၊ မြေပုံကို အဆောက်အအုံတွေထဲမှာ လိုက်လံရှာဖွေရမှာဖြစ်ပါတယ်။

                Counselor တွေမှာ Perk ပါဝင်ပါတယ်။ ဒီ Perk တွေကိုတော့ Random အနေနဲ့ 500 CP အသုံးပြုပြီး Roll Perk လုပ်လို့ရပါတယ်။ Perk တိုင်းမှာလည်း အားနည်းချက်၊ အားသာချက်တွေရှိပါတယ်။ (ဥပမာ- Hypochondriac Perk ဆိုရင် ပွဲ စ ကတည်းက Medical Spray တစ်ခုပါဝင်လာမှာဖြစ်ပြီး၊ အားသာချက်အနေနဲ့ Medical Spray အသုံးပြုတဲ့အခါ 3% ပိုပြီး Healing ရရှိမှာပါ။ အားနည်းချက်အနေနဲ့ကတော့ 9% Damage ပိုမိုထိခိုက်မှာဖြစ်ပါတယ်။)

                Counselor တိုင်းမှာ Composure, Luck, Repair, Speed, Stamina, Stealth နဲ့ Strength စတဲ့ အားနည်းချက်/အားသာချက်တွေရှိပါတယ်။ Counselor တိုင်းရဲ့ အဓိကအားနည်းချက်က Fear (ကြောက်ရွံ့မှု) ပါ။ လူသေကောင်တွေတွေ့တဲ့အခါ၊ မှောင်သွားတဲ့အခါ၊ တစ်ယောက်တည်းဖြစ်နေတဲ့အခါ၊ Jason နောက်ကနေ လိုက်လာတဲ့အခါ စတဲ့အချိန်တွေကျရင် Fear Level မြင့်လာပါတယ်။ 

                Fear ကြောင့် Jason ဟာ Counselor တွေကို Sense ရလွယ်ကူလာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ Counselor ဆော့ကစားသူတွေဟာ အခြား Counselor တွေနဲ့အတူတူ နေပြီး ညီညီညွတ်ညွတ်နဲ့ Jason ရန်ကလွတ်အောင်ပြေးရမှာပါ။ 


                Counselor တွေလွတ်မြောက်ဖို့အတွက်ကတော့ ကားကိုပြင်တာ၊ လှေကိုပြင်တာနဲ့ ရဲခေါ်တာ စ တဲ့ Mission တွေကို ပြုလုပ်ရမှာပါ။ ဒီလိုပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေနဲ့ Equipment တွေကို Map ပေါ်မှာရှိတဲ့ အဆောက်အဦးတွေထဲက ဗီဒိုတွေနဲ့ အခန်းတွေတိုင်းမှာ လိုက်ရှာဖွေရမှာဖြစ်ပါတယ်။ ရှာဖွေရမယ့်နေရာတွေကလည်း Round တိုင်းမှာ တူညီမှာမဟုတ်ပါဘူး။

                Counselor တွေအနေနဲ့ ဆူညံသံတွေမပြုလုပ်မိဖို့လည်းလိုအပ်ပါတယ်။ ပြေးလွှားနေတာတွေ၊ ချော်လဲတဲ့အသံတွေနဲ့ ဖုန်း Box နဲ့ အခြားပစ္စည်းတွေပြုပြင်တဲ့ Mini-Game တွေမှာ အမှားတွေပြုလုပ်မိတာ စ တဲ့ အသံတွေကြောင့် Jason ဟာ အနီးအနားရောက်လာနိုင်ပါတယ်။ 


                ဒီဂိမ်းမှာ CB Radio ကနေ Counselor တစ်ယောက်ကခေါ်လိုက်တာနဲ့ သေသွားတဲ့ Counselor တစ်ယောက်ဟာ Tommy Jarvis အနေနဲ့၀င်ရောက်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Jarvis ဟာ Stats အားသာချက်အပြည့်နဲ့အတူ Shotgun သေနတ်တစ်လက်နဲ့ ပွဲထဲကို၀င်ရောက်လာမှာပါ။ ဒါပေမဲ့လည်း သူ့ရဲ့ Shotgun မှာ ကျည်တစ်တောင့်ပဲပါ၀င်ပြီး၊ ပစ်လိုက်ရင်လည်း Jason ဟာ သေသွားတာမျိုးမရှိပါဘူး။

                Combat Stance ကိုတော့ Jason နဲ့ ရင်ဆိုင်တွေ့နေရတဲ့အချိန် ပြေးမလွတ်တော့မယ့်အနေအထားမျိုးမှာ အသုံးပြုသင့်ပါတယ်။ သတ်မှတ်ထားတဲ့ ခလုပ်ကိုနှိပ်လိုက်တဲ့အချိန်မှာ ကိုယ့်ရဲ့ Counselor ဟာ လက်နက်တစ်ခုခုကိုင်ထားတယ်ဆိုရင် တိုက်ခိုက်မယ့်အနေအထားပုံစံ ပြောင်းလဲသွားမှာဖြစ်ပါတယ်။ Jason ရဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားတာနဲ့ ကာကွယ်တာမျိုးတွေပြုလုပ်နိုင်ပြီး၊ တိုက်ခိုက်တာလည်းပြုလုပ်လို့ရပါတယ်။ ကိုယ်ကလက်ဦးသွားတယ်ဆိုရင်တော့ Jason ဟာ မိမိလက်နက်အပေါ်မူတည်ပြီး လဲကျတာပဲဖြစ်ဖြစ်၊ မူးဝေသွားတာပဲဖြစ်ဖြစ် စ တဲ့ Stun Period တစ်ခုကိုရောက်သွားမှာပါ။

                Jason ရဲ့ Sense ကို အဆောက်အဦးအချို့ထဲက Radio တွေဖွင့်ပြီးတော့လည်း မှောက်မှားသွားအောင်ပြုလုပ်လို့ရပါတယ်။ အဆောက်အဦးတွေထဲ၀င်တဲ့အခါ Counselor တွေအနေနဲ့ အရင်ဦးဆုံး တံခါးကို အတားအဆီးတွေနဲ့ ပိတ်တာ၊ ပြတင်းပေါက်တံခါးတွေဖွင့်ထားတာနဲ့ Bear Trap အသုံးပြုပြီး ထောင်ချောက်ဆင်တာမျိုးတွေ အမြဲပြုလုပ်သင့်ပါတယ်။ 

                Counselor တွေဟာ Jason အနီးအနားမှာရှိနေတာကို Background Music ကနေ သိရှိနိုင်ပါတယ်။ အနားအတော်ကပ်နေရင်လည်း Screen Flick ထ သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ Counselor တွေရဲ့ အားသာချက်တစ်ခုပါပဲ။ ဒီဂိမ်းကိုဆော့တဲ့အခါမှာ Counselor တွေအနေနဲ့ Headphone ဒါမှမဟုတ် Speaker ကနေ ထွက်လာတဲ့အသံကို နားစိုက်ထောင်သင့်ပါတယ်။ တစ်ခုရှိတာက Jason ကနေ Stalk အသုံးပြုတာပဲဖြစ်ဖြစ်၊ Rage ပွင့်နေတာပဲဖြစ်ဖြစ် တစ်ခုခုအသုံးပြုထားမယ်ဆိုရင်တော့ Background Music ပြောင်းလဲသွားမှာမဟုတ်ပါဘူး။

                နောက်ဆုံးအချက်အနေနဲ့ Counselor အနေနဲ့ ကစားတဲ့အခါ Teamwork အမြဲလိုပါတယ်။ ကစားသူတွေနဲ့ အချင်းချင်း စာရိုက်ပြောဆိုလို့မရပေမဲ့ Microphone ကနေ စကားပြောဆိုပြီး Communicate ပြုလုပ်နိုင်ပါတယ်။ Communication နဲ့ Teamwork က Counselor တွေအတွက် အမြဲအဓိက ကျပါတယ်။ ပတ်၀န်းကျင်ကိုလည်း အမြဲသတိထားနေပြီး၊ ဖြစ်နိုင်ရင် တစ်ယောက်တည်းမြေပုံပေါ်မှာ လျှောက်သွားနေတာမျိုးကို မပြုလုပ်သင့်ပဲ တစ်ယောက်ဒုက္ခရောက်နေတဲ့အချိန်မှာလည်း တစ်ယောက်ကူညီပြီး ဆော့ကစားသင့်ပါတယ်။ 

Jason ကိုသတ်နည်း


                Jason ကိုသတ်လိုက်ရင်တော့ Round ကို Counselor တွေဘက်မှ အနိုင်ရပါပြီ။ ဒါပေမဲ့လည်း လွယ်လွယ်ကူကူနဲ့တော့ သတ်ပစ်လို့မရပါဘူး။

  • အရင်ဆုံး ကိုယ်နဲ့ကစားဖော် ဒါမှမဟုတ် အခြား Counselor နှစ်ယောက်လောက်ကို Jason ကိုသတ်ပစ်ဖို့ စည်းရုံးပါ။ ဒီအချက်ဟာ အရေးကြီးပါတယ်။ Counselor တွေအနေနဲ့ မစည်းလုံးပဲနဲ့တော့ Jason ကိုသတ်ပစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ 
  • CB Radio ကနေ Tommy Jarvis ကိုခေါ်ပါ။ ပြီးရင် Counselor တစ်ယောက်တော့ အသေခံပေးရပါမယ်။ သေသွားတဲ့ တစ်ယောက်ဟာ Tommy Jarvis အနေနဲ့ ဂိမ်းထဲပြန်၀င်ရောက်လာပါလိမ့်မယ်။ 
  • Jason Shack ကို ရောက်အောင်သွားပြီး၊ သူ့အမေရဲ့ ဆွယ်တာအင်္ကျီကို ခိုးယူပါ။ ဒီနေရာမှာ သတိထားရမှာက Jason ဟာ သူ့အမေအလောင်းကိုထားထားတဲ့ Shack ကို Counselor တွေရောက်သွားတာနဲ့ သူ့အမေရဲ့ စိတ်ထဲမှ အသံနဲ့အတူ Alert ပြနေမှာဖြစ်ပါတယ်။ Morph လုပ်ပြီး ချက်ချင်းရောက်ချလာနိုင်တာမို့လို့ မြန်မြန်ဆန်ဆန် ဆွယ်တာအင်္ကျီကို ခိုးယူသင့်ပါတယ်။
  • Jason ရဲ့ မျက်နှာဖုံးကို ကျွတ်သွားအောင် ပြုလုပ်ရပါမယ်။ ဒီလိုပြုလုပ်ဖို့အတွက် Counselor အနည်းဆုံးသုံးယောက်လိုအပ်ပါတယ်။ Lead Pipe၊ Baseball Bat ဒါမှမဟုတ် Machete စတဲ့ လက်နက်တွေနဲ့ Jason ကိုဝိုင်းဝန်းတိုက်ခိုက်ရပါမယ်။ Jarvis အနေနဲ့ကတော့ Machete ကိုကိုင်ထားတာအကောင်းဆုံးပါပဲ။ နောက်ဆုံးအဆင့်မှာလည်း Jarvis အနေနဲ့ Jason ကို Machete လက်နက်နဲ့ပဲ သတ်ပစ်ရမှာမို့ပါ။
  • Jason မျက်နှာဖုံးပြုတ်ကျသွားတဲ့အခါ Jarvis မှ ဝင်ကောက်ရပါမယ်။ Jarvis မကောက်ပဲ အခြား Counselor ကောက်မိရင်တော့ သတ်ဖို့အတွက် မလွယ်ကူတော့ပါဘူး။ ဒါကြောင့် ဒီအဆင့်မှာ သတိထားပြီး Jarvis ကိုယ်တိုင်၀င်ရောက်ကောက်ယူမှသာ နောက်အဆင့်တွေ ဆက်လက်ပြုလုပ်လို့ရမှာဖြစ်ပါတယ်။
  • Jason အမေရဲ့ ဆွယ်တာအင်္ကျီကို မိန်းကလေး Counselor ဆော့ကစားနေတဲ့သူတစ်ယောက်ကို ၀တ်ခိုင်းထားပြီး၊ Jason အနီးအနားကိုသွားပြီး On-Screen မှာပြတဲ့အတိုင်း ဆက်လက်ပြုလုပ်ရမှာဖြစ်ပါတယ်။ ပြီးတာနဲ့ ဆွယ်တာအင်္ကျီ၀တ်ထားတဲ့ Counselor အနေနဲ့ Jason ကိုတိုက်ခိုက်ရမှာပါ။ အဲ့ဒီအချိန်ကျ Jason က ဒူးထောက်ကျသွားပါလိမ့်မယ်။
  • Jason ဒူးထောက်သွားပြီဆိုရင်တော့ Jarvis မှ Machete လက်နက်နဲ့ Jason ခေါင်းကိုခုတ်ပြီး Jason ကိုသတ်ပစ်လို့ရပါပြီ။ Jason ကိုသတ်လိုက်တာနဲ့ “You Survived” ဆိုပြီး Counselor တွေအနေနဲ့ အနိုင်ရရှိမှာဖြစ်ပါတယ်။ 

Author Review

                ကျွန်တော်တို့ Friday 13th: The Game ကို PC မှာ Steam နဲ့၀ယ်ယူပြီး တစ်လလောက် ကစားခဲ့ကြပါတယ်။ ကစားတဲ့အချိန်မှာ ချီးမွမ်းရမယ့်အပိုင်းက အသံပိုင်းကိုပါ။ Counselor ကစားတဲ့အခါမှာလည်း Fear ၀င်ရင်ထွက်တဲ့အသံ၊ Jason မနီးမဝေးမှာရောက်နေတဲ့အသံ၊ အနားရောက်လာတဲ့အသံ စတဲ့ အသံတွေဟာ Tension မတူညီပါဘူး။ အနားရောက်လေလေ Tension မြင့်လေလေပါပဲ။ အဲ့အချက်ကိုတော့ ချီးကျူးပါတယ်။

                တကယ်ကိုပဲ လူသတ်ကားထဲမှာ ပြေးနေရတဲ့အတိုင်း ခံစားမှုမျိုးရရှိအောင် ပြုလုပ်ပေးထားပါတယ်။ လူသတ်ကားတွေထဲက ထုံးစံအတိုင်း ဘယ်ကနေဘယ်လို ပေါ်ပေါ်လာမှန်းမသိအောင် Jason ကို Ability တွေပေးထားတာက ရင်ခုန်စရာပိုကောင်းစေတယ်လို့ မြင်မိပါတယ်။ 

                မကြိုက်တာက In-Game Character Design တွေကိုပါ။ အသက်မ၀င်ဘူးလို့ ခံစားရပါတယ်။ Graphic ပိုင်းအရလည်း အနည်းငယ်ညံ့ဖျင်းပြီး၊ Textures Detail နဲ့ Rendering တွေမှာလည်း Bug တွေအများကြီးရှိပါတယ်။ In-Game Interaction တွေလည်း အရမ်းကြီးမကောင်းမွန်ပါဘူး။ အနည်းငယ်လေးပါတယ်။ တံခါးဖွင့်တာ၊ Trap ထောင်တာ စတဲ့ Interaction တွေအကုန်လုံးလေးလံနေပါတယ်။ တမင်လုပ်ထားတာလားတော့ မပြောတတ်ပါဘူး။

                အလင်း၊ အမှောင် အရမ်းမကွဲပြားပါဘူး။ ဆော့တဲ့အခါကျ ပိုခံစားသိရှိရပါတယ်။ Character Control ပြုလုပ်ရတာ အနည်းငယ်ခက်ခဲပါတယ်။ အားလုံးခြုံပြောရမယ်ဆိုရင်တော့ ဂိမ်းဟာ Graphic ပိုင်းမှာ အခုထိကို ချောမွေ့တဲ့အဆင့်မှာ ရှိမနေပါဘူး။

                Single Player မပါ၀င်တဲ့အပြင် (နောက်ပိုင်းပါ၀င်လာမယ်လို့တော့ သိရှိထားပါတယ်)၊ Tutorials တွေ ပြည့်ပြည့်စုံစုံမရှိပါဘူး။ ဒါကြောင့်မို့လို့ စ ဆော့တဲ့သူတွေအနေနဲ့ အခက်အခဲတွေ အများကြီးရှိနိုင်ပါတယ်။ How To Play ကိုပြည့်ပြည့်စုံစုံဖတ်ထားတာတောင် အချို့နေရာတွေမှာ Gameplay Experience အတော်များများရှိမှသာ ဘာဆက်ပြုလုပ်ရမယ်ဆိုတာ သိရှိနိုင်မှာဖြစ်ပါတယ်။ ဇွဲကောင်းဖို့တော့လိုပါတယ်။ 

                Rank သတ်မှတ်ချက်မရှိတဲ့အတွက် ဆော့တတ်တဲ့သူတွေနဲ့လည်း “Quick Play” မှာ တွေ့နိုင်ပါတယ်။ Jason ဆော့တဲ့သူက တအားကျွမ်းကျင်တယ်ဆိုရင်တော့ ကိုယ် Counselor ဆော့ရတဲ့အခါ ကွိခနဲ နေအောင် မိသွားမှာဖြစ်ပါတယ်။ ဒီလိုပဲ ကိုယ် Jason လုပ်ရတဲ့အခါကျရင်လည်း Counselor တွေဟာ ရှောင်တတ်၊ တိမ်းတတ်၊ Trap နဲ့ Combat ကျွမ်းကျင်တာမျိုးဆိုရင်တော့ လိုက်ဖမ်းရတာလည်း လွယ်ကူမှာမဟုတ်ပါဘူး။ သင်ကိုယ်တိုင်လည်း ကျွမ်းကျင်လာတဲ့အခါကျ မဆော့တတ်တဲ့သူတွေနဲ့ တွေ့တဲ့အခါ အနည်းနဲ့အများ စိတ်ပျက်လာရမှာ အမှန်ပါပဲ။ Ranked Game Mode မရှိတာကိုတော့ အားနည်းချက်တစ်ခုလို့ မှတ်ချက်ပေးပါတယ်။

                နောက်တစ်ခုအနေနဲ့ တစ်ပွဲက နှစ်ပွဲဆော့ပြီးတဲ့အချိန်မှာ ဆက်ဆော့ချင်စရာ မကောင်းတော့ပဲ ပျင်းစရာပိုကောင်းလာပါတယ်။ Gameplay Mode တွေများများစားစားမပါ၀င်သလို Counselor ပဲကိုင်နေရတာကများပါတယ်။ Jason ကိုင်ရရင်တော့ ပျော်စရာကောင်းပါတယ်။ Rank သတ်မှတ်ချက် မရှိတာကလည်း ဒီနေရာမှာစကားပြောပါတယ်။ Rank တွေသတ်မှတ်ပေးထားမှသာ Multiplayer Game တွေအနေနဲ့ ပိုပျော်ဖို့ကောင်းမှာပါ။ 

                Matchmaking ရှာဖွေတာ အရမ်းကြာတယ်လို့ ထင်မြင်မိပါတယ်။ နောက်ပြီးတော့ Southeast Asia (SEA) မှာဆော့နေသူတွေအဖို့ လိုင်းကောင်းဖို့လိုအပ်မယ်လို့ထင်ပါတယ်။ SEA Server မရှိတဲ့အပြင် Ping ဟာလည်း Dota 2 မှာတောင် 60ms ပဲရှိနေတဲ့အချိန်မှာ Friday The 13th: The Game မှာတော့ 200 အမြဲကျော်နေပါတယ်။ In-Game မှာတော့ မသိသာပေမဲ့ Combat ပြုလုပ်တဲ့အခါနဲ့ အချို့နေရာတွေဟာ Ping မကောင်းတာကြောင့် Glitch တွေ နေရာတိုင်းလိုလို တွေ့မြင်ရပါတယ်။

                သာမန် Free To Play ဂိမ်းတစ်ခုဆိုရင်တော့ ဒီလောက်ထိများများစားစား ဝေဖန်နေစရာတော့မလိုပါဘူး။ အစုအဝေးအလိုက် ပျော်ပျော်ပါးပါးကြီး လိုက်တမ်း၊ ပြေးတမ်း ဆော့ကစားရတာ၊ Jason ကိုင်ရရင်လည်း Counselor တွေကိုလိုက်ဖမ်းပြီး သတ်ပစ်ရတာ စိတ်ကျေနပ်စရာကောင်းပါတယ်။ ဒါပေမဲ့လည်း USD $40 ခန့်နဲ့ ၀ယ်ယူရတဲ့ Paid ဂိမ်းတစ်ခုအနေနဲ့ကတော့ ပေးရတဲ့စျေးနဲ့ တန်တဲ့ Gameplay Experience ကို ပြန်ပေးနိုင်တယ်လို့ မထင်မိပါဘူး။

                ကျွန်တော်တို့ TechX Myanmar ကနေပြီးတော့ Friday The 13th: The Game အတွက် Rating ကို 6/10 သတ်မှတ်ပါတယ်။ ဒီဂိမ်းကို ဆော့ကစားလိုတယ်ဆိုရင်တော့ PC အတွက် Steam ကနေ၀ယ်ယူနိုင်ပြီး၊ PlayStation 4 အတွက် PS Store၊ Xbox One အတွက် Microsoft Store စ တဲ့ Store အသီးသီးကနေ USD $39.99 ခန့်နဲ့ ၀ယ်ယူနိုင်ပါတယ်။

References
TechX Reviews
About Author
Assinged Tags
PlayStation PC Games PC Steam Playstation 4 Xbox One Xbox Friday The 13th Friday The 13th: The Game Horror Horror Survival
Categorized Under
Reviews

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed