တီထွင်ဆန်းသစ်မှုရှိသော အိုင်ဒီယာများ အလုပ်ဖြစ်ရေး အပိုင်း (၁)

date_range 26 November 2017

တီထွင်ဆန်းသစ်မှုရှိသော အိုင်ဒီယာများ အလုပ်ဖြစ်ရေး အပိုင်း (၁)

visibility 980 Views

                တီထွင်ဆန်းသစ်မှုရှိတဲ့ အိုင်ဒီယာတွေ ဖြစ်လာဖို့ဆိုရင် အိုင်ဒီယာ ဖန်တီးခြင်းဆိုင်ရာ နည်းလမ်းတွေ အများကြီး သုံးဖို့လိုပါတယ်။ Brainstorming (ဦးနှောက် မုန်တိုင်းဆင်ခြင်း)Mind Mapping (ဆက်စပ်တွေးတော ပုံဖော်ခြင်း) စတဲ့ နည်းလမ်းတွေ သုံးဖို့ လိုပါတယ်။ 

                အဲဒီလို အိုင်ဒီယာတွေ ထွက်လာတဲ့ နောက်ပိုင်းမှာလည်း အသုံးဝင်တဲ့ အိုင်ဒီယာဖြစ်ဖို့ လိုပါသေးတယ်။ အသုံးဝင်တဲ့ အိုင်ဒီယာကနေ အလုပ်ဖြစ်တဲ့ အိုင်ဒီယာအထိကို တစ်ဆင့်ခြင်း တက်လှမ်း သွားရတာမျိုးပါ။ အဲဒီလို အဆင့်ဆင့် သွားရတဲ့ ခရီးမှာ အဓိက အကျဆုံး အချက်ကတော့ ပန်းတိုင်တစ်ခု ရှိဖို့ပါ။ 

                “ကိုယ့်လှေ ကိုယ်ထိုး၊ ပဲခူးရောက်ရောက်” ဆိုပြီး လုပ်နေမယ်ဆိုရင် ကိုယ့်ရဲ့ တီထွင်ဆန်းသစ်တဲ့ အိုင်ဒီယာတွေ ဘယ်နေရာမှာ အဆင့်တစ်ခုပြီးမယ်ဆိုတာ မသိတော့ပဲ ဖြစ်လာပါလိမ့်မယ်။ 

                ရည်မှန်းချက် ပန်းတိုင်တစ်ခု ရှိမှသာ အဲဒီပန်းတိုင်ကို ရောက်ပြီဆိုတာ သိနိုင်ပြီး ပြန်လည် ပြုပြင်သုံးသပ်မှုတွေ ပြုလုပ်နို်င်မှာ ဖြစ်ပါတယ်။ ရည်မှန်းချက် ပန်းတိုင်လည်း ရှိပါပြီ။ အဲဒီရောက်ဖို့အတွက် ခြေလှမ်းတစ်လှမ်းမှ မစသေးဘူးဆိုရင်လည်း ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် အတွေးတစ်စ၊ နှစ်စ၊ နည်းလမ်းအနည်းငယ် ကနေစပြီး အိုင်ဒီယာအသစ်တွေ ဖန်တီးဖို့ စရပါမယ်။


                တီထွင်ဆန်းသစ်တဲ့ အိုင်ဒီယာတွေကို ဖန်တီးတဲ့နေရာမှာ အိုင်ဒီယာမူကွဲတွေ တစ်ခုပြီးတစ်ခု စဉ်းစားနေတာနဲ့ အချိန်မကုန်ပါစေနဲ့။ 

                အဲဒီလို အိုင်ဒီယာ မူကွဲတွေ စဉ်းစားတဲ့အပိုင်းဆိုတာ ခုမှ ဖန်တီးစအဆင့်မှာ မလိုတတ်ပဲ တကယ်တန်း ပန်းတိုင်တစ်ခုကို ရောက်မှသာ လိုအပ်တတ်လို့ပါ။ ဒီလို အိုင်ဒီယာတစ်ခု ရလာတယ်။ “အဲဒါနဲ့ တူတဲ့ မူကွဲတွေက ဘာတွေလဲ?” ဆိုပြီး လိုက်စဉ်းစားနေရင် အချိန်ကုန်ပါတယ်။ အဲဒီ အိုင်ဒီယာတစ်ခုကိုပဲ ဆုတ်ကိုင်ပြီး အလုပ်ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို ရှာကြံရမှာ ဖြစ်ပါတယ်။

                တီထွင်ဆန်းသစ်တဲ့ အိုင်ဒီယာတွေ အလုပ်ဖြစ်ဖို့ လမ်းကြောင်းကတော့ အသေမရှိပါဘူး။ တီထွင်ဆန်းသစ်တဲ့ အိုင်ဒီယာတွေ ကိုယ်တိုင်က လမ်းဟောင်းတွေကို ဖောက်ထွက်ပြီး လမ်းသစ်ထွင်တာ၊ အရင်ရှိပြီးသားတွေ အပေါ်မှာ ထပ်တိုးတန်ဖိုးတွေ ဖန်တီးတာ ဖြစ်တဲ့အတွက် သမာရိုးကျ လမ်းတွေနဲ့ အလုပ်မဖြစ်နိုင်ပါဘူး။

                Linear Thinking တစ်ခုတည်းနဲ့ အလုပ်မဖြစ်နိုင်ပါဘူး။ တစ်ခြား Literal Thinking (ဖောက်ထွက် တွေးခြင်း) စတာတွေကို အဓိကထားမှ အလုပ်ဖြစ်ပါတယ်။ 

                “လမ်းလျှောက်ရတာ မဟုတ်ပဲ လမ်းဖောက်ရတာ” ဆိုတော့ ဘယ်လမ်းလဲ မေးရင် မသိဘူးလို့ ရှင်းရှင်းပဲ ဖြေရမှာပါ။ အဲဒီလို လမ်းမသိ၊ လမ်းမရှိတဲ့ အနေအထားမှာ လျှောက်ရတာမျိုးဆိုတော့ စိတ်ဓာတ်တက်ကြွနေဖို့ အမြဲ လိုအပ်နေတတ်ပါတယ်။ 

                အဓိက အကျဆုံး သော့ချက်ကတော့ ပျော်နေဖို့ပါ။ တီထွင်ဆန်းသစ်မှုတွေကို ဖော်ထုတ်နေရတာ တွေးတောနေရတာ ပျော်နေဖို့ လိုပါတယ်။ 

                တီထွင်လိုက်တဲ့ အိုင်ဒီယာတွေ အလုပ်ဖြစ်လာတဲ့အပေါ်မှာ အလားအလာအပေါ်မှာ ပျော်နေဖို့ လိုပါတယ်။ အဲဒီလို အနေအထားဆိုတာ အဆင့်တစ်ခုရှိတယ်လို့ ကျွန်တော် မြင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လူနေမှုပုံစံမှာတော့ တွေ့ဖို့ အင်မတန် ရှားတဲ့ သဘောမှာ ရှိပါတယ်။ 

                နိုင်ငံခြားက ကလေးတွေ ကြည့်တဲ့ ရုပ်ရှင်တွေမှာတောင် တီထွင်ဖန်တီးနိုင်စွမ်းကို အသားပေးတဲ့ ကားတွေ အများကြီးထွက်ပါတယ်။ ကလေးတွေကြည့်တဲ့ ကာတွန်းကားတွေမှာ ဆိုရင်တောင် တီထွင်ဖန်တီးတတ်တဲ့ အလေ့အထတွေကို ပြုစု ပျိုးထောင်ပေးတဲ့ ရုပ်ရှင်ကားတွေ အများကြီးပါ။

                တစ်ခါက ရုပ်ရှင်ကားတစ်ကားမှာ ကလေးဇာတ်ဆောင်ရဲ့ အဖေက တီထွင်တတ်တဲ့သူပါ။ သူတီထွင်တာက ဖိနပ် အနံ့ပျောက်အောင် လုပ်တဲ့ နည်းစနစ်ကို ရှာတာပါ။ အချိန်တော်တော်များများ Fail ဖြစ်နေတဲ့ ဒါဏ်ကို အိမ်သူအိမ်သား အားလုံး ဒါဏ်ခံရပါတယ်။ တစ်နေ့ တစ်နေ့ ဖိနပ်တွေနဲ့ပဲ အလုပ်ရှုပ်နေပါတယ်။ 

                သူတီထွင်လို့ ရလာပြီဆိုရင် အိမ်သူအိမ်သားတွေကို လာပြလိုက်၊ အဆင်မပြေလိုက်နဲ့ နောက်ဆုံးမှာတော့ သူ့ရဲ့ အောင်မြင်တဲ့ တီထွင်မှုကို မှတ်ပုံတင်ပြီး ကုန်ပစ္စည်းထုတ်နိုင်တဲ့ အနေအထား ရောက်လာပါတယ်။ အဲဒီကျမှ အဆင်ပြေသွားပါတယ်။ သူကတော့ အဲဒီလို ရှာဖွေ တီထွင်နေရတာကို ပျော်နေပုံပါပဲ။ အဲဒီလို ပျော်နေတတ်တဲ့ အခြေအနေဆိုတာ တီထွင်နေတဲ့သူတွေပဲ ခံစားနိုင်ပါတယ်။

                နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုက ယုံကြည်မှုပါ။ 

                ယုံကြည်မှုဆိုတဲ့ နေရာမှာလည်း ကိုယ်တိုင်အရင် တည်ဆောက်ရတဲ့ ယုံကြည်မှုမျိုး ဖြစ်နေတတ်ပါတယ်။ လူတွေ ပုံမှန်အတိုင်းဆိုရင် တစ်ပါးက ယုံကြည်ပေးတဲ့ အပေါ်မှာ တည်မှီပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုဆိုတာ ဖြစ်လာတတ်ပါတယ်။ တီထွင်ဆန်းသစ်တဲ့ အိုင်ဒီယာတွေ အလုပ်ဖြစ်အောင် ဖန်တီးတဲ့ နေရာမှာတော့ ပြောင်းပြန်လို့ ဆိုရပါလိမ့်မယ်။ ကိုယ်က သူများတွေရဲ့ ယုံကြည်မှုအပေါ်မူတည်ပြီး ယုံကြည်မှု ဖြစ်လာရတဲ့ ပုံစံမျိုး မဟုတ်ပဲ ကိုယ့်ကိုကိုယ် ယုံကြည်မှု အရင်တည်ဆောက်ပြီး သူများတွေကို ယုံကြည်လာအောင် လုပ်ရတာပါ။

                “အဲဒီလို မိမိကိုယ်ကို ယုံကြည်မှုရှိအောင် ဘယ်လိုတည်ဆောက်မလဲ?”။ ဒါလည်း Innovative Potential (တီထွင် ဖန်တီးမှုဆိုင်ရာ အလားအလာ) ကနေပဲ တည်ဆောက်လို့ရနိုင်ပါတယ်။ ပန်းတိုင်ကို ချဉ်းကပ်မိလာတဲ့ အခါ ယုံကြည်မှု ပိုမိုမြင့်မား လာတတ်သလိုပေါ့။ အဲဒါကြောင့် ပန်းတိုင်ဆိုတာ အရေးအကြီးဆုံးလို့ အပေါ်မှာ ဆိုခဲ့တာပါ။ 

                ပြေးနေသူအတွက် ပန်းတိုင်ကို ချဉ်းကပ်လာနေတယ်ဆိုတာ အလိုလို ခံစားပြီး သိနေတတ်ပါတယ်။ အဲဒီလို သိတဲ့ အသိစိတ်နဲ့အတူ ယုံကြည်မှု ပျော်ရွှင်မှုတွေလည်း တစ်ခါတည်း တိုးတက်ရရှိ လာတတ်ပါတယ်။

                အဲဒီလို ယုံကြည်မှု၊ ပျော်ရွှင်မှုဆိုတာတွေကို ရပ်နေတဲ့သူတွေ ဘယ်လိုမှ ခံစားလို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ရပ်နေတဲ့သူနဲ့ သွားနေတဲ့သူကြားမှာ ပဋိပက္ခတွေလည်း ဖြစ်လာတတ်ပါတယ်။ တီထွင်ဖန်းတီးနေသူအပေါ် အမြင်မကြည်တာတွေ ဖြစ်လာတတ်ပါတယ်။ 

                အချိန်ကို ရင်းရတဲ့အချိန်မှာ သိပ်မသိသာပေမယ့် ငွေကိုပါ ရင်းရတော့မယ်ဆိုရင် ပိုပြီး ပဋိပက္ခတွေ ဖြစ်လာတတ်ပါတယ်။ 

                နောက် Innovative Potential နည်းတဲ့ အနေအထားမှာဆို တီထွင်ဖန်တီးတဲ့သူတွေအတွက် ပိုပြီး ဒုက္ခကြုံအခက်တွေ့စေပါတယ်။ တီထွင် ဖန်တီးမှုဆိုင်ရာ မူပိုင်ခွင့်တွေနဲ့ အစိုးရအဆင့်က ကန့်သတ်ပေးဖို့ လိုပြီး တီထွင်ဖန်တီးမှုကို တန်ဖိုးထားတတ်တဲ့ ဝန်းကျင်လည်း ရှိဖို့ လိုပါသေးတယ်။ 

                ကိုယ်က တီထွင်လိုက်တယ် လွယ်လွယ် ခိုးကူးသွားတယ်ဆိုရင် တီထွင်ဖန်တီးမှု အလေ့အထကို တစ်ခါတည်း သတ်လိုက်သလို ဖြစ်သွားစေပါတယ်။

                တကယ်တော့ တီထွင်ဖန်တီးမှုကို တန်းဖိုးထားတတ်တဲ့ ဝန်းကျင်ဆိုတာ 

  • အစိုးရအဆင့်
  • ကုမ္ပဏီကြီးများအဆင့်
  • မိရိုးဖလာအဆင့်
  • တစ်သီးပုဂ္ဂလအဆင့်

စသည်ဖြင့် အဆင့်တိုင်း ဖော်ဆောင်ရတဲ့ သဘောရှိပါတယ်။ 

                Research and Development လို့ခေါ်တဲ့ ဘယ်နေရာမှာမဆို အရေးပါတဲ့ သဘောကို အစိုးရအဆင့်ကပါ လစ်လျူရှုထားမယ်ဆိုရင် တီထွင်ဖန်တီးမှုကို တန်ဖိုးထားတတ်တဲ့ ဝန်းကျင်ဆိုတာ ဖြစ်မလာနိုင်ပါဘူး။

                အမေရိကန်နိုင်ငံဟာ တီထွင်ဖန်တီးသူတွေအတွက် အကောင်းဆုံး နေရာ ဖြစ်နေခဲ့တဲ့အတွက် နာဇီ ဂျာမနီက ပညာရှင်တွေကိုပါ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အဲဒီလို ဆွဲဆောင်နိုင်ခဲ့တဲ့အတွက် “အိုင်းစတိုင်း” လိုလူမျိုးတွဗ သူတို့ဆီရောက်လာခဲ့ပါတယ်။ အဲဒီတော့ “စိန်နားကပ် အရောင်နဲ့ ပါးပြောင်လာတယ်” ပေါ့။

                ဒါပေမယ့် “အနောက်တိုင်းရဲ့ အပွင့်ပညာရေးစနစ်” နဲ့ “အရှေ့တိုင်းရဲ့ အပိတ်ပညာရေးစနစ်” တို့မှာ ကွဲပြားခြားနားတဲ့ ချဉ်းကပ်ပုံတွေ ကြောင့်လည်း ပါနိုင်ပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ အဲဒီလို ပုံသေသတ်မှတ်လို့ မရတော့ဘူးလို့ ဆိုရပါလိမ့်မယ်။ အာရှယဉ်ကျေးမှု အောက်က ရုန်းထလာတဲ့ နိုင်ငံတွေ ဒုနဲ့ဒေး ဖြစ်လာနေပါပြီ။ ပိတ်တာမှ အသားကုန်ဆိုတဲ့ နိုင်ငံတွေမှာတောင် တီထွင်ဖန်တီးမှုကို အလေးထားတတ်တဲ့ သဘောတွေ ရှိလာနေပါပြီ။

                လူတွေက တီထွင်ဖန်တီးမှုတွေတော့ လုပ်ကြပါတယ်။ ပုံမှန် သမာရိုးကျဘောင်ထဲက မထွက်ဘူးဆိုရင် ရှိပြီးသားတွေကိုပဲ အဖန်တလဲလဲ ဖန်တီးနေမယ်ဆိုရင်လည်း တိုးတက်မှု မရှိနိုင်ပါဘူး။ 

                တစ်ယောက်က ကားဘီးထွင်တယ် နောက်တစ်ယောက်ကလည်း ကားဘီပဲထွင်တယ်။ ပြီးတော့ “သူ့ကားဘီးက ကောင်းတယ်၊ ငါ့ကားဘီးကလည်း ကောင်းတယ်” ငြင်းနေကြတာနဲ့ ကားဘီးကို တပ်သုံးမယ့် ကားဆိုတာ ဖြစ်လာဖို့ မမြင်တော့ပါဘူး။ နောက် ကိုယ်ကလည်း ကိုယ့်စတိုင်၊ သူကလည်း သူ့စတိုင် သူ့ဘီးကို သူများကားမှာ တပ်သုံးလို့မရအောင် တီထွင်ထားတယ်။ ကိုယ်တိုင်ကလည်း ကားကို ဆက်မထွင်ဘူးဆိုရင်လည်း အလကားပါပဲ။ တကယ်တော့ စံဆိုတဲ့ သဘောတွေကို နေရာတကာ လိုက်နာနိုင်မှသာ ထပ်တိုးတန်ဖိုးဆိုတာ ဖြစ်လာနိုင်ပါတယ်။

                ရင်းနှီးကျွမ်းဝင်ပြီးသား ဘောင်အတွင်းကပဲ တီထွင်ဖန်တီးမှုတွေ လုပ်နေမယ်ဆိုရင် ကိုယ်တီထွင်လိုက်တဲ့ ကုန်ပစ္စည်းက အရမ်းကောင်းနေချင် ကောင်းနေပါလိမ့်မယ်။ ဒါပေမယ့် လူတွေကို အံ့သြသွားအောင် စီးပွားဖြစ်အောင် စွမ်းဆောင်နိုင်တာမျိုးတော့ ဖြစ်လာဖို့ မလွယ်ပါဘူး။ တကယ်တော့ အဲဒီလို တီထွင်ဖန်တီးမှုဆိုတာ ထွက်ရှိပြီးသား ကုန်ပစ္စည်းကို ကောင်းသထက်ကောင်းအောင် စီစဉ်တဲ့ အဆင့်ပဲ ရှိပါတယ်။ Innovative Idea လို့ခေါ်တဲ့ တီထွင်ဆန်းသစ်မှုရှိတဲ့ အိုင်ဒီယာအပေါ်မှာ အခြေခံပြီး တီထွင်ဆန်းသစ်တဲ့ အိုင်ဒီယာကဲ ကုန်စည်တွေ ဖြစ်လာမှာ မဟုတ်ပါဘူး။

                တစ်ခါတစ်လေမှာ တီထွင်ဖန်တီးထားတဲ့ ကုန်စည်တွေဟာ “ဘာမှလည်း မဟုတ်ပါဘူးကွာ၊ ရိုးရိုးလေးပါ” ဆိုတာမျိုးတွေ ရှိနေတတ်ပါတယ်။ ဒါပေမယ့် အဲဒီလို “ရိုးရိုးလေးပါ” လို့ပြောတဲ့ အိုင်ဒီယာမျိုး ရလာအောင်၊ ဖန်တီးနိုင်အောင် စွမ်းဆောင်ကြည့်ပါလို့ ပြောရင် လုပ်ဖို့ မလွယ်ဘူးဆိုတာ လူတိုင်း သိပါလိမ့်မယ်။ 

                အဲဒါ ဘာကြောင့်လဲဆိုရင် အဲဒီလို ရိုးရိုးလေး လွယ်လွယ်လေး ဆိုတာတွေ ဖြစ်မလာခင်မှာ စိန်ခေါ်မှုတွေ အများကြီး ရှိနေလို့ပါပဲ။ အဲဒီလို ရိုးရိုးလေး လွယ်လွယ်လေး ဆိုတဲ့အဆင့်ကို မရောက်ခင် အခက်အခဲမျိုးစုံကို ကျော်ဖြတ် ခဲ့ရပါတယ်။ ကိုယ်တီထွင်ဖန်တီးနေတဲ့ အလုပ်ကို ရပ်တန့်သွားအောင် တားဆီမယ့် အရာတွေကို ကျော်ဖြတ်ခဲ့ရပါတယ်။

                တစ်ခါတစ်လေမှာ တီထွင်ဆန်းသစ်တဲ့ ထုတ်ကုန်တွေဟာ ဘယ်လောက်ပဲ တီထွင်ဆန်းသစ်မှု ရှိနေပါစေ။ လူတွေနဲ့ မကိုက်တာ၊ လူတွေ မသုံးတာမျိုးတွေလည်း ဖြစ်နေနိုင်ပါတယ်။ 

                စီးပွားရေးကျနေတဲ့ အချိန်မှာ တီထွင်ဆန်းသစ်ထားပေမယ့် စျေးအင်မတန်ကြီးနေတဲ့ ကုန်စည်ကို ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ အဲဒီလို အနေအထားဆိုရင် “အချိန်တစ်ခုကို စောင့်ရတာ၊ တစ်ခြား ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ပုံစံတစ်ခုကို ပြောင်းလဲတာ” စသည်ဖြင့် လုပ်ဖို့ လိုတာတွေ ရှိတတ်ပါတယ်။

                တီထွင်ဆန်းသစ်တဲ့ အိုင်ဒီယာတွေ အလုပ်ဖြစ်လာပြီဆိုရင် တစ်ခုသတိထားဖို့က အလုံးစုံပြီးပြည့်စုံမှ စမယ်ဆိုတာမျိုး မဖြစ်သင့်ပါဘူး။ ဘယ်တော့မှလည်း အလုံးစုံပြီးပြည့်စုံဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ 

                ပန်းတိုင်တစ်ခုကို ရောက်ပြီဆိုတာနဲ့ ကုန်ပစ္စည်းကို ချပြပြီး ပြုပြင်မွန်းမံမှုတွေ ပြုလုပ်ပေးသွားရတဲ့ သဘောရှိပါတယ်။ ဘယ်လောက်ပဲ တီထွင်ဆန်းသစ်မှုရှိပါစေ၊ ချမပြရင် အလကားပါပဲ။ Franz Kafka ရဲ့ ဝထ္တုတွေကို မီးမရှို့ခင်သူ့ သူငယ်ချင်းက မယူလိုက်မိဘူးဆိုရင် ခုချိန်မှာ Franz Kafka ကို ဘယ်သူမှ သိမှာ မဟုတ်တော့ပါဘူး။


                အထက်ကပုံကို ကြည့်မယ်ဆိုရင် အရင်က အအေးခွက်တွေ သယ်တဲ့ပုံစံနဲ့ နောက်ပိုင်း သယ်တဲ့ပုံစံနှစ်ခုကို နှိုင်းယှဉ်ပြီး မြင်တွေ့နိုင်ပါတယ်။ အရင်တုန်းက သယ်တဲ့ပုံစံက ကိုင်ရတွယ်ရတဲ့ ပုံစံလည်း ခက်ခဲသလို ဖိတ်နိုင်တဲ့ အနေအထားကလည်း ပိုများပါတယ်။ ဒါပေမယ့် တီထွင်ဆန်းသစ်မှု တစ်ခုကြောင့် ကိုင်တွယ် သယ်ဆောင်ရတဲ့ နေရာမှာလည်း ပိုပြီး လွယ်သွားသလို ဖိတ်နိုင်တဲ့ အနေအထားလည်း အများကြီး နည်းသွားပါတယ်။ 

                အဲဒီလို တီထွင်မှုမျိုးကို လေ့လာကြည့်ရင် အရင်ကရှိရင်းစွဲ အနေအထားကို ထပ်တိုးတန်ဖိုး ထပ်မြှင့်ပြီး အိုင်ဒီယာ အသစ်ကို အလုပ်ဖြစ်အောင် ပေါင်းထည့်လိုက်တာပါပဲ။ ရိုးရိုးရှင်းရှင်းပါပဲ။ “ဟာ ဒါလေးများ” ဆိုပြီး ထင်စရာရှိပါတယ်။ ဒါပေမယ့် တကယ်တန်း အဲဒီလို ရိုးရိုးရှင်းရှင် အိုင်ဒီယာကို ရဖို့ မလွယ်ဘူးဆိုတာ အားလုံးသိပါလိမ့်မယ်။

                တီထွင်စမ်းသစ်တဲ့ အတွေးအမြင်တွေဆိုတာ ဆန့်ကျင်ဖက် အတွေးတွေကိုလည်း လက်ခံတတ်ဖို့ လိုသလို၊ ပေါင်းစပ် အသုံးချတတ်ဖို့လည်း လိုပါတယ်။ အဲဒီလို ဆန့်ကျင်ဖက် အတွေးအမြင်တွေကို ပေါင်းစပ်နိုင်လေ တီထွင်ဖန်တီးမှုဆိုင်ရာ အလားအလာဆိုတာတွေလည်း ပိုပြီး တိုးတက်လာပါတယ်။ “ဒီ အမြင်တွေကတော့ ဆန့်ကျင်နေတယ်၊ ငါနဲ့ မကိုက်ဘူး၊ မကြိုက်ဘူး” ဆိုပြီး ဖယ်ထားလို့ မရပါဘူး။

                နောက်ထပ် ထူးခြားတဲ့ တီထွင်မှုကို ပြပါဆိုရင် ဘီကနီနဲ့ မွတ်စလင်မတွေဟာ ဘယ်လိုမှ မအပ်စပ်တာကို အဆင်ပြေသွားအောင် တီထွင်ထားတဲ့ တီထွင်မှုပါ။ Burqini မှာ သွားကြည့်နိုင်ပါတယ်။ အဲဒီလို တီထွင်လိုက်တော့ မွတ်စလင်မလေးတွေ ရေကူးလို့ရသွားပြီပေါ့။ ဒါကတော့ ဆန့်ကျင်ဖက် အမြင်တွေကို ပေါင်းစပ် အသုံးချနိုင်တဲ့ စမ်းသစ်တီထွင်မှုပေါ့။

                တစ်ခါတစ်ရံမှာ တီထွင်ဆန်းသစ်တဲ့ အိုင်ဒီယာတွေကို ရုတ်တရက် အမှတ်မထင် ရလာတတ်ပါတယ်။ ဥပမာ ပေးရမယ်ဆိုရင် စိတ်ညစ်လို့ ကြေးနန်းကြိုး တစ်ချောင်းကို လိမ်ကျစ်နေရင်း တွယ်ချိတ်လို ကြေးနန်းကို ခွေပြီး ကုတ်အားရှိတဲ့ ပုံစံတစ်ခုကို ဖန်တီးနိုင်တဲ့ အိုင်ဒီယာ ရလာတာမျိုးပေါ့။ ဒါပေမယ့် အဲဒီလို ရုတ်တရက် ပေါက်ဖွားလာတဲ့ အိုင်ဒီယာကို အလုပ်ဖြစ်အောင် မလုပ်ကြည့်ဘူးဆိုရင်လည်း အလကားပါပဲ။

                အဲဒီလို ရုတ်တရက် ရလာတဲ့ အိုင်ဒီယာကို အလုပ်ဖြစ်အောင် ဖန်တီးတဲ့ နေရာမှာလည်း အခက်အခဲတွေ မျိုးစုံ ရှိနေပြန်ပါတယ်။


                တီထွင်ဆန်းသစ်တဲ့ အိုင်ဒီယာတွေကို စတင်ဖွဲ့တည်လာရာကနေ စျေးကွက်တင်နိုင်တဲ့ အခြေအနေအထိ ရောက်ဖို့ဆိုရင် ကျရှုံးမှုတွေ တစ်ခုပြီးတစ်ခု ကျော်ဖြတ်နိုင်ဖို့ လိုပါတယ်။ အဲဒီလို ကျရှုံးမှုတွေကို ကျော်ဖြတ်ဖို့ ဆိုတဲ့နေရာမှာလည်း အချိန်မရွေး၊ အဆင့်မရွေး ကြုံနိုင်ပါတယ်။ နောက်ဆုံး အဆင့်ရောက်နေပြီ ဆိုတဲ့အချိန် မှာတောင် ပြဿနာတွေက ရှိနေဦးမှာ ဖြစ်ပါတယ်။

                ဘယ်လောက် အိုင်ဒီယာကောင်းပါစေ၊ ဘယ်လောက် စာရင်းဇယားတွေအရ အလုပ်ဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်နေပါစေ၊ ကျရှုံးသွားနိုင်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။ အဲဒီလို အချိန်မရွေး Fail ဖြစ်နိုင်တာကို သိထားပြီး အလောင်းအစား အရမ်းဆန်တာမျိုး မဖြစ်စေဖို့ ထိန်းသိမ်းရပါမယ်။ ဒါပေမယ့် စွန့်စားလိုတဲ့ စိတ်ဓာတ်ကိုလည်း မြှင့်တင်ထားဖို့ လိုပါလိမ့်မယ်။ 

                အဲဒီလို အစွန်းနှစ်ဖက် လွတ်တဲ့ အခြေအနေတစ်ခုကို ရွေးချယ်လျှောက်လှမ်းပြီး ကိုယ့်အိုင်ဒီယာတွေ အလုပ်ဖြစ်လာအောင် ဆောင်ရွက်ရပါမယ်။ ရှေ့ဆက်ရပါမယ်။

                အရမ်းပြီးပြည့်စုံတဲ့ အိုင်ဒီယာတွေနဲ့ နှိုင်းယှဉ်ပြီးလည်း စိတ်ဓာတ်မကျပါနဲ့။ တကယ်ကိုယ်တွေ့နေရတဲ့ အိုင်ဒီယာက အထပ်ထပ် ကောင်းသထက် ကောင်းအောင် ဖန်တီးပြီးသား အိုင်ဒီယာ ထုတ်ကုန် ဖြစ်နေလို့ပါ။ တကယ်တန်း သူတို့ စခဲ့တဲ့ ပထမဦးဆုံး အခြေအနေကို ပြန်ကြည့်ရင် အများကြီး ကွာခြားနေတာ တွေ့ရပါလိမ့်မယ်။ အခုလို Perfect ဖြစ်တဲ့ အဆင့်တစ်ခုကို ရောက်ဖို့ သူတို့တွေ အနေနဲ့ အရှုံးတွေ အကြိမ်ကြိမ် ရင်ဆိုင် ဖြတ်သန်းခဲ့ရတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ 

                ပီကာဆို အနေနဲ့ အနုပညာနဲ့ ပတ်သက်တဲ့ ဖန်တီးမှုပေါင်း ၂ သောင်းခန့် (တကယ်တော့ ငါးသောင်းလောက် ရှိတယ်လို့ ဆိုကြပါတယ်) ဖန်တီးခဲ့ပြီး တကယ်တန်း အောင်အောင်မြင်မြင် ဖြစ်တဲ့ အနုပညာ ဖန်တီးမှုအရည်အတွက်က သူ တစ်သက်လုံး ဖန်တီးလာတဲ့ ပမာဏနဲ့ နှိုင်းယှဉ်ရင် အနည်းငယ်ပဲ ရှိပါတယ်။ အိုင်းစတိုင်း အနေနဲ့လည်း စာတမ်းပေါင်း ၂၅၀ ခန့်ပြုစုပြီး တကယ်တန်း အောင်မြင်တဲ့ စာတမ်းက အနည်းငယ်ပဲ ရှိခဲ့ပါတယ်။


                အပိုင်း (၁) ကတော့ ဒီလောက်ပဲ ဖြစ်ပါတယ်။ မကြာမီ တင်ဆက်သွားမယ့် အပိုင်း (၂) မှာတော့ “အောင်မြင်တဲ့ အိုင်ဒီယာကို ဘယ်လို ရွေးချယ်ရမလဲ?”“ဆန်းသစ်တီထွင်မှု ရှိသော အိုင်ဒီယာတွေကို အနီးကပ် ဘယ်လို လေ့လာမလဲ?”၊ စတာတွေကို အသေးစိတ် ရေးသားသွားမှာပါ။

                ယခုဆောင်းပါးကိုတော့ Smashing Magazine က ဆောင်းပါးနဲ့ ကျွန်တော့်အမြင်ကို ပေါင်းစပ်ပြီး ရေးထားတာ ဖြစ်ပြီး ပုံအများစုကို Smashing Magazine မှ ရယူထားပါတယ်။

References
Smashing Magazine PropHix
About Author
Assinged Tags
Features Innovative Ideas Creativity BrainStorming Mind Mapping Literal Thinking Linear Thinking Innovative Potential Research And Development
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed