ပြည်ပမှာ iPhone ထုတ်လုပ်ဖို့အတွက် အခက်အခဲတွေရင်ဆိုင်နေရတဲ့ Apple ကုမ္ပဏီဟာ ဒေါ်လာ တစ်ဘီလီယံ လျာထားချက်နဲ့ US ထဲမှာပဲ စက်ရုံတည်ဆောက်ဖို့ ကြိုးစားလျက်ရှိပါတယ်။
ဒီအစီအစဉ်ရဲ့ ပထမဆုံးအဆင့်အနေနဲ့ Apple ဟာ Kentucky ပြည်နယ်၊ Harrodsburg မြို့မှာရှိတဲ့ Corning ရဲ့ Gorilla Glass ထုတ်လုပ်ရေးစက်ရုံမှာ ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှပ်နှံသွားဖြစ်ကြောင်း သောကြာနေ့က တရားဝင်ကြေငြာသွားခဲ့ပါတယ်။
Apple ဟာ Corning ကုမ္ပဏီက ထုတ်လုပ်တဲ့ Gorilla Glass တွေကို iPhone, iPad ပထမမျိုးဆက်ကတည်းက စွဲစွဲမြဲမြဲအသုံးပြုခဲ့တာဖြစ်ပြီး၊ နောက်ထပ်ဖုန်း၊တက်ဘလက်အသစ်တွေမှာလည်း Gorilla Glass ကိုပဲ ဆက်လက်အသုံးပြုဖို့ရှိပါတယ်။
“အမြဲတီထွင်ဆန်းသစ်မှုတွေပြုလုပ်နေတဲ့ Supplier ကုမ္ပဏီကောင်းတစ်ခုကို ပြပါဆိုရင် Corning ကိုပဲ ပြရမှာပါ။ Apple နဲ့ ကာလရှည်လက်တွဲလာတဲ့ Supplier တွေထဲမှာ သူတို့လည်း ပါဝင်ပါတယ်။”
လို့ Apple ရဲ့ COO (လုပ်ငန်းလည်ပတ်မှုကြီးကြပ်ရေးအရာရှိချုပ်) Jeff Williams က သောကြာနေ့က ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။
“ ကျနော်တို့ကုမ္ပဏီနှစ်ခုပူးပေါင်းခဲ့တာက လွန်ခဲ့တဲ့ ၁၀ နှစ်၊ ပထမဆုံး iPhone ထုတ်ကတည်းကပါ။ အခုဆို တစ်ကမ္ဘာလုံး၊ ဘယ်နေရာကနေဖြစ်ဖြစ် iPhone ဒါမှမဟုတ် iPad ဝယ်တဲ့ Customer တိုင်းဟာ အမေရိကားမှာ ထုတ်လုပ်ထားတဲ့ ဖန်သားတွေကိုပဲ ထိတွေ့အသုံးပြုရမှာဖြစ်ပါတယ်။ ဒီလို ကာလကြာရှည်လက်တွဲနိုင်ခဲ့မှုအပေါ် ကျနော်တို့ဘက်က တကယ်ကိုဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီနေ့မှာတော့ တီထွင်ဆန်းသစ်ထုတ်လုပ်မှုပိုင်းမှာ ဂုဏ်သတင်းကြီးမားတဲ့ Corning ကုမ္ပဏီဆီမှာ ကျနော်တို့ ထပ်မံရင်းနှီးမြှပ်နှံသွားမှာဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။”
Corning ဟာ Apple ဆီက ရရှိတဲ့ ဒေါ်လာ သန်း ၂၀၀ ကို အကြမ်းခံမှန်သားအသစ်တွေ ထုတ်လုပ်ဖို့အတွက် စက်ပစ္စည်း၊ ဖန်သားထုတ်လုပ်မှုလုပ်ငန်း၊ သုတေသနနဲ့ တီထွင်မှုအပိုင်းမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
“Harrodsburg မှာ ရှိတဲ့ ကျနော်တို့ စက်ရုံဟာ ဖန်သားနည်းပညာပိုင်းမှာ ကမ္ဘာ့အချက်အချာကျ အကောင်းဆုံးစင်တာတစ်ခုအဖြစ် ဆက်လက်တည်ရှိနိုင်အောင် ဒီရင်းနှီးမြှပ်နှံမှုကို အသုံးချသွားမှာပါ။”
လို့ Corning CEO Wendell Weeks က ပြောကြားခဲ့ပါတယ်။
Join Us On